သျှမ်းသံတော်ဆင့် သတင်းဌာန (Shan Herald Agency for News) ၏ အင်္ဂလိပ်ဘာသာအပိုင်းတွင် အချိန်ပိုင်း တည်းဖြတ်သူ (အချိန်ပိုင်း) အဖြစ် လုပ်ကိုင်နေသော စိုင်းအောင်မိန်းသည် ဩဂုတ်လ ၉ ရက်နေ့မနက်ပိုင်းတွင် ကွယ်လွန်သွားခဲ့သည်။
ဩဂုတ်လ ၁၀ ရက် မနက်ပိုင်းတွင် ၎င်း၏နေအိမ်ရှိရာ သျှမ်းပြည်၊ နမ့်ခမ်းမြို့တွင် စိုင်းအောင်မိန်း၏ ဈာပနအား ၎င်း၏မိသားစုဝင်များမှ ပြုလုပ်ပေးခဲ့ပြီး သျှမ်းသံတော်ဆင့်မှလည်း ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့သည်။
စိုင်းအောင်မိန်းသည် သျှမ်းသံတော်ဆင့် သတင်းဌာနတွင် ၂၀၂၅ ဖေဖော်ဝါရီလမှ အင်္ဂလိပ်ဘာသာအပိုင်းတွင် အချိန်ပိုင်း တည်းဖြတ်သူအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး ကွယ်လွန်သည့်အချိန်အထိ သတင်းများကို ဘာသာပြန်တည်းဖြတ်ခြင်းကို မရပ်မနားဆောင်ရွက်ခဲ့သည်။
နိုင်ငံတကာမြန်မာ့သတင်း (Burma News International-BNI) တွင်လည်း Development Secretary အဖြစ် ၂၀၀၅ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ဆောင်ရွက်ခဲ့ပြီး လူမှုကူညီရေးနှင့် အဖွဲ့အစည်းများတွင် စေတနာ့ဝန်ထမ်းအဖြစ် နှစ်များစွာလုပ်ကိုင်ခဲ့သည်။
“အင်္ဂလိပ်ဘာသာစကားက စိုင်းအောင်မိန်းရဲ့ မိခင်ဘာသာစကားမဟုတ်ပေမယ့်၊ အင်္ဂလိပ်ဘာသာ သတင်းများကို တည်းဖြတ်ရာမှာ သျှမ်းပြည်ရဲ့ အရေးကိစ္စတွေကို ရှင်းရှင်းလင်းလင်းနဲ့ နိုင်ငံတကာစာဖတ်ပရိတ်သတ်တွေအတွက် စိတ်ဝင်စားမှုမြင့်တက်စေခဲ့ပါတယ်၊ ကျနော်တို့ကို ထောက်ပံ့ပေးနေတဲ့ အရည်အချင်းရှိတဲ့၊ ယုံကြည်ရတဲ့၊ မိတ်ဆွေလုပ်ဖော်ကိုင်ဖက်တစ်ယောက်ဆုံးရှုံးသွားတာဟာ အတတ်ပညာပိုင်းဆိုင်ရာဆုံးရှုံးမှုသာမက ကျနော်တို့ရဲ့ စိတ်ဝိဉာဉ်ပိုင်းဆိုင်ရာ ဆုံးရှုံးမှုကြီးတစ်ခုလည်း ဖြစ်ပါတယ်” ဟု သျှမ်းသံတော်ဆင့် သတင်းဌာန၏ အမှုဆောင်အရာရှိ စိုင်းဖူးမိန်းက ပြောသည်။
စိုင်းအောင်မိန်းကွယ်လွန်မှုသည် သျှမ်းပြည်အရေးကို နိုင်ငံတကာသိအောင်ဖော်ပြမှုပြုရာ၌ ကြီးမားသောဆုံးရှုံးမှုကြီးဖြစ်ရုံမက သျှမ်းလူထုအတွက်လည်း လူတော်တစ်ဦး ဆုံးရှုံးသွားရခြင်းဖြစ်သည်။
“သျှမ်းထဲမှာလူတော်တစ်ယောက်၊ သျှမ်းပြည်၊ သျှမ်းလူထုအတွက် အများကြီးအကျိုးရှိတဲ့သူ၊ သူက တယူသန်တဲ့ သျှမ်းမျိုးချစ်တစ်ယောက်မဟုတ်ဘူး အားလုံးနဲ့လိုက်လျောညီထွေနေတတ်တယ်၊ သူ့လိုလူမျိုးကို ဆုံးရှုံးရတယ်ဆိုတာ သူ့အတွက်ရော အားလုံးအတွက်ရော အခွင့်အရေးတစ်ခုဆုံးရှုံးသွားတာဖြစ်တယ်” ဟု သျှမ်းသံတော်ဆင့် တည်ထောင်သူ ဦးခွန်စိုင်းက ပြောသည်။
စိုင်းအောင်မိန်းသည် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ဇာတိဖြစ်ပြီး မန္တလေး ဆေးတက္ကသိုလ်၊ City University Hong Kong၊ Lee Kuan Yew School of Public Policy – NUS၊ Payap University၊ Deakin University – Australia တို့တွင် ပညာသင်ကြားခဲ့ပြီး သျှမ်းအသိုင်းအဝိုင်းတွင် လူတော်တစ်ဦးအဖြစ် လူသိများခဲ့သည်။
သျှမ်းသံတော်ဆင့််သတင်းဌာန အတွက်လည်း စိုင်းအောင်မိန်းကွယ်လွန်ခြင်းသည် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုဖြစ်ခဲ့သော်လည်း ၎င်း၏တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့မှုများကို မှတ်တမ်းတင်ဂုဏ်ပြုထားမည်ဖြစ်ပြီး အရည်အသွေးရှိသော သတင်း၊ အကြောင်းအရာများကို ၎င်းရှိစဉ်အချိန်ကဲ့သို့ ဆက်လက်ထုတ်လုပ်သွားနိုင်ရန် ကြိုးစားသွားမည် ဖြစ်ပါသည်







Leave a Comments