Wednesday, January 28, 2026

ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် ပထမဆုံးအကြိမ် ရဟန်း/လူပုဂ္ဂိုလ် ၇၈ ဦးကို ဘွဲ့ချီးမြှင့်ပေးအပ်

သျှမ်းပြည် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်မှ ပထမဦးဆုံးအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပခဲ့ပြီး ရဟန်းသံဃာ/လူပုဂ္ဂိုလ် ၇၈ ဦးကို ဘွဲ့ချီးမြှင့်အပ်နှင်းပေးခဲ့ကြောင်း စုံစမ်းသိရသည်။

ရှမ်းဗုဒ္ဓတက္ကသိုလ် ဘွဲ့နှင်းသဘင်

ယမန်နေ့ (ဇန်နဝါရီလ ၂၁ ရက်) မွန်းလွဲ ၁ နာရီမှ စတင်၍ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ရှိ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်တွင် ပထမဦးဆုံးအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားကို ကျင်းပခဲ့ပြီး ဘွဲ့ရ ရဟန်းသံဃာ/လူပုဂ္ဂိုလ် ၇၈ ဦးတို့ကို ဘွဲ့ချီးမြှင့်အပ်နှင်းပေးခဲ့ကြောင်း ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ထံမှ သိရသည်။

“ဘွဲ့လက်ခံရယူမယ့် စာသင်သား ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်အနေနဲ့ စုစုပေါင်း ၇၅ ဦး ရှိတယ်။ ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်တာ ၃ ဦးနဲ့ဆိုရင် စုစုပေါင်း ၇၈ ဦးကို ဘွဲ့ချီးမြှင့်ပေးနိုင်ခဲ့တယ်။ အခုမှ သျှမ်းပြည်ဗုဒ္ဓတက္ကသိုလ်ကနေ ပထမဆုံး ဘွဲ့နှင်းသဘင် ကျင်းပတာဖြစ်တယ်”ဟု ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်မှ မော်ကွန်းထိန်းဆရာတော် ဒေါက်တာအရှင်ပဏ္ဍဝ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရှမ်းဗုဒ္ဓတက္ကသိုလ် ဘွဲ့နှင်းသဘင်

ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်၏ ပထမအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် ပါရဂူဘွဲ့ရ (၁) ဦး၊ မဟာဝိဇ္ဇာဘွဲ့ရ (၃၃) ဦး၊ ပါဠိနှင့်ဗုဒ္ဓစာပေ ဘွဲ့လွန်ဒီပလိုမာ (၁၈) ဦး၊ စာကြည့်တိုက်စီမံခန့်ခွဲမှုပညာ ဘွဲ့လွန်ဒီပလိုမာ (၁၃) ဦး၊ သျှမ်းပုရပိုက်စာပေ ဝိဇ္ဇာဘွဲ့ရ (၉) ဦးနှင့် ဒီပလိုမာဘွဲ့ရ (၁) ဦး၊ စုစုပေါင်း (၇၅) ဦးတို့ကို တက္ကသိုလ်အဓိပတိ အောက်စဖိုဒ့်ဆရာတော် ‌ဒေါက်တာ ခမ်းမိုင် ဓမ္မသာမိမှ ဘွဲ့လက်မှတ် ချီးမြှင့်အပ်နှင်းပေးခဲ့သည်။

လက်ရှိပေးအပ်သည့် ဘွဲ့သည် ၂၀၁၈ခုနှစ် ပညာသင်နှစ်မှ ၂၀၂၃ ခုနစ်အထိဖြစ်ကြောင်း သိရသည်၊

“ ပြောရရင် သျှမ်းပြည်ဗုဒ္ဓတက္ကသိုလ်က ဖွင့်လာတာ ၈ နှစ်ရှိပြီ၊ ပညာသင်နှစ် အနေနဲ့ဆိုရင် ၆ နှစ်ထဲ ရောက်လာပြီ။ ဒီ ၆ နှစ်အတွင်းမှာ ပထမဆုံး ဘွဲ့ပေးအပ်တာ ဖြစ်တဲ့အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ကြရပါတယ်”ဟု မော်ကွန်းထိန်းဆရာတော် ဒေါက်တာအရှင်ပဏ္ဍဝ မှ သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ထို့အပြင် ရန်ကုန်မြို့နေ ပါမောက္ခ ‌ဒေါက်တာအောင်ထွန်းသက်နှင့် ကနေဒါနိုင်ငံနေ Dr. Peter Skilling တို့ နှစ်ဦးအား ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်၏ ဂုဏ်ထူးဆောင် ပါမောက္ခ အဖြစ် အပ်နှင်းပြီး သျှမ်းစာပေ သမိုင်းပညာရှင်ဖြစ်သူ ပါမောက္ခ စိုင်းခမ်းမိုင်း ကို ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဘွဲ့နှင်းသဘင် အခမ်းအနားသို့ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်၏ ဆီးနိတ်အဖွဲ့ဥက္ကဋ္ဌဆရာတော် ဒေါက်တာအရှင်ပညာနန္ဒ ဦးဆောင်၍ သင်ကြာရေးနှင့် စီမံအုပ်ချုပ်ရေးမှ ရဟန်း/လူပုဂ္ဂိုလ် ကထိကများ ကြွရောက်လာပြီး ဘွဲ့ရပုဂ္ဂိုလ်များ၏ မိဘဆွေမျိုးများလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လက်ရှိ ၂၀၂၄-၂၅ ပညာသင်နှစ်တွင် ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်၌ ပါဠိနှင့် ဗုဒ္ဓစာပေ၊ သျှမ်းပုရပိုက်စာပေ တို့ကို ဘွဲ့ကြိုတန်း၊ ဘွဲ့လွန်တန်းများအထိ လေ့လာသင်ယူနိုင်ပြီး စာကြည့်တိုက် စီမံခန့်ခွဲမှုပညာ ဘွဲ့လွန်ဒီပလိုမာအတန်းကိုလည်း တက်ရောက်နိုင်ကြောင်း ကြေညာထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News