ထိုင်းနိုင်ငံတွင် ၁၀ နှစ်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဝီဂါလူမျိုး Uyghurs (၄၀) ကျော်ကို တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ခြင်းကြောင့် ထိုင်းအစိုးရအဖွဲ့ဝင်များကို အမေရိကန်နိုင်ငံမှ ဗီဇာကန့်သတ် ပိတ်ပင်လိုက်ကြောင်း ယမန်နေ့ (မတ်လ ၁၄ ရက်) ရက်စွဲဖြင့် ကြေညာလိုက်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၇) ရက်တွင် ထိုင်းနိုင်ငံအတွင်း ထိန်းသိမ်းခံထားရသည့် ဝီဂါ (၄၀) ဦးကို တရုတ်နိုင်ငံသို့ အတင်းအကြပ် ပြန်ပို့ခဲ့သည့် ဖြစ်စဉ်တွင် တာဝန်ရှိသော ယခင်နှင့် လက်ရှိ ထိုင်းအစိုးရအဖွဲ့ဝင်များအပေါ် ဗီဇာကန့်သတ်ချက်များ ချမှတ်ခြင်းဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio က ပြောသည်။
ထိုင်းအစိုးရအဖွဲ့ဝင်များကို ဗီဇာကန့်သတ်သည့် မူဝါဒကို ချက်ချင်း အကောင်အထည်ဖော်မည်ဟု ဆိုသော်လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကြေညာချက်တွင် ဗီဇာကန့်သတ် ပိတ်ပင်ခံရမည့် ထိုင်းအရာရှိများ၏ အမည်များကို ဖော်ပြထားခြင်း မရှိပေ။

ဝီဂါလူမျိုး Uyghurs များအပေါ် ကျူးလွန်ခဲ့သည့် တရုတ်နိုင်ငံ၏ ကာလရှည်ကြာ လူမျိုးတုန်း သတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကြောင့် ဝီဂါနှင့် အခြားသော ဘာသာရေးအုပ်စုများကို တရုတ်နိုင်ငံသို့ အတင်းအကြပ် ပြန်မပို့ရန် ကမ္ဘာတဝှမ်းရှိ အစိုးရများကိုလည်း အမေရိကန်က တိုက်တွန်းထားသည်။
ထိုင်းနိုင်ငံမှ ဝီဂါ (၄၀) ကျော်ကို တရုတ်နိုင်ငံသို့ ပြန်ပို့ခြင်းနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံဘက်မှ ၎င်းတို့ကို တရားစွဲဆိုမည်မဟုတ်ကြောင်း ကတိပေးထားပြီး ထိုင်းနိုင်ငံတွင် (၁၀) နှစ်ကြာ နေထိုင်ပြီးနောက် အိမ်ပြန်ပို့ရမည့် အချိန်ရောက်ပြီဖြစ်ကြောင်း လက်ရှိထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်၏ ဖခင်ဖြစ်သူ သက်ဆင် ရှင်နာဝပ်က ထိုင်းမီဒီယာ The Nation တွင် ဖြေကြားထားသည်။

ထိုင်းအစိုးရမှ ဝီဂါများကို တရုတ်သို့ ပြန်ပို့ခြင်းကြောင့် ထိုင်းနိုင်ငံအတွင်း ဗုံးဖောက်ခွဲမှုများ ဖြစ်လာနိုင်ကြောင်း ဘန်ကောက်မြို့အခြေစိုက် အမေရိကန်သံရုံးမှ ၂၀၁၅ ခုနှစ် ဘန်ကောက်မြို့လယ်ရှိ တရုတ်နိုင်ငံသားများ လာရောက်လေ့ရှိသည့် လေးမျက်နှာဘုရား ဗုံးပေါက်ကွဲမှုနှင့် ဆက်စပ်ပြီး ကြေညာချက် ထုတ်ပြန်ထားသည်။
အလားတူ တရုတ်နိုင်ငံသို့ ပြန်ပို့ခံရသည့် ဝီဂါ (၄၀) ကျော်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရခြင်း မရှိဘဲ မိသားစုနှင့်အတူ ပြန်လည်နေထိုင်ပြီး ထိုင်းအစိုးရ တာဝန်ရှိသူများ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း ဘန်ကောက်မြို့အခြေစိုက် တရုတ်သံရုံးက ဖေဖော်ဝါရီ (၂၈) ရက်တွင် ထုတ်ပြန်ခဲ့သည်။
တရုတ်နိုင်ငံတွင် မွတ်ဆလင်လူနည်းစုဖြစ်သည့် ဝီဂါလူမျိုးများ လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်ခံနေရကြောင်း လူ့အခွင့်အရေးအဖွဲ့များက စွပ်စွဲထားပြီး တရုတ်နိုင်ငံအစိုးရမှ ပြန်လည်ငြင်းဆိုထားသည်။







Leave a Comments