Wednesday, April 24, 2024

ထုန့်ယိမ်းဒေသမှ သျှမ်းအမျိုးသား စာသင်ကျောင်း ဖျက်ဆီးခံရ

Must read

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ် ထုန့်ယိမ်းဒေသရှိ သျှမ်းအမျိုးသားကျောင်း (မူလတန်းအဆင့်) စာသင်ကျောင်းနှင့် ကျောင်းအသုံးအဆောင်ပစ္စည်းများ ဖျက်ဆီးခံရကြောင်း သတင်းသိရသည်။

အဆိုပါ သျှမ်းအမျိုးသားကျောင်းသည် ဒေသတွင်းအခြေအနေအမျိုးမျိုးကြောင့် လဆန်းပိုင်းမှ စတင်ကာ ရက်ပေါင်း ၂၀ ခန့် ပိတ်ထားရပြီး လာမည့် မတ်လ ၂၄ ရက်တွင် ပြန်ဖွင့်ရန် လျားထားကြောင်း ဒေသခံများက ပြောသည်။

“ကျောင်းပိတ်ထားတဲ့ ကာလမှာ စာသင်ကျောင်းဝန်းထဲကို မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေ လာနေပါတယ်၊ အခုဆို ကျနော်တို့စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ရက်နီးလာလို့ နေရာပြောင်းရွှေ့ပေးဖို့ အကြောင်းကြားဖို့ သွားတော့ ကျောင်းက ဖျက်ဆီးခံထားရတာ တွေ့ရတယ်” ဟု ထုန့်ယိမ်းဒေသမှ ပညာရေးဖွံ့ဖြိုးတိုးတက်မှုကဏ္ဍတွင် ပါဝင်လုပ်ဆောင်နေသူ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထုန့်ယိမ်းသျှမ်းအမျိုးသားကျောင်းပိတ်ထားစဥ်ကာလတွင် သျှမ်းပြည်တပ်မတော် (SSPP/SSA) ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များက လာရောက်စခန်းချနေထိုင်ခဲ့ပြီး လက်ရှိမှာတော့ စာသင်ကျောင်းမှ ကျောင်း အသုံးအဆောင်ပစ္စည်းများအပါအဝင် ခေါင်မိုးသွပ်မိုးများနှင့်စားပွဲခုံများ ရိုက်ချိုး ဖျက်ဆီးခံထားရကြောင်း ၎င်းက ပြောသည်။

ထုန့်ယိမ်းဒေသမှ မူလတန်း သျှမ်းအမျိုးသားစာသင်ကျောင်းသည် Shan Community College (ကော်တိုင်း သျှမ်းအမျိုးသား ကောလိပ်ကျောင်း)မှ ခွဲထွက်လာသည့် မူလတန်း သျှမ်းအမျိုးသားကျောင်းဖြစ်ပြီး ဖွင့်လှစ် သင်ကြားလာသည်မှာ ၅ နှစ်ရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။

“မနေ့ကတော့ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားမိဘတွေက ပျက်စီးသွားတဲ့ ပစ္စည်းအမျိုးအစားစာရင်း လုပ်နေ ပါတယ်၊ သူတို့အနေနဲ့ ပျက်စီးသွားတဲ့ ကျောင်းနဲ့ အသုံးအဆောင်တွေကို ပြန်လုပ်ပေးနိုင်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူ တွေကို တင်ပြမယ်၊ ဒီစာသင်ကျောင်းက ကလေးတွေပညာရေးအတွက် ဒေသခံပြည်သူတွေ စုပေါင်းပြီး တည်ဆောက်ထားတဲ့ ကျောင်းဖြစ်တယ်၊ ဘယ်လိုလက်နက်ကိုင်တပ်ဖွဲ့မဆို စာသင်ကျောင်းကို ဖျက်ဆီးတာ မလုပ်သင့်ဘူး” ဟု ထုန့်ယိမ်းဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကိစ္စဖြစ်စဥ်များနှင့် ပတ်သက်ပြီး သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ဖုန်းဟန်က ၎င်းတို့တပ်ဖွဲ့အနေဖြင့် မပြုလုပ်ရကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့တပ်ဖွဲ့က စာသင်ကျောင်းတွေကို ဘာလို့ဖျက်ဆီးရမှာလဲ၊ ကျနော်တို့က ဆောက်လုပ်လှူဒါန်းတာပဲ ရှိတယ်၊ ကြားကနေ ကျနော်တို့ နာမည်ကို ဖျက်ချင်တဲ့သူရှိတယ်လို့ပဲ မြင်တယ်” ဟု ဗိုလ်မှူး ဖုန်းဟန်က ပြောသည်။

အဆိုပါ ဖျက်ဆီးခံရသည့် ထုန့်ယိမ်း မူလတန်း သျှမ်းအမျိုးသားကျောင်းသည် ဒေသတွင်းမှ ကလေးသူငယ်များ တက်ရောက်ပညာဆည်းပူးရာဖြစ်ပြီး ခါတိုင်းနှစ်များတွင် ကျောင်းသားဦးရေ ၇၀ မှ ၈၀ ခန့်သာရှိသော်လည်း ယခုနှစ်အတွင်း အစိုးရစာသင်ကျောင်း ပိတ်ထားသည့်အတွက် ကျောင်းသားဦးရေက ၁၃၀ ကျော်ရှိနေကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article