နောင်ချိုမြို့လယ် ဗလီနှင့် နေပါလီ ဂေါ်ရခါး ဓမ္မသာလာတို့ကို စစ်ကောင်စီ ချိတ်ပိတ်၊ တရားဟောဆရာပါ ဖမ်းဆီးခံရဟုဆို

သျှမ်းပြည် နောင်ချိုမြို့လယ်ရှိ အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုရာ ဗလီနှင့် ဟိန္ဒူဘုရားကျောင်းပိုင် ဈေးဆိုင်ခန်းတို့ကို စစ်ကောင်စီဘက်က ချိတ်ပိတ်လိုက်ကြောင်း တရားဟောဆရာနှင့် ဂေါပကများကိုလည်း ဖမ်းဆီးထားကြောင်း စုံစမ်းသိရသည်။

ဇူလိုင်လ ၁၅ ရက်တွင် နောင်ချိုမြို့ကို စစ်ကောင်စီတပ်မှ အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ပြီးနောက် မြို့ပေါ်ရပ်ကွက်များရှိ TNLA နှင့် DPLA တို့ကို ထောက်ခံအားပေးသူများအဖြစ် စွပ်စွဲခံရသူများ၏ နေအိမ် (၂၀) ခန့်ကို စစ်ကောင်စီတပ်က ချိတ်ပိတ်သိမ်းဆည်းလိုက်သည်။

ထိုထဲတွင် နောင်ချိုမြို့လယ် ဈေးရပ်ကွက် ပြည်ထောင်စုလမ်းမကြီးဘေးရှိ အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုရာ ဗလီနှင့် ဟိန္ဒူဘုရားကျောင်းပိုင် နေပါလီ ဂေါ်ရခါး ဓမ္မသာလာ လေးထပ်တိုက် ဈေးဆိုင်ခန်းနှင့် တည်းခိုခန်းတို့လည်း ဇူလိုင်လ တတိယပတ်အတွင်း အလားတူ ချိတ်ပိတ်ခံလိုက်ရကြောင်း ဒေသခံများက ပြောသည်။

“ဗလီ ချိတ်ပိတ်ခံရတာ ဟုတ်တယ်၊ ခွင့်ပြုချက်မရဘဲ ဗလီကို ပြင်ထားလို့ ပိတ်ခိုင်းတာလို့ ကြားတာ။ ဟိန္ဒူဘုရားကျောင်းက ဓမ္မသာလာ လေးထပ်တိုက်လည်း ချိတ်ပိတ်ခံရတယ်၊ ဘုရားကျောင်းကတော့ ဘာမှ မလုပ်ဘူး။ အဲ့တာလည်း ဘုရားကျောင်းပိုင်တွေလေ၊ အောက်ထပ်က ဆိုင်ဖွင့်ပြီး အပေါ်ထပ်က တည်းခိုခန်း လုပ်ထားတာ။ ဆေးအနီနဲ့ ကြက်ခြေခတ်သွားတယ်”ဟု နောင်ချိုမြို့မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နောင်ချိုမြို့လယ် ဈေးရပ်ကွက်ရှိ တစ်ခုတည်းသော ဗလီကို ခွင့်ပြုချက်မရှိဘဲ အဆောက်အဦ ပြုပြင်ခဲ့ကြောင်း စစ်ကောင်စီဘက်က အကြောင်းပြကာ ချိတ်ပိတ်လိုက်ပြီး တရားဟောဆရာနှင့် ဂေါပကများကိုပါ ဖမ်းဆီးထားကြောင်း ဒေသခံများက ပြောဆိုသော်လည်း သျှမ်းသံတော်ဆင့်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

ပုံစာ – ၂၀၂၃ နိုဝင်ဘာလအတွင်း နောင်ချိုမြို့လယ် ဗလီ ပြုပြင်နေစဉ် (ဓာတ်ပုံ-ဒေသခံ)

အလားတူ ဈေးရပ်ကွက်ရှိ ဟိန္ဒူဘုရားကျောင်းပိုင် နေပါလီ ဂေါ်ရခါး ဓမ္မသာလာ လေးထပ်တိုက်ကိုလည်း နောင်ချိုမြို့ကို TNLA ထိန်းချုပ်ထားစဉ် အငှားချထားသည့် ဈေးသည်များမှ TNLA နှင့် PDF များအား အကူအညီပေးသည်ဟုဆိုကာ စစ်ကောင်စီတပ်၏ အလားတူ ချိတ်ပိတ်ခံလိုက်ရကြောင်း ဒေသခံများက ပြောသည်။

“ဗလီကတော့ ဘုရားကျောင်းပေါ့။ ဟိန္ဒူဘုရားကျောင်းပိုင် ၄ ထပ်တိုက်ကတော့ သာသနာ့မြေပေါ်မှာ ဆိုင်ဆောက်ထားတာ၊ အဲ့ကနေရတဲ့ငွေနဲ့ ဘုရားကျောင်းကို လည်ပတ်တာပေါ့။ အဲ့မှာ ဆိုင်ငှားတဲ့လူတွေက PDF တွေကို အကူအညီပေးတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ပိတ်လိုက်တယ်။ အကုန်လုံးလည်း ဟိုပြေးဒီပြေးနေတော့ သတင်းအတိအကျလည်း နောက်မှရတာ၊ ဘယ်သူမှလည်း ဒီအကြောင်းကို မအော်ပေးရဲဘူး”ဟု ဟိန္ဒူဘုရားကျောင်းနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ်တွင် တောင်းခမ်းဘက်ရှိ ကျေးရွာများသို့ နေရပ်ပြန်လာသည့် စစ်ဘေးရှောင်များကို TNLA ၊ DPLA နှင့် PDF ထောက်ခံသူများဟု စွပ်စွဲကာ စစ်ကောင်စီတပ်သားများက ဖမ်းဆီးစစ်ဆေးမှုများ ရှိနေပြီး နေရပ်ပြန်စစ်ရှောင် (၃၀) ကျော် ဖမ်းဆီးခံထားရကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ၂၀၂၁ အာဏာသိမ်းချိန်မှ စ၍ အာဏာတည်မြဲရေးအတွက် စစ်ရေးလုပ်ဆောင်မှုများထဲတွင် ဘာသာရေးခေါင်းဆောင်များ၊ အဆောက်အဦများအား ပစ်မှတ်ထားလာခြင်းကြောင့် မြန်မာနိုင်ငံသည် ဘာသာရေးလွတ်လပ်ခွင့် ဆက်လက်ဆိုးရွားနေဆဲဖြစ်ကြောင်း နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်အဖွဲ့ (USCIRF) ၏ ယမန်နှစ် ၂၀၂၄ အောက်တိုဘာလ ၃၁ ရက်က ထုတ်ပြန်သည့် အစီရင်ခံစာထဲ ဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News