ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်အတွင်း မှောင်ခိုတင်သွင်းလာသည့် ICE မူးယစ်ဆေးဝါး ကီလို ၅၀၀ ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် မေလ ၁၃ ရက် ည ၁၁ နာရီ မိနစ် ၄၀ ခန့်တွင် ချင်းရိုင်ခရိုင် ရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါး တာဆီးနှိမ်နင်းရေးအဖွဲ့တို့ ပူးပေါင်း၍ သံသယဖြစ်ဖွယ် အဖြူရောင်ကားတစ်စီးကို စစ်ဆေးခဲ့ရာ ကားအတွင်းမှ ဝှက်ထားသော ICE မူးယစ်ဆေးဝါးများကို သိမ်းဆည်းရမိကြောင်း ထိုင်းအာဏာပိုင်းများ က မေလ ၁၄ ရက်နေ့၌ သတင်းထုတ် ပြန်သည်။
အဆိုပါကားပေါ်မှ ပါလာသူများသည် ကားကိုစွန့်ပစ်ထားခဲ့ပြီး ကပ်လျက်ပါလာသည့် ပစ်ကပ်ထရပ်ကားပေါ်သို့ အမြန်ခုန်တက်ကာ ထွက်ပြေးလွှတ်မြောက်သွားကြောင်း သိရသည်။
ကားပေါ်တွင် တစ်အိတ်လျှင် အလေးချိန် ၂၅ ကီလိုဂရမ်ခန့်ရှိသော ICE မူးယစ်ဆေးဝါး အိတ်ပေါင်း ၂၀ အိတ် တွေ့ရှိခဲ့ပြီး စုစုပေါင်း ၅၀၀ ကီလိုဂရမ်ခန့်ရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထိုICE မူးယစ်ဆေးဝါးများသည် လာအို-မြန်မာ-ထိုင်း နယ်စပ်ဒေသဖြစ်သော ရွှေတြိဂံနယ်မြေမှ လက်နက်ကိုင် မူးယစ်ရာဇအဖွဲ့များ၏ ပစ္စည်းများဖြစ်ဖွယ်ရှိသည်ဟု သိရသည်။







Leave a Comments