Saturday, April 20, 2024

ပြည်ထောင်စုသမိုင်းဝင် လင်းခေးဦးထွန်းမြင့် 

Must read

ရှမ်းအမျိုးသားသစ္စာဖေါက်လား?

ရှမ်းမျိုးချစ် ပဒေသရာဇ်ဆန့်ကျင်ရေးသမားလား?

လင်းခေးဦးထွန်းမြင့် သို့မဟုတ် ထွန်းမြင့်ကြီးမှာ သူနှင့်အမည်တူ တောင်ကြီးဦးထွန်းမြင့် သို့မဟုတ် ထွန်းမြင့်လေးနှင့် မတူသည်မှာ သူ့အကြောင်းကိုကိုယ်တိုင်သော်၄င်း၊ အခြားမိတ်ဆွေများကသော်၄င်း၊ ရေးသားမှုနည်းပါးခြင်းဖြစ်ပါသည်။

လင်းခေး ဦးထွန်းမြင့်

သူ့အကြောင်းကို စုံစုံစေ့စေ့ရေးသားသည်မှာသာယာဝတီအောင်ရှင်းက သူကွယ်လွန်ပြီး နောက်ထုတ်ဝေခဲ့သော အတ္ထုပ္ပတ္တိစာအုပ်သာရှိပါသည်။ ဤစာအုပ်ကိုရန်ကုန်စာအုပ်ဆိုင် ဟောင်းတစ်ခုတွင်အမှတ်မထင်တွေ့မိ၍ ဝယ်ခဲ့သော်လည်း ယခုမှ ဖတ်ရှုရခြင်းဖြစ်ပါ သည်။ သူ့အမြင်နှင့်စာရေးသူ၏အမြင်ပေါင်း၍ရေးသားသောကြောင့် အဓိပ္ပါယ်ကောက် ယူမှုမှာလွဲနိုင်သည်။ ထိုကြောင့်ထပ်မံ၍သေသေချာချာဖတ်ရှုရန်လို အပ်ပါမည်။

ရှမ်းတောထဲတွင် ရပလ (ရှမ်းပြည် ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် SPFL) နှင့်ပတ်သက်၍ယနေ့ထက်တိုင်ဝိဝါဒ အမြင်များကွဲပြားလျက်ရှိသည်ဟုဦးစွာသတိချပ် သင့်ပါလိမ့်မည်။

လင်းခေး ဦးထွန်းမြင့် နှင့် ၎င်း၏ မိသားစုဝင်

တခြမ်းက ဦးထွန်းမြင့်နှစ်မြင့်စလုံးပါ၀င်ခဲ့သည့် ရပလ အပေါ်ရှမ်းပြည်၏သမိုင်းဝင် ရပိုင်ခွင့်များကိုရှမ်းပြည်သူများသိအောင် ရေးသားပြောကြားခဲ့မှုအတွက်ဂုဏ်ယူကြ သည်။ ကျနော်အပါအဝင်တောင်ကြီးဦးထွန်းမြင့်၏စာတမ်းများ (အထူးသဖြင့် “ရှမ်းပြည်နစ်နာချက်များ” နှင့် “ခွဲရေးတွဲရေး”) ကိုဖတ်ရှု၍တောခိုခဲ့ကြသည်။

အခြားတခြမ်းကမူငါတို့ရှမ်းပြည်ဗမာ့ကျွန်ဖြစ်လာရဒါ သူတို့ ရပလ ကြောင့်ဆိုပြီးယနေ့ ထက်တိုင်နာကျည်းနေကြသည်။

ပင်ကိုယ်က စည်းလုံးညီညွတ်မှုအားနည်းနေသောရှမ်းပြည်တွင် ရပလ ကိစ္စသည်အ ကြောင်းရင်းတစ်ခုသဖွယ်ယနေ့ထက်တိုင် ရပ်တည်လျက်ရှိပါသည်။

အများသတိမမူမိသည့် အခြမ်းတစ်ခုမှာ ဤဆန့်ကျင်ဘက်နှစ်ခြမ်းအပေါ်ပကတိအမြင် သို့မဟုတ်အပေါင်း/အနှုတ်လက္ခဏာစလုံးရှိသည့်အမြင်ဖြစ်ပါသည်။ 

သူတို့ကဆန့်ကျင်ဘက်နှစ်ခြမ်းစလုံးသည် မျိုးချစ်ပြည်ချစ်များဖြစ်ကြသည်။ တပါးကျွန် ဖြစ်ဖို့မလိုလားကြ။ ဦးထွန်းမြင့် ဦးရွှေအုံးတို့ ရေးသည့်စာအုပ်စာတမ်းများကိုကြည့်လျှင် လယ်ပြင်မှာဆင်သွားသလိုထင်ထင်ရှားရှားသိနိုင်ပါသည်။

လင်းခေး ဦးထွန်းမြင့်နှင့် ၎င်းတို့၏ မိသားစုဝင်များ

သို့သော် ရပလ မှာပဒေသရာဇ်စနစ်ဆန့်ကျင်ရေးစိတ်ဓါတ် အထူးပြင်းထန်ခဲ့သည်။ လွတ်လပ်ရေးမြန်မြန်ရလျှင် ဤစနစ်ကိုမြန်မြန်တွန်းလှန်နိုင်မည်ဟုယုံကြည်သည်။ လွတ် လပ်ရေးမြန်မြန်ရရန်မှာလည်း ဗမာနှင့် (အထူးသဖြင့် ဗမာထဲတွင်သမာသမတ်အကျဆုံး ဖြစ်သည်ဟုမြင်သည့် အောင်ဆန်းနှင့်) ပေါင်းလျှင် တန်းတူအခွင့်အရေးရှိသည့် ပြည်ထောင်စုတစ်ရပ်ကိုတည်ထောင်နိုင်မည်ဟုယုံကြည်သည့်အတွက် ရှမ်း-ဗမာ ပူးပေါင်းရေးကိုကြိုးပမ်းခဲ့သည်။ ဘိလပ်ကို အောင်ဆန်းသွား၍အရေးဆိုရာ၌လည်း စော်ဘွားများကိုဆန့်ကျင်ပြီး အောင်ဆန်းသည် ငါတို့ရှမ်းပြည်ကိုကိုယ်စားပြုကြောင်း တန်ပြန်ကြေးနန်းပို့ခဲ့သည်။ ပင်လုံညီလာခံ၌လည်း ရှမ်း-ဗမာ ပူးပေါင်း၍လွတ်လပ် ရေးရယူရေးကိုအရေးဆိုခဲ့ကြသည်။ 

သို့သော် – 

  1. ထိုခေတ်မှာ ပဒေသရာဇ်စော်ဘွားများအာဏာရှိသည့်ခေတ်၊ ဒီမိုကရေစီမထွန်း ကားသေးသည့်ခေတ်၊ အများစုကစော်ဘွားစနစ်ကိုလိုက်နာသည့်ခေတ်ဖြစ်သည် ကို၄င်း၊ 
  2. ရှမ်း-ဗမာ ပူးပေါင်း၍လွတ်လပ်ရေးအရေးဆိုမှုများမှာလည်း ရှမ်းပြည်တစ်ပြည် လုံးအုံကြွတောင်းဆိုမှုမဟုတ်၊ တောင်ပိုင်းသားလူတစ်စုကသာဖြစ်သည်၄င်း၊ သတိမူသင့်ပါသည်ဟု ပင်လုံစာချုပ်ကိုလက်မှတ်ထိုးခဲ့သူ ခွန်ကြာပု မသေမီက ပြောဆိုခဲ့သည်ဟုသူ၏သား ခွန်ကြာဦးက ပြန်ပြောင်းအမှတ်ရ၍မှတ်ချက်ပေးခဲ့ ခြင်းဖြစ်သည်။ 

ထိုကြောင့် လင်းခေးဦးထွန်းမြင့်၏အတ္ထုပ္ပတ္တိကိုဖတ်ရှုရာ၌ ဤနောက်ခံကားချပ်ကိုနှလုံး မူသင့်ကြောင်းဦးစွာနိုးဆော်အပ်ပါသည်။ 

ဤစာအုပ်တွင်အသေးစိပ်နီးနီးရေးသားချက်အချို့ကိုတွေ့ရပါသည်။

  1. ပင်လုံညီလာခံအကြောင်း။
  2. ကချင်ပြည်နယ်ဖြစ်ပေါ်လာပုံအကြောင်း။
  3. ရှမ်းပြည်နယ်ဥက္ကဌ (အခုခေတ်အခေါ်ပြည်နယ်၀န်ချုပ်) ဖြစ်လာပုံနှင့်ပြုတ် သွားပုံ။

ထပ်မံပုံနှိုပ်ရိုက်ကူးခြင်းမရှိပါက သမိုင်းမပျောက်ရေးအတွက် ဖိုတိုကော်ပီ (photo copy) လုပ်သင့်ပါကြောင်း။

ကိုယ်ရေးအကျဥ်းချုပ်

မွေးနေ့         -28.2.03

                  တပေါင်းလဆန်း 3 ရက် 1264 စနေနေ့

ဇာတိ           -မောက်မယ်စော်ဘွားနယ်

မိဘ            -သစ်ကုန်သည်ဦးကျော်စိန် (မွန်မြန်မာ) နှင့် စဝ်လုံ (မောက်မယ် စော်ဘွား၏ နှမတော်)

ဘ၀ဖြစ်စဥ်။

1930           -Virginia ဆေးစိုက်ထုတ်လုပ်ခြင်းဖြင့်နယ်မြေလူထု၏စီးပွားရေးကိုမြှင့် တင်ခဲ့

1946           -ပဌမပင်လုံညီလာခံတွင်တက်ရောက်ဟောပြောခဲ့။ ဂဠုံဦးစော၏ “ဒိုမီနီယန်” စည်းရုံးမှုကိုဆန့်ကျင်ခဲ့။

1947           -ဒုတိယပင်လုံညီလာခံတွင်ပါဝင်၍၊ လက်မှတ်ရေးထိုးခဲ့။

1948           -ရှမ်းပြည်နယ်ဥက္ကဌအဖြစ်အရွေးခံရ၊ သို့သော်စက်မှုလက်မှုနှင့်သတ္တု တွင်းဌာနဝန်ကြီးအဖြစ်ရွှေ့ပြောင်းခံရ။

1959           -ရှမ်းပြည်စော်ဘွားများအာဏာစွန့်ပွဲတွင်ပါဝင်မှုမရှိ

1962           -တပ်မတော်ကအာဏာသိမ်းရာတွင်ထိန်းသိမ်းခြင်းမခံခဲ့ရ။ တော်လှန်ရေး ကောင်စီမှခန့်အပ်သောပြည်နယ်ဦးစီးအဖွဲ့တွင်မပါဝင်ခဲ့။

1968           -တော်လှန်ရေးကောင်စီကဖွဲ့စည်းသောပြည်တွင်းညီညွတ်ရေးအကြံပေး အဖွဲ့ တွင်အဖွဲ့ဝင်အဖြစ်ပါ၀င်ခဲ့။

1970           မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီ၏တင်းပြည့်ပါတီဝင်ဖြစ်။ ဖွဲ့စည်းပုံအခြေ ခံဥပဒေသစ်မူကြမ်းရေးဆွဲရေးကော်မရှင်အဖွဲ့၀င်ဖြစ်။

1974           နိုင်ငံတော်ကောင်စီဝင်အဖြစ်ရွေးခြယ်တင်မြှောက်ခြင်းခံရ။

28/1/76      73 နှစ်ပြည့်ရန်တစ်လအလိုတွင်ရန်ကုန်၌ကွယ်လွန်။ 

အားလုံးကိုလေးစားလျက်

အညတြလေး

Leave a Comments

- Advertisement -spot_img

Latest article