သျှမ်းမြောက်၊ လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်-ရပခ နှင့် ကျောက်မဲမြို့ အခြေစိုက် စကခ (၁) တို့ ကျဆုံးသွားသော်လည်း ရမခ တိုင်းမှူးသစ်နှင့် စကခမှူးသစ်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် က ထပ်မံ ခန့်အပ်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဩဂုတ်လ ၁၂ ရက်) တွင် ပြောသည်။
ကျဆုံး ရမခ တိုင်းမှူးသစ် အဖြစ် တပ်မတော်လေ့ကျင့်ရေးရုံးမှ ဗိုလ်ချုပ်မြင့်ကျော်ထွန်း၊ ကျဆုံး ကျောက်မဲ စကခ (၁) တပ်မှူး အဖြစ် ကလောမြို့ စစ်ဦးစီး တက္ကသိုလ် သင်တန်းမှူး ဗိုလ်မှူးကြီးဟိန်းထက်နောင် တို့ကို ခန့်အပ်ခဲ့ကြောင်း ဆိုသည်။
“ရမခ လက်အောက်မှာက ခုတိုက်နေတဲ့ သီပေါ၊ မူဆယ်နဲ့ နမ့်လန် ကျန်မယ်။ ရမခ တိုင်းမှူး အသစ်နဲ့ စကခမှူး အသစ်က ခိုလန်မှာ ထိုင်ပြီးတော့ တပ်တွေ ပြန်စုဖွဲ့ရမယ့် သဘောပါ” ဟု ၎င်းကရှင်းပြသည်။
ထို့အပြင် ကလောမြို့ စစ်ဦးစီးတက္ကသိုလ်မှ ဗိုလ်မှူးကြီး လင်းနိုင်စိုး ကို မန္တလေး နန်းတွင်း အခြေစိုက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိုင်းမှူးနှင့် စစ်ဦးစီးတက္ကသိုလ်မှ ဗိုလ်မှူးကြီးဇော်မင်းထက် ကို တပ်မ (၁၀၁) တပ်မမှူး အဖြစ် ခန့်အပ်ခဲ့ကြောင်း သိရသည်။
ရမခ အခြေစိုက်ရာ လားရှိုးမြို့ကို ကိုးကန့် ပူးပေါင်းတပ် တိုက်ခိုက်နေစဉ် ယင်းကာလ တိုင်းမှူးဖြစ်သူ ဗိုလ်ချုပ်စိုးတင့် ဖြုတ်ချ ခံခဲ့ရပြီး ၄င်းနေရာတွင် မူဆယ်၌ အထိုင်ချထားသည့် တပ်မ (၉၉) တပ်မမှူး ဗိုလ်မှူးချုပ်စိုးလှိုင် (DSA- 42) အား အစားထိုး ခန့်အပ်ခဲ့သည်။
ယင်းနောက် ဩဂုတ်လ ၃ ရက်နေ့ လားရှိုး ရမခ ကျဆုံးချိန်အထိ တိုင်းမှူးသစ်ဖြစ်သူ ဗိုလ်မှူးချုပ်စိုးလှိုင် လားရှိုးသို့ ရောက်မလာဘဲ မူဆယ်တွင် သောင်တင်နေပြီးနောက် ယခုကဲ့သို့ ထပ်မံ အစားထိုး ခန့်အပ်ခြင်း ဖြစ်သည်။
ထို့အတူ မန္တလေးမြို့ နန်းတွင်း အခြေစိုက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်-လပခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်အောင်လွင် မိုးကုတ်မြို့ တိုက်ပွဲ အတွင်း ဆုတ်ခွာခဲ့မှုဖြင့် စစ်ခုံရုံးတင် စစ်ဆေးခံနေရပြီးနောက် ၎င်းနေရာကို ဗိုလ်မှူးကြီးလင်းနိုင်စိုး ဖြင့် အစားထိုး ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်နေ့ လားရှိုး အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ကျဆုံးပြီးနောက် စစ်ကောင်စီသည် စစ်ပွဲဖြစ်စဥ်များကို ပြန်လည် သုံးသပ်ပြီး သွေးသစ်လောင်းမှုများ ပြုလုပ်နေရာ ဗိုလ်မှူးကြီး ကျော်မျိုးထိုက် ရေးမြို့နယ် အခြေစိုက် စကခ (၁၉) မှူး၊ ဗိုလ်မှူးကြီး ကျော်စွာဝင်း ကို မိုင်းပန် စကစ (၁၇) မှူး၊ ဗိုလ်မှူးကြီး ကျော်ထက် တေင်ကုတ် စကခ (၅) မှူး၊ ဗိုလ်မှူးကြီးသန်းစိုး အင်းတိုင် တပ်မ (၁၁) တပ်မမှူး စသည်ဖြင့် အစားထိုး ခန့်အပ်ခဲ့ကြောင်း သိရသည်။







Leave a Comments