စာအုပ်ဝေဖန်ချက် -မြန်မာနိုင်ငံတော် ပထမဆုံးသမ္မတရာထူးကိုငြင်းပယ်ခဲ့သော တအာင်း (ပလောင်) တိုင်းရင်းသား တောင်ပိုင်စော်ဘွားကြီး စဝ်ခွန်ပန်းစိန်

စာရေးသူ -စိုင်းမင်း (ရှမ်းပြည်နယ် မြောက်ပိုင်း)
ထုတ်ဝေသူ -Yoma Cherry Publishing House၊ ရန်ကုန်။
ထုတ်ဝေရက် -2023 ၊ ဇန္နဝါရီလ။
မကြာမီက ဤစာအုပ်ကို မြန်မာပြည်မှ အလည်ရောက်လာသော မိတ်ဆွေတစ်ဦးထံမှ လက်ခံရရှိတဲ့အတွက် အထူး၀မ်းသာအားရနဲ့လက်ခံရယူပြီးဖတ်ရှုခဲ့ပါတယ်။
ဝမ်းသာရတဲ့အကြောင်းရင်းက-
တစ် – စော်ဘွားကြီးစဝ်ခွန်ပန်းစိန်ကို နဂိုကတည်းကကြည်ညိုလေးစားခြင်း။
နှစ် -စော်ဘွားကြီး၏သားတော်တစ်ပါးဖြစ်သည့် ကွယ်လွန်သူ စဝ်နော်ဖှ (ခေါ်) Eric မှာ၁၉၇၄-၈၈ အထိကျနော်၏ဆရာတစ်ဆူဖြစ်ခဲ့ခြင်း။
သုံး -ကျနော်ကိုယ်တိုင်သည် ပလောင်/တအာင်း လူများစုဖြစ်သည့် တောင်ပိုင်နယ် တွင်မွေးဖွားလာသည့် ရှမ်းတစ်ဦးဖြစ်ခြင်း။
လေး -ကျနော့်မိသားစုသည် ရှမ်းဖြစ်သော်ငြားလည်း လွတ်လပ်မှုတန်းတူမှုဖြင့် နေထိုင် ခွင့်ရခဲ့ခြင်း၊ အနာဂတ်ရှမ်းပြည်အတွက် စံနမူနာတစ်ရပ်ဖြစ်ခဲ့ခြင်း –
တို့ကြောင့်ဖြစ်ပါတယ်။
သို့သော် စာရေးသူက ၀န်ခံထားသည့်အတိုင်းစော်ဘွားကြီး၏ ကိုယ်ရေးရာဇ၀င်မှာ အချက်အလက်များများမရှိပါ။ ရှိသမျှကိုကြည့်ရလျှင် –
မွေးနေ့ -(__) စက်တင်ဘာ၊ ၁၈၉၄
မိဘ -စော်ဘွားကြီး ခွန်ဆင်အွမ်၊ (ခွန်ဆန်အွန်)၊ မယ်တော်
(မှတ်ချက် Wikipedia တွင် Hkun Hsan Gawn ဟုရေးထားသည်မှာ Hkun Hsang Awn ဖြစ်မည်ဟုယူဆပါသည်။ ရှမ်း တွင် Hsan ကိုသုံးလေ့မရှိပါ)
ပညာအရည်အချင်း -တောင်ကြီးမြို့ ရှမ်းစော်ဘွားများကျောင်း (Shan Chiefs School ယခုအမှတ်နှစ်အထက်တန်းကျောင်း) တွင် ၁၉၀၆-၁၉၁၆ အထိပညာသင် ကြားခဲ့
ကြင်ယာတော် မိဖုရား ၆ ဦးနှင့်သားသမီး ၂၃ ဦး၊ မိဖုရား ၃ဦး၏အမည်နာမများမှာ-
ရပ်စောက်စော်ဘွားသမီး စဝ်ခင်နွံ (သားသမီး ၆ ဦး)၊ စဝ်နန်းကျန် (သားသမီး ၄ ဦး) ၊
အဂၤလိပ်မြန်မာက ပြား ဒေါ်ခင်မေမေ (သား သမီး ၁၃ ဦး)
ဖြစ်စဥ် –
၁၉၁၆ -အိမ်ရှေ့စံ (ကျမိုင်း) အဖြစ်ခန့်အပ်ခံရ
၁၉၂၆ -ခမည်းတော်နတ်ရွာစံပြီး စော်ဘွားအရာကိုဆက်ခံရယူ။
၁၉၄၆ -ရှမ်းပြည်စဝ်ဖလုံများကောင်စီ (Shan States Saophalong Council) တွင်ဥက္ကဌအဖြစ်ရွေးကောက်တင်မြှောက်ခံရ။

(မှတ်ချက် ဤကောင်စီကိုပင်လုံညီလာခံအပြီးတွင် ပြည်သူ့ကိုယ်စား လှယ်များပါ၀င်၍ရှမ်းပြည်ကောင်စီ Shan States Council ဟုခေါ် တွင်ခဲ့ပါတယ်။)
၁၉၄၇ -ပင်လုံစာချုပ်ကိုဦးဆောင်လက်မှတ်ထိုးခဲ့
၁၉၅၁-၅၆ -လွှတ်တော်အမတ်
၁၉၆၀ -လွှတ်တော်အမတ်
ထို့အပြင် ပြည်ထောင်စုစက်မှုလက်မှုလုပ်ငန်းဒါရိုက်တာ၊
လက်ဖက်ခြောက်ထုတ်လုပ်ရေးအဖွဲ့ဝင်၊ နမ္မတူမိုင်းဘားမားကော်ပိုရေးရှင်းတွင် မြန်မာ၊ အစိုးရကိုယ်စားလှယ်စသည့်တာ၀န်များကိုထမ်းဆောင်ခဲ့
နတ်ရွာစံသည့်ရက် -18/8/1975၊ ရန်ကုန်။
ယခင်ကတောင်ပိုင်နယ်တွင်
- ပန်ဟိုက် (နမ္မတူ)
- မိုင်းငေါ့
- မန်စံ မိုင်းမု တို့ပါ၀င်ပြီး ယခုလက်ရှိပလောင်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသထက် ကျယ်ပြန့်ကြောင်းသိရပါတယ်။ ဒီထဲမှာ နမ္မတူဘော်တွင်းမှ အခွန်ငွေရရှိတဲ့အ တွက် အခွန်တော်အများဆုံးရရှိတဲ့စော်ဘွားနယ် ၇ နယ်တွင် တတိယမြောက် ဖြစ်တယ် (ပဌမနဲ့ ဒုတိယ ကတော့ သီပေါနဲ့မြောက်သိန္နီဖြစ်ပါတယ်) ၁၉၅၉ မှာ စော်ဘွားများအာဏာစွန့်တော့ ပင်စင်ငွေ အများဆုံး (K 1,867,914) ရရှိခဲ့ပါတယ်။
စော်ဘွားကြီးရဲ့စိတ်နေစိတ်ထားနဲ့လုပ်ရပ်အချို့ကိုလည်းထည့်သွင်းဖေါ်ပြထားဒါတွေ့ရ တယ်။
မောရစ်ကောလစ် (Maurice Collis)၏ နေဝင်ဘုရင်များ (Lords of the Sunset) မှာ “ပြည်သူအပေါ်ပြုမူဆက်ဆံပုံမှာ အိုင်းရစ်လူကြီးလူကောင်းတယောက်က သူ၏ စာရင်းဌား (လယ်သမား) များနှင့်ပြောဆိုဆက်ဆံသကဲ့သို့ဖြစ်သည်” လို့ရေးထားတယ်။ (စာမျက်နှာ 33)
နာမည်ကျော် ပုဒ်မ 10 ရှိသော်လည်း ပြည်သူများအပေါ် ညှာတာစိတ်ထားရှိသူ ဖြစ်တယ် (စာမျက်နှာ 33)။ ဒါဟုတ်မှန်တယ်လို့ ထောက်ခံနိုင်ပါတယ်။ ကျနော့ဦး ကြီးကလွတ်လပ်ရေးရခါစ ပဒေသရာဇ် ဆန့်ကျင်ရေးမှာတက်တက်ကြွကြွပါ၀င်ခဲ့ ပေမဲ့ ထောင်သွင်းအကျဥ်းချဒါပဲခံခဲ့ရတယ်။ အခြားနယ်များလို ရိုက်နှက်သတ် ဖြတ်ထာမျိုးမကြားခဲ့ရဘူး။
လမ်းသွားရင်း လူအုပ်က ဦးညွှတ်အရိုအသေပေးရင် အသိအမှတ်ပြုလေးစားတဲ့ သကေၤတကိုပြတဲ့အနေနဲ့ဆောင်းထားတဲ့ ဦးထုပ်ကိုချွတ်တယ်လို့လဲ မောရစ်ကော လစ်က မှတ်တမ်းတင်ထားတယ်။ (စာမျက်နှာ 33)
မြောက်သိန္နီစော်ဘွား စဝ်ဟုံဖက ရှမ်းပြည်အနာဂတ်ရေးနဲ့ ပတ်သက်ပြီး တည်ဆဲနယ်ရှင်တွေအုပ်စိုးတဲ့ 34 နယ်အစား ပေါင်းစပ်ပြီး 12 နယ်လောက်ထား သင့်တယ်၊ ဒီ 12 နယ်ထဲမှာ တစ်ဦးကို ရှမ်းပြည်တပြည်လုံးကိုအုပ်ချုပ်ဖို့ရွေးသင့် တယ်လို့အကြံပြုဒါကို 1945 နို၀င်ဘာလမှာ စာရေးကန့်ကွက်ခဲ့တယ်။ (စာမျက်နှာ 78-79)။
အကြောင်းပြဒါကတော့
၁. ပြုပြင်ပြောင်းလဲမှုရှိရမယ်ဆိုဒါမှန်တယ်။
ဒါပေမဲ့ ရှမ်းပြည်တဝှမ်းလုံးကို အုပ်ချုပ်ဖို့တစ်ဦးဦးကို ရွေးကောက်တင် မြှောက်နိုင်ရန်အရည်အချင်းပြည့်စုံတဲ့ စော်ဘွားရှိဘို့လိုတယ်။ ဒီလိုလုပ်မဲ့ အစားညီညီညွတ်ညွတ်နဲ့ ဗြိတိသျှတို့ဆီမှ ဥပဒေပြုအာဏာနဲ့ အုပ်ချုပ်မှုအာဏာကို အမြန်ဆုံးတောင်းဆိုသင့်တယ်။ ဦးခေါင်းတစ်လုံးနဲ့ လုပ်သူနဲ့ ဦးခေါင်းငါးလုံးနဲ့ လုပ်သူနိုင်းယှဥ်ကြရင်ဦးခေါင်းများသူကနိုင်စမြဲပါ။
မှတ်ချက် ရှမ်းပြည်တွင် တစ်ဦးတယောက်ခေါင်းဆောင်မှုထက်စုပေါင်းခေါင်း ဆောင်မှုလိုအပ်ကြောင်းအကြံပြုခြင်းဖြစ်ပါတယ်။
ဒါကြောင့် ၁၉၄၆ မှာ မိုင်းကိုင်အစည်းအဝေးကျင်းပ, ပြီး ရှမ်းပြည်စဝ်ဖလုံ ကောင်စီကိုတညီတညွတ်တည်းဖွဲ့တယ်။ ဥက္ကဌ အဖြစ်လဲရွေးကောက်ခန့်အပ် ခြင်းခံရပါတယ်။
ပင်လုံညီလာခံကျင်းပ, နေခိုက် နိုင်ငံတော်၏ပထမဦးဆုံးသမ္မတ အဖြစ်ရွေးခြယ် ရန်ဗိုလ်ချုပ်အောင်ဆန်းကလူအများလေးစားလောက်သော ဥပဓိရုပ်လည်းရှိ၊ စော်ဘွားများအကြားတွင်ပင် တင့်တယ်ခန့်ညားသူလဲဖြစ်သောတောင်ပိုင်စော် ဘွားကြီးကိုမျက်စေ့ကျနေခဲ့တယ်။ ဒီအတွက် ဦးဖေခင်ကို တီးခေါက်ခိုင်းရာ စော်ဘွားကြီးက “မလုပ်ပါရစေနဲ့ ကိုဖေခင်ရာ၊ သမ္မတအိမ်တော်ထဲမှာ ကျနော် ထောင်ကျသလိုဖြစ်နေပါဦးမယ်” ဟုရယ်ကာမောကာဖြင့်တုံ့ပြန်ပြောဆိုပါတယ်။ (စာမျက်နှာ 117-119)
ဒီလိုနဲ့ဒုတိယဥက္ကဌဖြစ်တဲ့ ညောင်ရွှေစော်ဘွားကြီးစဝ်ရွှေသိုက်ကိုရွေးခြယ်ခဲ့ခြင်း ဖြစ်တယ်လို့ဆိုပါတယ်။
ဒီသမ္မတရွေးခြယ်မှုနဲ့ပတ်သက်ပြီး တောင်ကြီး ဦးထွန်းမြင့်ကလဲ သူရဲ့ “အုတ်တစ်ချပ်သဲတစ်ဖွင့်” စာအုပ်မှာရေးထားဒါလဲရှိပါတယ်။ ဖတ်ရှုကြည့်ကြပါ။
စာမျက်နှာပေါင်း 149 မျက်နှာရှိတဲ့ ဒီစာအုပ်ကိုဖတ်ပြီး အားမရ, ပါဘူး။ အခြားရေးသားနိုင်တဲ့ပုဂ္ဂိုလ်တွေ၊ တွေ့ဆုံမေးမြန်းရင်ပြန်ပြောနိုင်မဲ့ သားမြေးဆွေ မျိုးတွေလဲရှိပါဦးမယ်။ ဒါဆိုရင် ပိုမိုစုံစုံလင်လင်ရရှိနိုင်ပါလိမ့်မယ်။
ဒီလိုထူးမြတ်တဲ့ ပုဂ္ဂိုလ်တစ်ဦးအတွက် ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်နည်း တူရုပ်ထုတစ်ရပ်နဲ့ဂုဏ်ပြုသင့်ပါတယ်။ ဖြစ်နိုင်ရင် ပင်လုံစာချုပ်မှာလက်မှတ်ထိုး ခဲ့သူတိုင်းအတွက် အထိမ်းအမှတ်ကိုသူတို့နေထိုင်ရာမြို့တွေမှာထားသင့်ပါတယ်။
စော်ဘွားကြီးနဲ့ပတ်သက်လို့ရေးထားဒါတွေကိုတော့ ကျနော်ထပ်ဖြည့်ဘို့မရှိတော့ ပါဘူး။ သို့သော်ဒီစာအုပ်နဲ့ ပတ်သက်လို့တော့ ထူးခြားဒါလေးတွေနဲ့အဆုံးသတ်ပါ ရစေ။
တစ်အချက်က -ဤစာအုပ်ရဲ့အမှာစာရေးသူတစ်ဦးက ယခုနိုင်ငံတော်အာ ဏာကိုရယူထားတဲ့ တပ်မတော်ကိုဆန့်ကျင်တိုက်ခိုက်နေသူ တစ်ဦးဖြစ်သူ PSLF/TNLA ဒုဥက္ကဌ (၁) ဗိုလ်ချုပ်ဂျုတ်ဂျား ဖြစ်ပါတယ်။
နှစ်အချက်ကတော့ စာရေးသူကိုယ်တိုင်ကမကွယ်မဝှက်ပဲ နစက ဆန့်ကျင်ရေး ဆန္နပြပွဲများတွင်တက်တက်ကြွကြွပါ၀င်ဆင်နွှဲခဲ့ကြောင်းရေးသားထားဒါဖြစ်တယ်။
(စာမျက်နှာ ၂)
ဒါကြောင့်ဒီလိုစာအုပ်ကိုရိုက်ခွင့်ထုတ်ခွင့်ပေးဒါဟာ နေပြည်တော်က ဗိုလ်ချုပ်ကြီး များဟာအနှုတ်လက္ခဏာမှအပေါင်းလက္ခဏာသို့ပေါ်လစီပြောင်းလဲပြီဖြစ်ကြောင်း အသိပေးဒါလားဆိုတဲ့ မေးခွန်းပေါ်လာတယ်။ ဒီလိုဖြစ်ရင် ကျနော်တို့နိုင်ငံကြီး ပြန်လည်အေးချမ်းသာယာ၀ပြောဘို့ဆိုတဲ့အရိပ်အယောင်ဖြစ်နေပြီလားလို့တွေး မိတယ်။ ဒီပေါ်လာတဲ့ အတွေးဟာ တကယ်မှန်ကန်ပါစေလို့လဲဆုတောင်းမိပါ ကြောင်း။







Leave a Comments