Wednesday, April 24, 2024

ငြိမ်းချမ်းရေးအတွက် သျှမ်းပြည် တဝှမ်းလုံး သံဃာတော်များတပြိုင်တည်း အန္တရာယ်ကင်းပရိတ်ရွတ်

Must read

သျှမ်းပြည်တွင်းလူထု အေးချမ်းမှုရရှိရေး၊ တိုက်ပွဲများရပ်တန့်ရေး၊ သျှမ်းတပ် ၂ ဖွဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး အတွက်ရည်ရွယ်ကာ သျှမ်းပြည်နယ်လုံးဆိုင်ရာသံဃာ့နာယက အဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ သျှမ်းပြည်တွင်းမြို့နယ်တိုင်းမှ သံဃာတော်များ တပြိုင်နက် ပရိတ်ရွတ်မေတ္တာပို့ကြကြောင်းသိရသည်။

တောင်ကြီးမြို့တွင်ပြုလုပ်သော အန္တရာယ်ကင်းပရိတ်ရွတ်ခြင်း

သြဂုတ်လ ၂၀ ရက် ယနေ့မနက်ပိုင်းက သျှမ်းပြည်နယ်လုံးဆိုင်ရာ သံဃာ့နာယက အဖွဲ့ ရုံးရှိရာ ပင်လုံမြို့အပြင် လွယ်လင်၊ လင်းခေး၊ တောင်ကြီး၊ သီပေါ၊ ကျောက်မဲ၊ လားရှိုး၊ ပန်ဆိုင်း အစရှိ ၅၅ မြို့နယ်စလုံး၊ ထိုင်း-မြန်မာနယ်စပ် ချင်းမိုင်ခရိုင် ၀ိန်းဟိုင်မြို့နယ် ပိန်းလုံအုပ်စု လတ်တိုင်ရွာရှိ ၀ပ်ဖှာ့ဝိန်းအင်း ကျောင်းတိုက်နှင့် RCSS/SSA ဌာနချုပ်တွင်ပါမကျန် အန္တရာယ်ကင်း ပရိတ်ရွတ်မေတ္တာပို့ခြင်းပြုလုပ်ခဲ့ကြကြောင်းသိရသည်။

သျှမ်းပြည်နယ်လုံးဆိုင်ရာသံဃာ့နာယက အဖွဲ့ရုံးထိုင် ဆရာတော်ဦးဉာဏသီရိက – “အဓိကကတော့ သျှမ်းပြည် လူထု ကိုအေးချမ်းစေချင်တယ်။ တိုက်ပွဲတွေ ရပ်တန့်စေချင်တယ်ဆိုတဲ့အကြောင်း သျှမ်းပြည်သံဃာ ထုရဲ့ စည်းလုံးညီညွတ်မှုကိုပြလိုက်တာပါ။ အထူးသဖြင့် သျှမ်းတပ်ဖွဲ့ ၂ ဖွဲ့ကြား နားလည်မှုလွဲနေတာတွေ ပစ်ခတ်မှုဖြစ်နေတာတွေကို ပြန်လည်သုံးသပ်ပါ။ တွေ့ဆုံညှိနှိုင်းပါ။ သျှမ်းပြည်လူထုနဲ့ သံဃာတော်တွေကို ထောက်ထားငဲ့ညှာပါ လို့ပြောချင်ပါတယ်။ ”- ဟု သျှမ်းသံတော်ဆင့်အားမိန်တော်မူသည်။

သျှမ်းပြည်နယ်လုံးဆိုင်ရာသံဃာ့နာယက အဖွဲ့၏ အစည်းအဝေးကို သြဂုတ်လ ၁၄ ရက်နေ့က ပြုလုပ်ခဲ့ပြီး သျှမ်းပြည်တဝှမ်း တချိန်တည်းတပြိုင်တည်းပရိတ်ရွတ်ကြရန် သဘောတူဆုံးဖြတ်ခဲ့ကြခြင်းဖြစ် သည်ဟုဆိုပါသည်။

 

ယမန်နှစ်ကတည်းကစပြီး သျှမ်းပြည်မြောက်ပိုင်းတွင် သျှမ်းပြည်တိုးတက်ရေးပါတီမှ အဖွဲ့ဝင်အဖြစ်ပါ၀င်သော မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီကြား၊ အစိုးရတပ်မတော်နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီအကြား တိုက်ပွဲများဆက်တိုက်ဖြစ်ပွါးခဲ့သဖြင့်ဒေသခံလူထုမှ တနှစ်ပတ်လုံး စစ်ဘေးတိမ်းရှောင်နေကြရသည်။ ကလေးလူငယ်များပညာရေးခရီးအတွက်အနှောင့် အယှက်ဖြစ်စေကာ လူထုများလယ်ယာမြေမဆင်းနိုင်သဖြင့် မိသားစုဝမ်းရေး၊ သာရေးနာရေး ရပ်ရွာရေးအတွက် လစ်ဟင်းခဲ့ရကြောင်း၊ထို့အတွင် တိုက်ပွဲများအမြန်ဆုံးရပ်တန့်စေလိုကြောင်းလည်း နမ္မတူမြို့နယ်ဒေသခံ လုံးစိုင်းလုံကပြောသည်။

Leave a Comments

- Advertisement -spot_img

Latest article