၂၀၂၁ ခုနှစ် စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် လူငယ်အများအပြားက နေရပ် စွန့်ခွါပြီး မိမိဘဝ တိုးတက်ရာ တိုးကြောင်း ရှာဖွေနေကြေပါတယ်။ ထိုလူငယ်များထဲတွင် သျှမ်းပြည် တောင်ပိုင်းက သျှမ်းလူငယ် စိုင်းပင်းဖ (Liam) လဲနိုင်ငံစွန့်ခွါပြီး စပိန်နိုင်ငံ တက္ကသိုလ်တခုမှာ ပညာသွားရောက်ဆည်းပူးနေ ပါတယ်။
ဘာ့ကြောင့် စပိန်နိုင်ငံကို ရွေးပြီး ပညာသွားသင်ရပါသလဲ။ ဘယ်လိုအခွင့်အလှမ်းတွေ ရအောင်ရှာဖွေပြီး အနောက်တိုင်းမှာ ဘယ်လိုရုန်းကန် နေထိုင်နေရပါသလဲ ဆိုတာကို သျှမ်းသံတော်ဆင့် အလုပ်သင် သတင်းထောက် စိုင်းဟန်မော(ဝ်) က ဆက်သွယ်မေးမြန်းထားသည်။
မေး။ ။ အများစုက USA တို့လို Japan တို့လိုသွားနေတဲ့ချိန်မှာ ဘာလို့ စပိန်နိုင်ငံကိုရွေးချယ်ဖြစ်တာလဲ။
ဖြေ။ ။ စပိန်က စျေးသက်သာပြီး၊ ယေဘုယျအားဖြင့် Human Rights နဲ့ အခွင့်ရေးတွေအများကြီးပဲပေါ့နော်။ တစ်ခြားနိုင်ငံထက်စာရင် ဒီမှာပိုပြီး ငြိမ်းချမ်းတယ် (Peaceful) ဖြစ်တယ်ပေါ့။
မေး။ ။ စပိန်နိုင်ငံကို သွားဖို့ ဘာတွေပြင်ဆင်သွားတာလဲ။
ဖြေ။ ။ ဗီဇာနဲ့ GED ပေါ့၊ ပြီးရင်အဓိက ပိုက်ဆံ၊ ပိုက်ဆံမရှိရင် မရဘူးလေနော်၊ Showe Money ပြတုံးဆို အများကြီး ပြရတယ်၊ ပိုက်ဆံမရှိရင် မလာနဲ့ Show Money မပြနိုင်ရင် Visa က ရမှာမဟုတ်ဆိုပြီး ကျောင်းက ပြောတော့ စိတ်ဓာတ် အရမ်းကျခဲ့ရတယ်၊ ဒါပေမယ့် ကြိုးစားချင်စိတ်နဲ့ မိဘတွေရဲ့ ကြိုးစားအားပေး မှုတွေကြောင့် ဒီလိုရောက်လာရတယ်။ ဗီဇာကတော့ ထိုင်း ဘန်ကောက်က စပိန်သံရုံးမှာသွားလုပ်ရတယ်၊ အင်တာဗျူးကတော့ ကျောင်းကို ဆက်သွယ်ပြီး သူတို့နဲ့ပဲပြော ခက်ခဲတွေပြောပြတော့၊ သံရုံးသွားတဲ့ချိန် ထပ်မဗျူးတော့ဘူး။
မေး။ ။ ကိုယ်လုပ်ချင်တာနဲ့ တက်နေတဲ့ ဘာသာရပ်က အံဝင်ခွင်ကျဖြစ်နေပြီလား၊ ဘာကြောင့်ရွေးချယ်တာလဲ။
ဖြေ။ ။ အဓိက ကျနော့်အိမ်မက်တစ်ပိုင်းတစ်စဖြစ်တဲ့ Software Engineer အတွက် အခုတက်နေတဲ့ ဘာသာရပ် က အထောက်အကူဖြစ်စေမယ်လို့ ယုံကြည်တယ်။ ရှေ့ဆက်အလုပ်ကောင်းကောင်းလုပ်နိုင်ဖို့ ရွေးချယ်တာပါ။
မေး။ ။ စပိန်စစရောက်ချင်း ကြုံတွေ့ရတဲ့ အခက်အခဲစိန်ခေါ်မှုတွေဘယ်လိုရှိလဲ။
ဖြေ။ ။ စစရောက်တုံးက ဘာမှမသိဘူးရယ်၊ Culture Shock တွေဖြစ်တယ်၊ အစားသောက်တွေလဲ မကြိုက်ဘူး၊ မနေနိုင်ဘူးပေါ့နော်၊ ရှေ့ဆက်ဖို့ အံဝင်ခွင်ကျဖြစ်အောင် အရမ်းခက်ခဲတယ်၊ နိုင်ငံခြားသားတစ်ယောက်အနေနဲ့ သူတို့နဲ့ ပေါင်းဖို့ဆိုတာအရမ်းခက်တယ်၊ ကိုယ့်ယဉ်ကျေးမှုနှင့် သူတို့ယဉ်ကျေးမှု ပေါင်းစပ်ဖို့ဆိုတာ အရမ်းခက် တယ်။
မေး။ ။အဲ့ဒီစိန်ခေါ်မှုတွေကို ဘယ်လိုကျော်ဖြတ်ခဲ့ရလဲ။
ဖြေ။ ။ လိုက်လျောညီထွေစွာ နေထိုင်မှုကြောင့်လို့ ပြောလို့ရတယ်၊ အချိန်တွေကြာလာတာနဲ့အမျှ အံ့ဝင်ခွင်ကျဖြစ် သွားတာပဲပေါ့နော်။ ပြီးတော့ အတွေ့အကြုံတွေ ကနေလဲ ကျော်ဖြတ်သွားနိုင်တာပေါ့။
မေး။ ။ စပိန်နိုင်ငံက ပညာရေးစနစ်နဲ့ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ် ကွာခြားချက်တွေကို ပြောပြပေးပါအုံး။
ဖြေ။ ။ အရမ်းကွာခြားတယ်၊ ယေဘုယျအားဖြင့် မြန်မာနိုင်ငံက အလွတ်ကျက်တဲ့ ပုံစံမျိုးမဟုတ်ဘူး၊ ကျောင်းက နိုင်ငံတကာကျောင်းဆိုတော့ နိုင်ငံခြားကဆရာတွေပဲသင်တာ တစ်နေ့ကို Study လုပ်ရင် အကြာကြီးလဲ မလုပ်ရဘူး၊ အဓိကတော့ ကျောင်းသားတွေ စိတ်ဖိစီးမှု ဖြစ်စေမယ့်ဟာ သူတို့ မလုပ်ဘူး။
မေး။ ။ အနာဂတ်မှာ ကိုယ်ဖြစ်ချင်တဲ့ အိမ်မက်ရှိလား၊ ဘယ်လိုလဲ ဆိုတာပြောပြပေးပါအုံး။
ဖြေ။ ။ ကိုယ်ခြေထောက်ပေါ်ကိုရပ်တည်နိုင်ခြင်တာက အိမ်မက်တစ်ခုပေါ့နော်၊ မိဘတွေဘယ်လောက်ပဲ ထောက်ပံ့ပါစေ သူတို့ရဲ့ငွေတွေမလိုချင်ဘူး၊ ကျနော်တို့ဆီမှာလဲ ကိုယ့်ဘဝကို ဖန်တီးဖို့ အခွင့်ရေးရှိတာပဲလေ၊ သူတို့ပေးတဲ့ဟာပဲယူပြီး သူတို့လက်အောက်မှာပဲမနေချင်ဘူး၊ ဒါကြောင့် လွတ်လပ်ပြီး ကိုယ့်အားကိုယ်ကိုး နိုင်ဖို့က ကျနော့်ရဲ့ အကြီးဆုံးအိမ်မက်ပဲ။ ခုလဲ ကိုယ့်ဘာသာအလုပ်လုပ်ပြီး ကိုယ့်ဘာသာ ပြန်ထောက်ပံ့နေတာ ပေါ့။
မေး။ ။ လက်ရှိ ကိုယ့်ဝင်ငွေနဲ့ကိုယ် ကျောင်းတက်နေတယ်ဆိုလို့ ဘယ်လို အခက်ခဲနဲ့ ကြုံတွေ့နေရလဲ၊ အဲ့ဒီအခက်ခဲကို ဘယ်လိုရင်ဆိုင် ကျော်ဖြတ်နေလဲ။
ဖြေ။ ။ အလုပ်လုပ်တာ စိတ်ဖိစီးမှုအများကြီးကြုံ ရတယ်၊ ကျနော်က ကြယ်ငါးပွင့်ဟိုတယ်မှာ Hospitality Host အနေနဲ့လုပ်ရတော့ စကားအများကြီးပြောရတယ်၊ စောဒက တက်တာခနခနကြုံရတယ်၊ ပိုက်ဆံအများကြီးပေးပြီး တည်းရတာမို့ သူတို့မျှော်မှန်းထားသလိုမဖြစ်ရင် စောဒက တက်ကြတာ၊ ကိုယ့်ရဲ့ ဂုဏ်သတင်းအတွက်လဲ သိပ်မကောင်းဘူးပေါ့၊ ခုနပြောသလို ကြာလာတော့ အတွေ့အကြုံကပဲ လမ်းပြပြီး ကျော်ဖြတ်ရတာပေါ့။
မေး။ ။ စပိန်ရောက်ပြီးချိန်ကစ အခုချိန်ထိ မေ့မရတဲ့ အမှတ်တရ လေးတွေမျှဝေပေးပါအုံး။
ဖြေ။ ။ သူတို့က စကားကိုသွယ်ဝိုက်မပြောဘဲ တိုက်ရိုက်ပြောတာကလွဲရင် သဘောကောင်းကြပါတယ်၊ ကျနော် ကျောင်းပိတ်တဲ့ချိန်ဆို သူငယ်ချင်းက သူတို့အိမ်မှာ လချီပြီး နေခိုင်းတယ်၊ သူတို့မိဘက ကိုယ့်ကို သူတို့သား အရင်းလို ဆက်ဆံတာ၊ ပေါ်တူဂီနိုင်ငံ ကိုတောင်ခေါ်သွားလည်တယ်၊ ဒါမေ့မရတဲ့အမှတ်တရ တစ်ခုပဲ။ နောက်တစ်ခုက ဘာစီလိုနာ မှာ မော်ဒယ်သွားလုပ်တာ၊ ကျောင်းပိတ်တဲ့ချိန် ဘာစီလိုနာမြို့ကိုသွားပြီး မော်ဒယ်အေဂျင်စီနဲ့ချိတ်ပြီး ခနလုပ်လိုက်သေးတယ်၊ အကြီးကြီးလိုမျိုးမဟုတ်ဘူးပေါ့၊ အမှတ်တရတွေပါပဲ။
မေး။ ။ နောက်ပြီး နိုင်ငံခြားမှာကျောင်းတက်ချင်နေတဲ့ လူငယ်များအတွက် ဘာများအကြံပေးချင်လဲ။
ဖြေ။ ။ ဒါအကောင်းဆုံး မေးခွန်းပါပဲ၊ နိုင်ငံခြားမှာကျောင်းတက်ဖို့ ငွေက ပြဿနာဆိုတာထင်ကြတယ်၊ ဒါပေမယ့် တစ်ခါရံက ပိုက်ဆံက ပြဿနာမဟုတ်ဘူး၊ ကိုယ့်ရဲ့ နေထိုင်မှုပုံစံ နဲ့ဆိုင်တယ်လို့ပြောရမယ် ဘာလို့လဲဆိုတော့ သင်ဟာ ကိုယ့်အနာဂတ်နဲ့ အိမ်မက်ရည်မှန်းချက် အတွက် ကြုံရမယ့် စိန်ခေါ်မှုကို ရင်ဆိုင်ဖို့ ယုံကြည်ချက်မရှိလို့။ ကျနော်ပြောချင်တာက ကိုယ့်ကိုယ်ကိုယုံကြည်ပါ၊ ကြိုးစားရင်ဘာမဆို လုပ်နိုင်မှာပါ၊ စိတ်ဓာတ်မကျပါနဲ့၊ ယုံကြည်မှုရှိတာက အရေးကြီးဆုံးပဲလို့ ပြောချင်ပါတယ်။
မေး။ ။ ယခုလို ဒေသမတူအချိန်မတူ၊ မအားမလပ်တဲ့ကြားဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဖြေ။ ။ ကျေးဇူးတင်ပါတယ်။







Leave a Comments