အင်အားမဂ္ဂနီကျု ၇.၇ အဆင့်ရှိသည့် မန္တလေးငလျင်ကြီး လှုပ်ခတ်ပြီးနောက် ၃ လကျော်ကာလအတွင်း နောက်ဆက်တွဲငလျင်အသေးစား မကြာခဏလှုပ်ခတ်မှုကြောင့် စိုးရိမ်ထိတ်လန့်မှုဖြင့် သတိဝိရိယထား နေထိုင်ရကြောင်း ငလျင်ဒဏ်ခံရသူများက ပြောဆိုသည်။
ယနေ့ (ဇူလိုင်လ ၁၆ ရက်) နံနက် ၃ နာရီခွဲဝန်းကျင်တွင် မန္တလေးမြို့နှင့် ကျောက်ဆည်မြို့ကို ဗဟိုပြုပြီး အင်အားမဂ္ဂနီကျု ၄.၇ အဆင့်နှင့် ၄.၉ အဆင့်ရှိသည့် နောက်ဆက်တွဲငလျင်လှုပ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့သည်။
ထိုငလျင်ဒဏ်ကြောင့် မန္တလေးမြို့၊ ကျောက်ဆည်မြို့အပြင် သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသတွင်လည်း ငလျင်လှုပ်ခတ်မှုဒဏ်ကို ခံရကြောင်း ဒေသခံများက ပြောသည်။
“အရင် ပထမအကြိမ် လှုပ်တုန်းကလို ဖြစ်တော့မှာလား ဆိုတဲ့စိတ်နဲ့ စိုးရိမ်မိတယ်။ ဒီမနက်ဆိုရင် ငလျင်က သိသိသာသာလှုပ်တော့ လန့်ပြီးနိုးလာတာ၊ ကျနော်တို့ဆိုရင် ငလျင်လှုပ်လို့ အိမ်ပြင်ထွက်နေတာ တော်တော်နဲ့ အိမ်ထဲပြန်ဝင်မအိပ်ရဲဘူး” ဟု မန္တလေးဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်တွင် မြန်မာနိုင်ငံအတွင်း ၇.၇ အဆင့် အင်အားပြင်းငလျင်ကြီး လှုပ်ခတ်ပြီး ၃ လကျော်အတွင်း နောက်ဆက်တွဲ မြေငလျင်လှုပ်ခတ်မှု အကြိမ်ပေါင်း ၂၀၀ ကျော် ရှိခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
အလားတူ သျှမ်းပြည် တောင်ကြီးမြို့နှင့် အင်းလေးဒေသတို့တွင်လည်း ငလျင်လှုပ်ခတ်မှုကို သိသိသာသာ ခံစားခဲ့ရပြီး အချို့ဒေသခံများသည် အလန့်တကြား နိုးလာကြပြီး၊ အဆောက်အဦ အပြင်ဘက်သို့ ထွက်ပြေးခဲ့ရကြောင်း ဒေသခံများက ပြောသည်။
“အင်းလေးဒေသမှာလည်း ဒီမနက် ငလျင်လှုပ်တယ်၊ သိသိသာသာကြီးကို လှုပ်တယ်။ ၄.၆ ဝန်းကျင်လောက် ပြင်းအားရှိမယ် ထင်တယ်။ ကြောက်တာပေါ့၊ ကျနော်ဆိုရင် ပြန်မအိပ်ရဲဘူး” ဟု အင်းလေးဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မတ်လ ၂၈ ရက်တွင် မန္တလေးငလျင် လှုပ်ခတ်မှုကြောင့် ငလျင်ဒဏ် အကြီးအကျယ်ခံစားခဲ့ရသည့် အင်းလေးဒေသသည် လက်ရှိအချိန်ထိ ပြန်လည်ထူထောင်ရေး မပြီးသေးသည့်အပြင် နောက်ဆက်တွဲ ငလျင်အသေးစားနှင့် ရေကြီးမှုလည်း ထပ်မံကြုံတွေ့နေရကြောင်း ၎င်းက ပြောသည်။
အင်းလေးဒေသအတွင်း ငလျင်ဒဏ်ကြောင့် စီးပွားရေးလည်း နလံမထူနိုင်သေးသကဲ့သို အိမ်များလည်း ပြန်မဆောက်နိုင်သေးချိန် ငလျင်ထပ်မံလှုပ်ခတ်၍ ထပ်ဆုံးရှုံးရမည်ကိုလည်း တွေးကာ စိတ်ပူနေကြောင်း အင်းလေးဒေသခံများက ပြောဆိုသည်။
အလားတူ ဇူလိုင် ၁၄ ရက် ညနေ ၃ နာရီဝန်းကျင်တွင်လည်း သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့ အနီးတစ်ဝိုက်ကို ဗဟိုပြု၍ အင်အားမဂ္ဂနီကျု ၄.၉ အဆင့် မြေငလျင် လှုပ်ခတ်ခဲ့ကြောင်း သိရသည်။







Leave a Comments