Friday, April 19, 2024

အင်းလေးဒေသ ရေခန်းခြောက် ရေကြောင်းလုပ်ငန်းအလုပ်မဖြစ်

Must read

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့ရှိ အင်းလေးဒေသအတွင်းမှ တချို့သော နေရာများတွင် ရေခန်းခြောက် နေသည့်အတွက် ရေကြောင်းလမ်းလုပ်ငန်းများ မလုပ်ဆောင်နိုင်တော့ကြောင်း သတင်းသိရသည်။

အင်းလေးဒေသမှ ဟဲယာရွာမတွင် ဧပြီလ အစောပိုင်းမှစတင်ကာ ရေခန်းခြောက်လာမှုကြောင့် ကျေးရွာတွင်း ရေလမ်းခရီး သွားလာရေးခက်ခဲကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ရေကတော့ တော်တော်ကိုနည်းသွားပြီ၊ အခုကျနော့်အိမ်ဘေးမှာဆို တစ်တောင်လောက်တောင်မရှိတော့ဘူး၊ အဲ့လိုဖြစ်နေတော့ ဒီရေကြောင်းလမ်းနဲ့ လုပ်ကိုင်ဖို့တော့ အဆင်မပြေတော့ဘူး၊ ရေပေါ်ရွာဆိုပေမယ့် ကုန်းလမ်းရှိနေလို့သာ နည်းနည်းဖြေသာတယ်၊ သောက်ရေအဖို့ ရေသန့်ဝယ်သောက်နေရတယ်” ဟု ဟဲယာရွာမ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အင်းလေးကန် ရေခန်းခြောက်နေပုံ

လက်ရှိတွင် ဟဲယာရွာမကျေးရွာအတွက် အင်းလေးကန်အနောက်ဘက်လမ်း၊ သန်းတောင်အကျော် ရွှေအင်းတိန် ဘုရားအနီး တောင်ခြေရွာ၊ ကျွန်းစင်ကြီးရွာမှတစ်ဆင့် ဟဲယာရွာမသို့ ကားလမ်းအတိုင်း သွားလာနိုင်သော်လည်း ကျေးရွာအတွင်းတံတားများ ဖြတ်သန်းရသောနေရာတွင် မော်တော်ယာဉ်များသွားရန် အဆင်မပြေကြောင်း ၎င်းက ဆက်ပြောသည်။

“အင်းလေးဒေသမှာရှိတဲ့ ဘုန်းကြီးကျောင်း ၁၀ ကျောင်းမှာ ၉ ကျောင်းက ကုန်းလမ်းကနေသွားနိုင်တယ်၊ သက်ဆိုင်သူတွေက ဂေဟစနစ်နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို သူတို့မှ မလုပ်နိုင်တာ၊ အဲ့တော့ ရေကြောင်းလမ်း နဲ့ စက်လှေနဲ့တော့ အဆင်မပြေတော့ဘူးပေါ့၊ နောက်တချက်က နိုင်ငံတော်ကလည်း အခုလို နိုင်ငံတော်ဝင်ငွေမရှာနိုင်တဲ့ ကာလမှာ ရေခြောက်သွားတဲ့ အင်းလေးကို ဂရုမစိုက်နိုင်တာလည်းပါတယ်” ဟု ၎င်းက ဆက်လက် ပြောပြထားသည်။

ထို့အပြင် အင်းလေးဒေသအတွင်း နေထိုင်သည့် ပြည်သူများအနေဖြင့်လည်း ကန်အတွင်း အမှိုက်သရိုက်များ ပစ်ချခြင်း၊ ရေဝေရေလဲ နှင့် ထိန်းသိမ်းမှုအပိုင်း အားနည်းခြင်းတို့ကြောင့် ယခုလို နွေရာသီ ရေနည်းချိန်တွင် လှေသမားများ အခက်တွေ့ကြောင်းလည်း သိရသည်။


နွေရာသီရောက်ချိန်တိုင်း ရေနည်းပါးလာခြင်းကြောင့် စက်လှေသမားများ အခက်တွေ့ရသည့်အပြင် စိုက်ပျိုးရေး လုပ်ကိုင်သည့် ဒေသခံများအတွက်လည်း ထိခိုက်ဆုံးရှုံးမှုများရှိလာကြောင်း အမည်မဖော်လိုသူ အင်းသားတစ်ဦး က ပြောသည်။

“ဒီလိုရေနည်းတဲ့အချိန် စက်လှေမောင်းဖို့လည်း အဆင်မပြေဘူး၊ ဘာဖြစ်လို့လဲဆိုရင် လှေရဲ့ပန်ကာမှာ အမှိုက် တွေ လာလာညှိတယ်ဗျ၊ ဆာလာအိတ်တွေ၊ ဆပ်ပြာအိတ်တွေ၊ ပုပ်သိုးလို့မလွယ်တဲ့ ပစ္စည်းတွေက ရေထဲက ပေါ်ပေါ်လာတယ်၊ ပြီးတော့ ကျနော်တို့ စိုက်ပျိုးရေးလုပ်နေတဲ့ ကျွန်းမျှောကလည်း ရေတိမ်သွားရင် ရေအောက် မြေပြင်နဲ့ ညှိသွားပြီးတော့ ဆုံးရှုံးမှုတွေဖြစ်လာတယ်” ဟု ကျွန်းမျှောဖြင့် စိုက်ပျိုးရေးလုပ်နေသည့် အမည်မဖော် လိုသူ အင်းသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။


အင်းလေးကန်သို့ ပင်မချောင်းများအနေဖြင့်လည်း ရေအဝင်နည်းနေပြီး ခန်းခြောက်နေသည့်အတွက် အင်းလေးကန်အတွင်းမှ ရေများလည်း တစ်စထက်တစ်စ လျှော့နည်းလာကြောင်း ဒေသခံများက ပြောသည်။

အင်းလေးကန်သို့ စီးဝင်သောချောင်းကြီး လေးချောင်းရှိနေပြီး ၎င်းတို့အနက်မှ ညောင်ရွှေ၊ ပေါင်းပိုင်း ရေချောင်း နှင့် သန်းတောင်ချောင်းသည် ရေအဝင်လျော့နည်းပြီး ခန်းခြောက်လုနီးပါး ဖြစ်နေကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

- Advertisement -spot_img

Latest article