Saturday, September 21, 2024

သျှမ်းပုရပိုက်စာ စာဆိုတော် သျှမ်းလူငယ်

Must read

လန်ဒန်မြို့ ဗြိတိသျှ စာကြည့်တိုက်မှာ သုတေသနပြုလုပ်ဖို့ အတွက်သွားရောက်လေ့လာဖို့ Chevening ပညာသင်ဆုရခဲ့တဲ့ စိုင်းဆိုင်လှိုင်း (ခ) မျိုးသန့်လင်းကို သျှမ်းသံတော်ဆင့် မြန်မာပိုင်း အယ်ဒီတာ နန်းဆိုင်နွမ်က ဆက်သွယ်မေးမြန်းထားပါတယ်။

သျှမ်းပုရပိုက်စာဆိုတော် စိုင်းဆိုင်လှိုင်း

စိုင်းဆိုင်လှိုင်း ကတော့ လူငယ်တစ်ယောက်ဖြစ်ပေမယ့် သျှမ်းပုရပိုက်တွေကို ကောင်းမွန်စွာ ရွတ်ဖတ်နိုင်တဲ့သူဖြစ်သလို သျှမ်းပုရပိုက်တွေကို ရေးသားပြုစုနေတဲ့ လူငယ်တစ်ဦးလည်း ဖြစ်ပါတယ်။

ဒါကြောင့် လူငယ်တစ်ယောက်အနေနဲ့ ဘာကြောင့် သျှမ်းစာပေ ပုရပိုက်တွေကို စိတ်ဝင်စားလဲ။ လန်ဒန်မြို့ ဗြိတိသျှ စာကြည့်တိုက်မှာ ဘာတွေ သွားလေ့လာမှာလဲ နဲ့ သူရဲ့ ဘဝ အကြောင်းကို မေးမြန်းထားပါတယ်။

မေး ။ ။ ပထမဆုံး အနေနဲ့ ဆိုင်လှိုင်းရဲ့ ဘဝအကြောင်း နည်းနည်း မိတ်ဆက် ပေးပါအုံး။

ဖြေ ။ ။ ဟုတ်ကဲ့ မင်္ဂလာပါ။ ကျနော် နာမည်ကတော့ စိုင်းဆိုင်လှိုင်းပါ။ လူအများသိတာကတော့ စိုင်းလှိုင်းပေါ့။ ကျနော်ရဲ့ မှတ်ပုံတင်နာမည် ကျောင်းနာမည်ကြတော့ မျိုးသန့်လင်းပါ။

သျှမ်းပုရပိုက်စာဆိုတော် စိုင်းဆိုင်လှိုင်း

ကျနော်ရဲ့ ဇာတိကတော့ ကချင်ပြည် မိုးညှင်းမြို့နယ် ဘီလူးမြို့ကျေးရွာမှာ မွေးဖွားပါတယ်။
ဘီလူးမြို့မှာ ၁၂ နှစ်အရွယ်ထိနေခဲ့ပြီး ကျနော်ရဲ့ အဖေကကြတော့ မူဆယ်မြို့ ဟိုမွန်ရပ်ကွက် မှာ ပန်းဒကာ ပုရပိုက်စာဆိုလာလုပ်တယ်။ အဲ့ကနေ စပြီးတော့မှ ကျနော်တို့ကလည်း တစ်အိမ်သားလုံး လိုက်ပြောင်းလာပါတယ်။

ကျနော် ဆယ်တန်းကို ၂၀၁၁ ပြီးတော့ မိုးညှင်းမြို့ ပညာလင်္ကာရ ဇောတိသျှမ်းကျောင်းကို ကျနော် ရှင်သွားပြုတယ်။ ၂၀၁၁ ကနေပြီးတော့မှ ၂၀၁၄ ထိ ကိုရင်ဝတ်တယ်။ အဲ့ ၃ နှစ် အတောတွင်းမှာ ကျနော်က ပရပိုက်စာပေတွေကို လေ့လာတယ်။ ဖတ်ကြားတယ်။ သင်ယူတယ်။

ကျမ်းစာပြုစုနိုင်တဲ့ထိ တတ်မြောက်လာတယ်။ အဲ့ ၂၀၁၄ မှာ ကျနော်က လူထွက်ပြီးတော့ မူဆယ်ကို ပြန်ရောက်လာတယ်။ ကျနော် ပန်းဒကာ ပုရပိုက် စာဆိုတော် လာလုပ်ပါတယ်။

ကျနော် ဒီအလုပ်ကို ပြန်လာလုပ်ချိန်မှာပဲ ပုရပိုက်စာပေ ရေးသားတာ ဖတ်ကြားတာတွေ ပြုစုတာတွေလုပ်သလို တဖက်မှာလည်း လားရှိုး တက္ကသိုလ်မှာ ကျနော်က အင်္ဂလိပ်မေဂျာ နဲ့ ၂၀၁၄ ကနေ ၂၀၁၉ ခုနစ် ဘွဲ့ရတဲ့အထိ ကျောင်းတက်ခဲ့ပါတယ်။

အဲ့ကနေပြီးတော့၂၀၂၀ ကနေပြီးတော့မှ ၂၀၂၃ ထိ ဗုဒ္ဓတက္ကသိုလ်မှာ ဆရာတော်ကနေပြီးတော့ ပုရပိုက်စာပေအတန်းအသစ်၊ မေဂျာ (major) အသစ်ဖွင့်ပြီး ကျောင်းသားတွေ လက်ခံလို့ရပြီဆိုတော့မှ ကျနော် သွားလျှောက်တယ်။

အင်တာဗျူးတွေ အောင်သွားတော့ ဒီတစ်ပြည်လုံးမှာ အဲ့တုန်းက ပုရပိုက်စာဆိုတော် လူပုဂ္ဂိုလ်ဆိုလို့ရှိရင် ၈ ယောက် ၉ ယောက် ပဲခေါ်တယ်ပေါ့နော်။ အဲ့မှာ ကျနော်လည်း တစ်ယောက်ပါသွားတယ်။ ၂၀၂၃ အထိ ဒီလွန်ခဲ့တဲ့ ဧပြီလကမှ ပြီးသွားတယ်။

ဘွဲ့ကတော့ လာမယ့် ၂၀၂၄ ခုနစ် ဇန်နဝါရီ မှဘွဲ့ ရမယ်။ အခုလောလောဆယ်ကျတော့ ကျနော် ခဏက ပြောတဲ့အတိုင်းပဲ သာရေး၊ နာရေးမှာ ပုရပိုက်စာပေတွေ ဖတ်ကြားတယ်။

သျှမ်းပုရပိုက်စာဆိုတော် စိုင်းဆိုင်လှိုင်း

မေး ။ ။ ပုရပိုက်စာဆိုကို လူငယ်တွေ စိတ်ဝင်စားတာ နည်းပါးတယ်။ ရှားပါးတယ်။ အဲ့ဒါကို ဘာကြောင့် ရွေးချယ်ခဲ့တာလဲ။

ဖြေ ။ ။ လူငယ်တစ်ယောက်အနေ နဲ့ ကျတော့ ပြောရမယ်ဆိုလို့ရှိရင် ဒါက လွယ်လွယ်ကူကူ နဲ့ ဖြစ်လာတဲ့အရာ မဟုတ်ဘူး။ ငယ်စဉ်ကတည်းက ကျနော်ရဲ့ မိဘကျေးဇူးပေါ့။ ဥပမာ – ကျနော်တို့ ဒီဘီလူးမြို့မှာ နေတုန်းကဆိုလို့ရှိရင် ဥပုလ်နေ့ဆိုလို့ရှိရင် ကျနော့်အမေက ဘုန်းကြီးကျောင်းမှာ တရားသွားနာတယ်။ တရားနာ ပြီးပြီဆိုလို့ရှိရင် အိမ်ပြန်ရောက်လာတယ်။ အဲ့တုန်းက ဆိုလို့ရှိရင် ကျနော်တို့က ၅ နှစ် ၊ ၆ နှစ်ပဲ ရှိသေးတယ်။ အဲ့မှာဆိုရင် ကျနော်က ဗီဇထဲမှာ စိတ်ထဲမှာ အမေက တရား ဓမ္မတွေ နှလုံးသွင်းပေးတယ်။ သူနားထောင်လာတဲ့ ဒီစာတော်တွေ၊ ဇာတ်တော်တွေ၊ ဝတ္ထုတွေ၊ တရားအကြောင်းတွေ၊ သီလအကြောင်းတွေ၊ ကျနော်ကိုပြောတယ်။ ကျနော် ခုထက်ထိ နားထဲထိ မှတ်မိနေတုန်းပဲ။ ကျနော် အဖေဆိုရင် သူလည်း ပန်းဒကာလုပ်တယ်။ ပရပိုက်စာပေဟောတယ်။ ဘီလူးမြို့ရှိ ကျေးရွာမှာ သူက ညမှာ ပရပိုက်ဟောပြီး သူပြန်လာပြီဆိုလို့ရှိရင် သူက ကျနော်တို့ကို တရားအကြောင်းတွေကို သင်ပေးတယ်။ အဓိပ္ပာယ်တွေ မသိပေမဲ့လဲ ဗီဇပါသွားအောင် ကျနော်တို့ ထင်တာက အဲ့ကနေ စတယ်ထင်တာပဲ။

ပြီးတော့ ကျနော်တို့ ရွာမှာဆိုလို့ရှိရင် လယ်သမားလုပ်တော့ တစ်အိမ်သားလုံး ပင်ပန်းရတယ်လေ။ ကျနော်လည်း အလကား မနေရဘူး ဒီလယ်တော့ထဲမှာ နွားသွားကျောင်းရတယ်။ ထမင်းချိုင့်တွေ ပို့ရတယ်။ နွာလှည်း မှောင်းရတယ်။ အမေလည်း အလကား မနေရဘူး။ တောင်သူလယ်သမားဘဝဆို တစ်အိမ်သားလုံး လုပ်ရတယ်လေ။

တစ်အိမ်သားလုံး ပင်ပန်းရတယ်။ ဒါမဲ့ ပင်ပန်းရကျိုး ကျတော့ မနှပ်ဘူး။ ဒါမဲ့ ကျနော်တို့ အဖေကျတော့ ပုရပိုက်ဟောတတ်တဲ့ ပညာရှိလို့ သူက မူဆယ်ရောက်လာတယ်။

ကျနော် အဖေက ဒီပုရပိုက်စာပေကို ဟောတဲ့အချိန်ကော ရေးတဲ့အချိန် ကျနော်ကတွေ့ နေရတယ်ဆိုတော့ ကျနော်ရဲ့ နှလုံးသားထဲ ဒီပုရပိုက်စာပေက အလိုလို ရောက်နေတယ်။
ကျနော် ရှင်သွားပြုချိန်မှာ စိတ်ထဲမှာ တစ်ခါတည်း ဆုံးဖြတ်လိုက်ပြီ ကျနော် လူမထွက်သေးဘူး။ ၃ နှစ် နေမယ်။ ပုရပိုက်စာပေကို ဖတ်ကြားတတ်အောင် ပြုစုတတ်အောင် ကျနော် အဖေလိုမျိုး ဖြစ်ချင်တယ်။

အဲ့ကနေစပြီးတော့မှ ကျနော် စိတ်ထဲမှာ ဖြစ်တည်လာတာပေါ့နော်။ အဲ့ကြောင့်မလို့လဲ ကျနော်တို့က မိုညှင်းကျောင်းမှာနေတုန်းက ဆိုလို့ရှိရင် တစ်ရက်ကို ပရပိုက်စာပေ မပြုဆုရတဲ့နေ့ဆိုရင် ကျနော်က မနေနိုင်ဘူး။ ဘယ်လိုပြောမလဲ အချိန်ကို ကိုယ့်ရဲ့ ငယ်ရွယ်တဲ့ ဘဝကို အကျိုးရှိအောင် အသုံးချလာတယ်လို့လဲ ပြောလို့ရမယ်ပေါ့နော်။ အဲ့ကနေ ကျနော်တို့က လေ့လာပြီးတော့မှ ၃ နှစ်လဲပြီးရော ကျနော်တို့က တကယ်လဲ Professional တစ်ယောက်အနေ နဲ့ လုပ်ကိုင်တတ်နေပြီလေ။ ပရပိုက်စာပေကို အဲ့ကနေစပြီးတော့ ကျနော်လဲ လူထွက်ပြီးတာ နဲ့ ကျနော် ပုရပိုက်စာပေလောကမှာ စာဆိုတော် တစ်ယောက် ဖြစ်လာတယ်ပေါ့နော်။ ပြောရမယ်ဆိုလို့ရှိရင် မိဘရဲ့ ဦးဆောင်လမ်းပြတတ်တဲ့ ကျေးဇူးကြောင့် ကျနော် အဲ့လိုဖြစ်လာရတာ ဟုတ်ကဲ့ဗျ။

သျှမ်းပုရပိုက်စာဆိုတော် စိုင်းဆိုင်လှိုင်း

မေး ။ ။ လက်ရှိမှာလဲ လန်ဒန်မြို့မှာရှိတဲ့ ဗြိတိသျှ စာကြည့်တိုက်မှာပေါ့နော်။ Chevening ရဲ့ ထောက်ပံ့ကြေး နဲ့ သုတေသနပြုလုပ်ဖို့ အတွက် သွားလေ့လာရမယ်ဆိုတော့လေ အဓိက ဘယ်လိုအချက်တွေကြောင့် Chevening ကနေပြီး ရွေးချယ်ခဲ့တာပါလဲ။

ဖြေ ။ ။ Chevening ကကျတော့ သူတို့က သူတို့ရဲ့ ရည်ရွယ်ချက်ကကျတော့ ဘယ်လိုပြောမလဲ သူတို့က Leadership ပိုင်းကို ပိုဦးစားပေးတယ်ပေါ့နော်။ လုပ်သက်လဲ ပိုပြီးတော့ ရင့်ရမယ်။ လုပ်တဲ့ အပိုင်းမှာကိုက ဘယ်လိုပြောရမလဲ အနည်းဆုံး ၇ နှစ် ၈ နှစ် ရမယ်။ ကျနော် ထင်တာကျတော့ ကျနော် ဒီမှာလည်း ရှမ်း Language F – Ship ပိုင်းမှာကျတော့ သူတို့ လိုအပ်ချက် ၃ ခု ရှိမယ် လို့ထင်ပါတယ်။ ၁- ကကျတော့ သျှမ်းပရပိုက်စာပေကို ကောင်းကောင်းမွန်မွန် ဖတ်ကြားနိုင်ရမယ်၊ သုတေသန ပြုနိုင်ရမယ်၊၂- ကျတော့ အကယ်ဒမစ် ပညာရေးမှာလဲ အတွေ့အကြုံ ရှိရမယ်။ ၃ – ကျတော့ ဒီ အင်္ဂလိပ် ပိုင်းမှာ ဆိုလို့ရှိရင်လဲ Intermediate ထိ Communicated လုပ်နိုင်တဲ့ အဆင့် ထိ ရှိနိုင်ရမယ်။ ဒါတွေအားလုံးကတော့ ကျနော်မှာ အတွေ့ကြုံ ရှိထားပြီးသား။

ပရပိုက်စာပေဆိုရင်လည်း ကျနော်က ၁၀ နှစ်ကျော် ၁၂ ၊ ၁၃ နှစ် နီးပါး အတွေ့အကြုံရှိပြီ။ ဥပမာ အကယ်ဒမစ် ပညာရေးပိုင်းမှာဆိုလို့ရှိရင် ကျနော်က Government ရဲ့ ဘွဲ့လည်းရထားပြီဆိုတော့ နောက်တစ်ခုကျတော့ အရေးကြီးတဲ့ အပိုင်း ဒီ အကယ်ဒမစ် ပိုင်းမှာဆိုလို့ရှိရင် ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်မှာဆိုလို့ရှိရင် ကျွန်တော်တို့က အောက်စဖိုဒ့်ဆရာတော် နဲ့ နီးနီးကပ်ကပ် ပညာလေ့လာ ခွင့်ရတယ်။ ဥပမာ အက်ဆေး (Essay) တစ်ပုဒ်ကို ဘယ်လိုရေးမလဲ၊ ဟိုဟာ introduction ဘယ်လိုရေးမလဲ၊ Statement ထုတ်မလဲ၊ ဘယ်လိုမျိုး Connection ရှင်းအောင်ရေး ရမလဲ။

ပြီးတော့ ကျွန်တော်တို့ ပုရပိုက်စာပေတွေကို ပတိကပ် နဲ့ ဘယ်လိုမျိုး ခိုင်းနှိုင်းပြီးတော့မှ Br-Re ဘယ်လိုမျိုး ခိုင်နှိုင်းပြီးတော့ ရေးမလဲ ၊ ဘယ်လိုမျိုး စာတမ်း (Thesis) ရေးမလဲ အတွေကြုံတွေကိုလဲ ၃ နှစ်ကာလ ပတ်လုံးကိုလဲ သျှမ်းပြည် ဗုဒ္ဓတက္ကသိုလ် မှာသင်ကြားခဲ့တဲ့ အတွေ့အကြုံတွေရှိတယ်။ အင်္ဂလိပ် မှာဆိုရင် လားရှိုး တက္ကသိုလ် မှာ ကျနော်က အင်္ဂလိပ်မေဂျာ နဲ့ ဘွဲ့ရထားတဲ့ သူဆိုတော့ ဒီ အချက်အလက်တွေ နဲ့ ပြည့်ဆုံတဲ့ အတွက်ကြောင့် ရွေးချယ်ခံရတယ်လို့ ထင်ပါတယ်ဗျ။

သျှမ်းပုရပိုက်စာဆိုတော် စိုင်းဆိုင်လှိုင်း

မေး ။ ။ ဒီပရပိုက်စာပေ နဲ့ ပတ်သက်ပြီး လန်ဒန်မြို့မှာရှိတဲ့ ဗြိတိသျှ စာကြည့်တိုက်မှာ ဒါပထမဦးဆုံး သွားလေ့လာမယ့် အရပ်သားလို့ ပြောလို့ရလား။

ဖြေ ။ ။ ဟုတ်ကဲ့။ ဒီ Chevening Scholarship အောင်တာဆိုလို့ရှိရင် ကျနော် လေ့လာသလောက်ကတော့ ပထမဦးဆုံးလို့ ပြောရမယ်ထင်တယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဒီ သျှမ်းပုရပိုက်စာပေ အတိုင်းဝိုင်းမှာဆိုလို့ရှိရင် ဒီအစိုးရ ဘွဲ့ရတွေ၊ အကယ်ဒမစ် မှာ ဗဟုသုတ ရှိတဲ့ပုဂ္ဂိုလ် သိပ်မရှိဘူးပေါ့ဗျာ။ အများစုကတော့ ဘယ်လိုပြောမလဲ ရိုးရာယဉ်ကျေးမှု ထုံးတမ်း အစဉ်အလာ အတိုင်းပဲ ပုရပိုက်စာပေပြုစုမယ်။ ဖတ်ကြားမယ်။ ဒီ International ထိ ဆက်သွယ် နိုင်တဲ့ပုဂ္ဂိုလ် ကျတော့ မတွေ့သေးဘူးပေါ့နော်။ ကျနော် အထင်က ကျတော့ ကျနော်က ပထမဆုံး ပုဂ္ဂိုလ်လို့ ထင်တယ်ဗျ။

မေး ။ ။ ဗြိတိသျှရဲ့ စာကြည့်တိုက်ထဲမှာဆိုရင် ၁၈ ရာစု ၁၉ ရာစုတွင်းကရှိတဲ့ ရှမ်းဘာသာစကား နဲ့ ရေးသားတဲ့ ၁၀၀ ခန့်ရှိတဲ့ ရိုးရာပုံစံ အနူးစိတ်အလှဆင်တဲ့ ခေါက်စာအုပ်လေးတွေရှိတယ်ပေါ့နော်။ အဲ့တာကိုတစ်နှစ်အတွင်းမှာ လေ့လာရမယ်လို့ပြောတယ်ပေါ့နော်။ ဒီဟာက ကိုယ်ကမူပိုင် သျှမ်းပုရပိုက်ဆိုတဲ့ သျှမ်းလူမျိုးတွေ ရဲ့ မူပိုင်ဖြစ်ပေမဲ့ ဒီဟာကို လန်ဒန်မှာ သွားရောက်လေ့လာရမယ်ဆိုတော့ ဘယ်လို စိတ်ခံစားချက်ရှိလဲ။

ဖြေ။ ။ ဟုတ်ကဲ့၊ အဲ့ဒါကြတော့ ကျနော်တို့ ပုရပိုက်စာပေ၊ ကျနော်တို့က မူရင်းပိုင်ရှင် ဖြစ်ပေမယ့်လည်း ဆိုင်တာဆိုင်တာ မပိုင်တော့ဘူး။ ဒါပေမယ့် အခုထိ စိတ်ခံစားချက်ရှိတာကတော့ အဲ့ဒီမှာ ဗြိတိသျှ စာကြည့်တိုက် မှာကျတော့ ကိုယ်ရဲ့ လူမျိုးခြားတွေပေါ့နော်။ သူတို့ စာပေလည်း မဟုတ်ဘဲနဲ့ အမှန်ဆိုရင် အဲ့လုပ်ရမယ့် တာဝန်က ကိုယ်တို့ သျှမ်းတွေရဲ့ တာဝန်ဖြစ်တယ်။ ကိုယ်တို့ သျှမ်းတွေရဲ့ တာဝန်ကို ဗြိတိသျှ စာကြည့်တိုက်က ထမ်းဆောင်ထားတယ် ဆိုကတည်းက သူတို့ကို အရမ်းချီးကျူးတယ်။ လေးစားတယ်။ အဲ့မျိုးခံစားချက် တော့ရှိတယ်။ ဒါပေမယ့် အဲ့မှာရှိတဲ့ ပရပိုက်စာပေတွေက ၁၈ ရာစု၊ ၁၉ ရာစု နှစ်ပေါင်း ၂၀၀၊ ၃၀၀ လောက်ရှိတယ်ပေါ့နော်။ အဲ့ဒီ အရမ်းကြီး ရှေးကျတဲ့ သျှမ်းစာပေတွေဆိုလို့ရှိရင် တချို့စာအုပ်တွေဆိုလည်း တွေ့ဖူးမယ်၊ တချို့လည်း မတွေ့ဖူးတဲ့ စာပေတွေလည်း ရှိရင်ရှိမယ်။ အဲ့ထဲမှာ ဗဟုသုတတွေ အများကြီး ရှိမယ်။ အဲ့မှာ သွားလေ့လာခွင့် ရမယ်ဆိုတော့ အဲ့မှာက သူတို့ သျှမ်းစာ မဖတ်တတ်တာ သူတို့ရဲ့ (reservation) ထိန်းသိမ်းထားတာတွေ၊ ကက်တလောက် လုပ်တဲ့ပုံစံတွေ၊ ထိန်းသိမ်းတဲ့ပုံစံတွေက အရမ်းကြီး တိကျတယ်။ အရမ်းလည်း ကောင်းမွန်တယ်။ အဲ့နည်းစနစ်တွေ ကျနော်တို့က လေ့လာခွင့်ရမယ်ဆိုတော့ ဘယ်လိုပြောရမှာလဲ စိတ်ထဲမှာ သိန်းထီပေါက်သလိုမျိုး ခံစားရတယ်။ သိန်း တစ်သောင်း၊ နှစ်သောင်း ထီပေါက်ရင် အရမ်းကြီး ခံစားရပြီး ပီတိဖြစ်တယ်။

မေး။ ။ လူငယ် တစ်ယောက်အနေ နဲ့ရော ဒါတွေ လေ့လာခဲ့ပြီးရင် ဘာတွေ ပြန်လုပ်ဖို့ ရှိပါသလဲ။

အဖြေ။ ။ ဒီဟာတွေ အတွေ့အကြုံ သင်ယူပြီးပြီဆိုလို့ရှိရင် သျှမ်းပြည်မှာ လိုအပ်နေတာကျတော့ ၊ ကက်တလောက် list တွေ စာရင်းပြုစုဖို့ လိုအပ်နေတယ်ပေါ့နော်။ မူဆယ်မှာ ဉပမာ အနေနဲ့ ပြောမယ်ဆိုရင် ဟိုမွန်ရပ်ကွက်မှာ စာအုပ်ဘယ်နှစ်အုပ်ရှိသလဲ၊ စာအိမ်မှာ ဘယ်နှစ်အုပ် ရှိသလဲ။ ပြီးတော့ ရှိတဲ့အုပ်ရေက ဘာအမျိုးအစားတွေလဲ၊ ဘယ်သူ ရေးထားသလဲ။ ဘာအကြောင်းရေးထားသလဲ။ အဲ့ဒါ အသေးစိတ် အနူးစိတ် လိုက်လံပြုစု လုပ်ရမယ့် တာဝန်တွေ ရှိတာပေါ့နော်။ ကျနော်တို့ ပြန်လာရင် အဲ့ဒါကို carry up plan တွေရှိတယ်။ ပြီးတော့ ကျနော်တို့ ရိုးရာပရပိုက် အကြမ်းပြုခြင်း နဲ့ ဖတ်ကြားခြင်းကို ကျနော်က အကယ်ဒမစ် Line နဲ့ ထိထိမိမိ တွဲငြိသွားနိုင်အောင် ကြိုးစားချင်တယ်။ ဉပမာ ကျနော်တို့ ပရပိုက်တွေကို ဒီတက္ကသိုလ်ထဲမှာ သွားထည့်မယ်။ တက္ကသိုလ်ထဲမှာ ဒီ International ၊ အကယ်ဒမစ် ဘယ်လိုမျိုး အံဝင်ကွင်ကျ ဖြစ်အောင် ဘယ်လို သင်ကြားမလဲဆိုတာ တောင်ကြီး ဗုဒ္ဓတက္ကသိုလ် နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရှိပါတယ်။ သွားရောက်ကူညီဖို့ အစီစဥ် ချထားတယ်။

မေး ။ ။ လက်ရှိမှာဆိုရင် သျှမ်းပုရပိုက် စာဆိုတွေကကော ဘယ်လောက်ထိရှိလဲပေါ့ လက်ရှိကာလမှာဆိုရင် ခန့်မှန်းခြေ ဘယ်လောက်ရှိပါသလဲ။

ဖြေ ။ ။ ခန့်မှန်းခြေအရဆိုရင် ကျနော်တို့ အများစုကြတော့ ဒီမြောက်ပိုင်းမှာ များတယ်ပေါ့နော် မူဆယ်၊ နမ့်ခမ်းမှာ ဆိုများတယ်ပေါ့နော်။ ဒီမူဆယ် တဝိုက်မှာဆိုလို့ရှိရင် သျှမ်းပရပိုက်စာဆိုတော်ဆိုလို့ရှိရင် ၁၈၀ လောက်ရှိတယ်ဗျ။ တစ်နိုင်ငံလုံး ခြုံငုံပီး ပြောမယ်ဆိုလို့ရှိရင် သျှမ်းပြည်နယ် တစ်ပြည်နယ်လုံးဆိုလို့ရှိရင် ကျနော်တို့ ခန့်မှန်းခြေက ၆၀၀၊ ၇၀၀ လောက်ရှိမယ်ဗျ။ ဒါကတော့ ခန့်မှန်းခြေပါ။ ဒီထက်ပိုရင်လည်း ပိုနိုင်တယ်ပေါ့။

သျှမ်းပုရပိုက်စာဆိုတော် စိုင်းဆိုင်လှိုင်း

မေး ။ ။ လန်ဒန်မြို့ထိ သျှမ်းစာပေ သျှမ်းပုရပိုက်တွေကို သွားလေ့လာမယ့် လူငယ်ဆိုတော့ သျှမ်းစာပေဟာ ဘယ်လောက်ထိ ဂုဏ်ယူစရာကောင်းလဲဆိုတာ ဖြစ်လာနိုင်တယ်။ ဒါ့ကြောင့် စိုင်းလှိုင်းအနေကော ဒါနဲ့ပတ်သက်ပြီးတော့ကော နောင်အနာဂတ်မှာရှိတဲ့ သျှမ်းလူမျိုးတွေ လူငယ်တွေ သျှမ်းဘာသာစကားတွေ မပပျောက်အောင် ဘာတွေပြောချင်ပါသလဲ။

ဖြေ ။ ။ ဟုတ်ကဲ့ ကျနော်တို့က ဘယ်လိုပြောမလဲ။ ကျနော်တို့ တွေ့နေရတယ်ပေါ့နော်။ ခုခေတ်ရေစီးကြောင်း အရပေါ့နော်။ ဘယ်လိုပြောမလဲ အများစုကကြတော့ အင်္ဂလိပ်စကားတို့ တရုတ်စကားတို့ တခြားအဆင့်မြင့်တဲ့ စကားတွေကိုမှ ဦးစားပေးတယ်ပေါ့နော်။ မိဘတွေကလဲ ရိုးရာယဉ်ကျေးမှု ကိုယ့်ရဲ့ စကားကို မျက်ကွယ်ပြုလာတဲ့ အခြေနေ ရောက်လာတယ်ပေါ့နော်။ အဲ့တာကြောင့်မလို့ တချို့ကလေးတွေဆိုလို့ရှိရင် ကိုယ့်ရဲ့ မူရင်း မိခင်ဘာသာစကားကိုလဲ မပြောတတ်တာလဲ ဖြစ်လာပြီပေါ့နော်။ အဲ့ဒါ ကာကွယ်ဖို့ ဆိုလို့ရှိရင် ကျနော်တို့ မိဘတွေပေါ်မှာ မူတည်တယ်ပေါ့နော်။ အခုအနေ နဲ့လဲ ကျနော်တို့က ကြိုးစားပြတယ်ပေါ့နော်။ ကိုယ့်ရဲ့ မူရင်းမိခင်ဘာသာ၊ ပုရပိုက်စာပေ၊ ရိုးရာယဉ်ကျေးမှု အနေနဲ့လည်း International ထိရောက်နိုင်ပြီ အဲ့ကြောင့်မလို့ ကျွန်တော်တို့ရဲ့ ဘာသာစာပေကို မျက်ကွယ်မပြုဖို့ ၊ ပြီးတော့ ကျွန်တော်တို့ ရဲ့ နောင်လာမဲ့ မျိုးဆက်သစ်တွေ သားသမီးတွေကိုလဲ ဒီရိုးရာယဉ်ကျေးမှု ထိတွေ့ခွင်ပြုဖို့ဗျ။

ဥပမာ ကျနော်တို့ တွေ့နေရတာတွေက သားသမီးတွေဆိုလို့ရှိရင် မနက်ပိုင်း တရုတ်ကျောင်းသွားတယ်။ ပြန်လာရင် ကျောင်းသွားပို့၊ ပြန်လာရင် ကျူရှင်သွား အဲ့လိုမျိုး လည်ပတ်နေတယ်။ တစ်ချိန်လုံး တစ်နှစ်ပတ်လုံး ပြီးတော့ ကျနော်တို့ ရိုးရာယဉ်ကျေးမှုဖြစ်တဲ့ ဓမ္မစကူး(လ်) တို့ ဒီဘုန်းကျောင်းကို တရားနာသွားတာတို့ ယဉ်ကျေးမှု နဲ့ ထိတွေ့တာတွေ ခပ်နည်းနည်း ဖြစ်လာတယ်ပေါ့နော်။ ဥပမာ ကျနော်တို့ ကျောင်းမိတ်ဆက်ပွဲ ကာလတွေ ဆိုလို့ရှိရင် သျှမ်းစာပေ သင်ကြားတဲ့ နေရာမှာဆိုရင်လဲ မိဘတွေက တွန်းအားမပေးဘူးပေါ့နော်။

သားသမီးတွေကိုလဲ အဲ့လိုမျိုး ဖြစ်လာတဲ့ခါကျတော့ ဒါတွေကို အလေးဂရုစိုက်ထားပြီးတော့မှ ကြည့်ကြပ် စေချင်တယ်ပေါ့နော်။ ကလေးကို အဓိကတော့ ဒီတခြားဘာသာစကားကို ဘယ်လောက်ပဲ တတ်တတ် ကိုယ့်ဘာသာကို မပိုင်နိုင်သေးရင် ဒါက တစ်ခုခု လိုအပ်နေသေးတယ်ပေါ့နော်။ ဒီ ကျနော်တို့ရဲ့ အနာဂတ် မျိုးဆက်သစ်လေးတွေ ကျနော်တို့ရဲ့ ဒီ ဘာသာ၊ သာသနာ အကျိုးသယ်ပိုးနိုင်အောင် ကိုယ့်ရဲ့ ဂုဏ်ကို မြှင့်တင်နိုင်အောင် ကျနော်တို့ရဲ့ ဘာသာစကားကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍ အနေနဲ့ ကျွန်တော်က တိုက်တွန်းချင်တယ်ဗျ။

Leave a Comments

- Advertisement -spot_img

Latest article