Sunday, July 14, 2024

သျှမ်းလူငယ်ညီလာခံမှ ဖက်ဒရယ်သျှမ်းပြည် ပြန်လည်ထူထောင်ရေး မူဝါဒကိုင်စွဲမည်ဟု ကြေညာ

Must read

သျှမ်းလူငယ်ညီလာခံမှ ဖက်ဒရယ်သျှမ်းပြည် ပြန်လည်ထူထောင်ရေး မူဝါဒအပါအဝင် ရပ်တည်ချက် (၆)ခု ကိုင်စွဲ၍ ရှေ့ဆက်လုပ်ငန်းစဉ်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

သျှမ်းလူထု အခြေပြု အရပ်ဘက်အဖွဲ့အစည်း (၂၀) ကျော်မှ လူငယ်များ တက်ရောက်ခဲ့သည့် ပထမအကြိမ် “တိုင်း”လူငယ်ထု ညီလာခံကို မေလ (၁၃) ရက်မှ (၁၅) ရက်နေ့အထိ ထိုင်း-မြန်မာ နယ်စပ်တစ်နေရာတွင် ကျင်းပခဲ့ပြီး သဘောထားနှင့် ဆုံးဖြတ်ချက် (၃) ရပ်ကို ချမှတ်ခဲ့ကြသည်။

သျှမ်းလူငယ် အစုအဖွဲ့များအနေဖြင့် ကဏ္ဍအသီးသီးတွင် ချိတ်ဆက်ညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်သွားရန် ကိုယ်စားပြုအဖွဲ့အစည်းများမှ ကိုယ်စားလှယ် ပါဝင်သည့် လုပ်ငန်းကော်မတီကို ဆက်လက်ဖွဲ့စည်းပြီး ဖက်ဒရယ်သျှမ်းပြည် ပြန်လည်ထူထောင်ရေး မူဝါဒအပါအဝင် ရှေ့လုပ်ငန်းစဉ် ရပ်တည်ချက် (၆)ခုကို ဇွန်လ (၇) ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

“ဖက်ဒရယ်သျှမ်းပြည်လို့ ပြောတဲ့နေရာမှာ အဓိက အနှစ်သာရနဲ့ ပြည့်ဝတဲ့ ဖက်ဒရယ်စနစ်ပေါ့။ ဖက်ဒရယ်စနစ်ကတော့ နေရာဒေသအလိုက် ကွဲပြားမှုရှိတယ်၊ သို့ပေမယ့်လည်း ကျနော်တို့ သျှမ်းပြည်နဲ့ ကိုက်ညီတဲ့ ဖက်ဒရယ်စနစ်တစ်ခု ကိုယ့်နေရာ ကိုယ့်ဒေသအလိုက် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ပေါ့”ဟု လုပ်ငန်းကော်မတီ ပြောရေးဆိုခွင့်ရှိသူ စိုင်းလောဝ်ဆိုင်ခေးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းလူငယ်ထု ညီလာခံမှ ရှေ့ဆက်လုပ်ငန်းစဉ်များအဖြစ် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေး၊ အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဖက်ဒရယ်သျှမ်းပြည် ပြန်လည်ထူထောင်ရေး၊ သျှမ်းအမျိုးသား သွေးစည်းညီညွတ်ရေး၊ သျှမ်းအမျိုးသား ပညာရေးစနစ်၊ လူ့အခွင့်အရေး၊ သဘာဝအရင်းအမြစ်နှင့် ပြည်သူအကျိုးစီးပွား ကာကွယ်ရေး စသည့် မူဝါဒများအတိုင်း ရပ်တည်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

“နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းမယ်ဆိုရင် ဖက်ဒရယ်ဒီမိုကရေစီ ရမှသာလျှင် ဒီအကြပ်အတည်းတွေကို ဖြေရှင်းနိုင်မှာဖြစ်တယ်။ ဒါကြောင့်မလို့ ကျနော်တို့က ဖက်ဒရယ်ဒီမိုကရေစီနဲ့ပဲ သွားမယ်။ အတူတကွ ယှဉ်တွဲနေထိုင်ရေးမူအပေါ် ရပ်တည်ပြီးတော့မှ ဖက်ဒရယ်သျှမ်းပြည်ကို ထူထောင်မယ်”ဟု စိုင်းလောဝ်ဆိုင်ခေးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

မေလအတွင်း (၃) ရက်တာ ကျင်းပခဲ့သည့် သျှမ်းလူငယ်ထု ညီလာခံတွင် သျှမ်းအမျိုးသား နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ အကြပ်အတည်း ပြဿနာများကို အဖြေရှာရာတွင် လူငယ်ထုတို့၏ အသံနှင့် ပါဝင်မှု အားကောင်းလာစေရန် ရှေ့ဆက်အတူအကွ လုပ်ဆောင်နိုင်မည့် လမ်းကြောင်းများ ပေါ်ထွက်လာနိုင်ရန် ရည်ရွယ်ကာ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ညီလာခံအတွင်း သျှမ်းလူမှုနိုင်ငံရေးတွင် ဦးဆောင်နေသည့် နိုင်ငံရေးပါတီများ၊ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများနှင့် လူမှုရေး၊ ပညာရေးကဏ္ဍများတွင် ဦးဆောင်နေသည့် အဖွဲ့အစည်းများအား ဖိတ်ကြားကာ ၎င်းတို့၏ လုပ်ဆောင်ချက်၊ ရပ်တည်ချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“လက်ရှိတိုက်ပွဲဖြစ်နေတဲ့ အဖွဲ့အစည်းတွေကလည်း ဖက်ဒရယ်ကို လိုချင်တယ်လို့ တရားဝင် ကြေညာထားတယ်။ အများစုကတော့ ဖက်ဒရယ်စနစ်ကို လက်ခံတယ်။ ဒါပေမယ့် ဘယ်လို ဘယ်ပုံစံ ဖက်ဒရယ်လဲဆိုတာကတော့ ကျနော်တို့ကြားမှာ ပြန်ပြီးတော့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာရမှာ ဖြစ်တယ်”ဟု လက်ရှိနယ်မြေစိုးမိုးမှု အခြေအနေကို စိုင်းလောဝ်ဆိုင်ခေးက ဆက်ပြောသည်။

ဖက်ဒရယ်သျှမ်းပြည် (Federated Shan States) အဖြစ် အင်္ဂလိပ်ခေတ်တွင် သျှမ်းပြည်အတွင်းရှိ စော်ဘွား၊ မြို့စားနှင့် ငွေခွန်မှူးတို့ကို ဒေသတွင်း အုပ်ချုပ်စီမံခန့်ခွဲမှု အာဏာပေးအပ်ကာ ၁၉၂၂ ခုနှစ် အောက်တိုဘာလ ၁ ရက်တွင် အိန္ဒိယဘုရင်ခံချုပ်၏ ခွင့်ပြုချက်ဖြင့် ဖက်ဒရယ်စနစ်ကို စတင်ကျင့်သုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖက်ဒရယ်သျှမ်းပြည်အဖြစ် ပြန်လည်အသက်သွင်းခြင်းသည် ပြည်နယ်တည်ဆောက်ရေးအတွက် အရေးကြီး လိုအပ်ချက်ဖြစ်ကြောင်း သျှမ်းပြည် ညီညွတ်ရေးကော်မတီ (CSSU) ၏ ၂၀၂၂ ဖေဖော်ဝါရီ (၇) ရက်က ထုတ်ပြန်ကြေညာခဲ့သည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူဝါဒ ကြေညာစာတမ်းတွင် ရေးသားဖော်ပြထားသည်။

Leave a Comments

- Advertisement -spot_img

Latest article