ပျောက်ကွယ်လုနီး လင်းခေး ရိုးရာ ပင်နီချည်ထည်လုပ်ငန်း

0

“တောပြုန်းတီးလာလို့ ချည်ထည်တွေကို အရောင်ဆိုးဖို့ လိုတဲ့ သဘာ၀ဆေးပင်တွေ ရှားလာတယ်။ ကျမတို့ ရွာမှာ လုပ်တဲ့သူ (၃) အိမ်လောက်ပဲရှိတော့တယ်။ အဲ့ဒီ (၃) အိမ်လဲ အသက်ကြီးပိုင်းတွေပဲ လုပ်တော့တာ” လို့ နားကုန်းရွာ ဒေသခံ ပါဆွယ် က ပြောပါတယ်။

နားကုန်းကျေးရွာဟာ ဗိုင်းငင်လုပ်ငန်း ချည်ထည်လုပ်ငန်းတွေကို တွင်ကျယ်စွာလုပ်ကိုင်ခဲ့တဲ့အပြင် လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်တဲ့ လင်းခေးမြို့နယ်ထဲက ကျေးရွာတစ်ရွာဖြစ်ပါတယ်။


လင်းခေးမြို့ဆိုတာကတော့ သျှမ်းပြည်အညာလို့ တင်စားခေါ်ဝေါ်တဲ့ သျှမ်းပြည်တောင်ပိုင်းထဲက အပူပိုင်းဒေသ ထွက်ကုန်တွေပေါများတဲ့ မြို့လေးတစ်မြို့ဖြစ်ပါတယ်။

ထင်ရှားကျော်ကြားတဲ့ လင်းခေးဒေသထွက်ကုန်တွေကတော့ ဗာဂျီးနီးယားဆေးရွက်ကြီး၊ ပဲစင်းငုံ၊ မြေပဲ၊ ရိုးရာ လက်ယက်ချည်ထည်၊ နှမ်းနဲ့ ကြံသကာတွေပဲ ဖြစ်ပါတယ်။

“ဒါတွေက ဘိုးဘွားစဉ်ဆက် လုပ်လာပြီး ပြည်ပဈေးကွက်ထိ ဖောက်ထွက်နိုင်ခဲ့တဲ့ ဒေသထွက်ကုန်လို့လည်း ပြောလို့ရတယ်” လို့ အသက် (၄၀) ဝန်းကျင် လင်းခေးဒေသခံ အမျိုးသမီး နန်းဟွမ် က ပြောပါတယ်။

လင်းခေးမြို့က ဘိုးဘွားဆက်စဉ် လုပ်လာတဲ့ ဗာဂျီးနီးယားဆေးရွက်ကြီးဟာဆိုရင် တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံ အထိ တင်ပို့ရောင်းချနိုင်ပြီး ပဲစင်းငုံ ဆိုရင်လည်း အိန္ဒိယနိုင်ငံထိ တင်ပို့ရောင်းချနိုင်တယ်လို့ ၎င်းအမျိုးသမီးက ဆက်ပြောပါတယ်။

၁၉၉၆ – ၉၇ ခုနှစ် မတိုင်ခင်က တရုတ်နိုင်ငံ ယူနန်ပြည်နယ် (မံစီမြို့) မိုင်းခွန်အထိ တင်ပို့ရောင်းချနိုင်တဲ့ သဘာဝ မဲနယ်ပင်ပြုတ်ရည်နဲ့ အရောင်ဆိုး ယက်လုပ်ထားတဲ့ လင်းခေးရိုးရာပင်နီချည်ထည်ဟာဆိုရင် လင်းခေးမြို့က နားကုန်းကျေးရွာတစ်ရွာ တည်းသာ ယက်လုပ်ခဲ့ပါတယ်။

“နားကုန်းရွာမှာဆိုရင် သဘာဝမဲနယ်ပင်ပြုတ် ၊ ပြာရေနဲ့စိမ်ပြီးတော့မှ ချည်ထည်ကိုအရောင်ဆိုးတာလေ။ အခုအဲဒီ ရိုးရာလက်ယက်ပင်နီ ချည်ထည်တွေကို ဖြတ်လေးဖြတ်မတိုင်ခင် ကာလမှာ တွင်ကျယ်စွာ လုပ်ကိုင်ခဲ့ပေမဲ့ အခုတော့ လုပ်တဲ့သူ မရှိသလောက် နည်းပါး နေတယ်” – လို့ လင်းခေးဒေသခံ နန်းဟွမ်က ပြောပါတယ်။

သျှမ်းပြည်မှာ ဖြစ်ပွားတဲ့ ၁၉၉၆ ခုနှစ်က ဖြတ်လေးဖြတ်ကြောင့် သျှမ်းပြည်သူများစွာ ထွက်ပြေးတိမ်းရှောင် ရသလို လင်းခေးမြို့က ရိုးရာချည်ထည်ယက်လုပ်တဲ့ နားကုန်းကျေးရွာခံတွေဟာလည်း နိုင်ငံရေး၊ စစ်ရေး အကျိုး ဆက်တွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ လင်းခေးဒေသခံ နန်းဟွမ်က ပြောပြထားပါတယ်။

“ဖြတ်လေးဖြတ် စစ်ဘေးဒဏ်ကြောင့် တကယ်လုပ်တတ်တဲ့သူ ရွာသားတွေက ပြည်ပထွက်ကုန်ကြတယ်။ တဖက်ကလည်း ကုန်ကြမ်းတွေဖြစ်တဲ့ မဲနယ်ပင်တွေလည်းရှားလာတယ်။ အရင်က လင်းခေးမှာ ၀ါ စိုက်တယ်။ အခု ၀ါစိုက်တဲ့သူ မရှိသလောက်နဲပါးလာတယ်။ အဲတာကြောင့် ဒီလုပ်ငန်း လုပ်တဲ့သူ နည်းလာတယ်လို့ ပြောရမယ်” လို့ လင်းခေး ဒေသခံ နန်းဟွမ် က ပြောပါတယ်။

ပျောက်ကွယ်မှာစိုးရိမ်ရတဲ့ လင်းခေးပင်နီ ချည်ထည်

လက်ရှိ လင်းခေးရိုးရာပင်နီချည်ထည်ကို ဆက်လက်လုပ်ကိုင်နေတဲ့ နားကုန်းရွာခံ အနေနဲ့ ၃ ဦးသာရှိနေပြီး အဲ့ဒီ (၃) ဦးထဲက ဗိုင်းငင်တဲ့ တစ်ယောက်ဟာ အသက် ၇၀ ကျော် ရှိပြီလို့ ဒေသခံဖြစ်သူ ပါဆွယ် က ပြောပါတယ်။

“အခု လုပ်နေတဲ့သူတွေက ရှေ့မှီနောက်မှီလူတွေပဲ၊ ဒီလုပ်နေတဲ့ သူ (၃) ယောက်ဆိုရင် ဗိုင်းငင်တဲ့ တစ်ယောက်က အသက် (၇၀)ကျော် ရှိနေပြီ။ ကျန်တဲ့ ၂ ယောက်ကလည်း အသက်ကြီးပိုင်းတွေပဲဖြစ်တယ်။ သူတို့သာ မရှိရင် ရိုးရာပင်နီထည်တွေလဲ ပျောက်ကွယ်သွားမယ်ထင်တယ်” လို့ နားကုန်းကျေးရွာ ဒေသခံ ပါဆွယ် က ဆိုပါတယ်။

လင်းခေးဒေသ ရိုးရာပင်နီချည်ထည် ယက်လုပ်နည်းကို လက်ဆင့်ကမ်းမယ့် မျိုးဆက်သစ်လူငယ်တွေ မရှိတော့ တဲ့အတွက် တိမ်ကောစ ပြုလာနေပြီလို့ နားကုန်းကျေးရွာ ဒေသခံ ပါဆွယ် က ဆိုပါတယ်။

“ဒါက လင်းခေးမြို့ရဲ့ အမှတ်တံဆိပ် တစ်ခုဖြစ်ခဲ့ဖူးတယ်။ ဒီလုပ်ငန်းကို မျိုးဆက်သစ်လူငယ်တွေက ဆက်မလုပ် တော့ရင် နောင်လာနောက်သားတွေကို လုပ်ခဲ့ဖူးတယ်ဆိုတဲ့ သမိုင်းသက်သေ ပြဖို့ ဓာတ်ပုံပဲ ရှိတော့မယ်။ အဲ့လိုမျိုး မဖြစ်စေဖို့ လူငယ်တွေ လက်ဆင့်ကမ်း ထိန်းသိမ်းသင့်တယ်” – လို့ ပါဆွယ် က ပြောပါတယ်။


ပြည်ပထွက်သူများတဲ့အတွက် ရိုးရာချည်ထည်ကို လုပ်သူနည်းပါးလာ

နားကုန်းဒေသခံတွေက တခြားစိုက်ပျိုးရေးလုပ်ငန်းနဲ့ လုပ်ကိုင် စားသောက်ကြပေမယ့် ပြည်ပထွက်ခွာသွားတဲ့ သူ များစွာရှိနေခြင်းနဲ့ သစ်တောြပုန်းတီးခြင်းတွေကြောင့် ရိုးရာချည်ထည်ကို ဆက်လက် ယက်လုပ်သူများ နည်းပါးလာရခြင်း ဖြစ်ပါတယ်။

“အထည်တစ်ထည်ဖြစ်ဖို့က အချိန်ပေးရတယ်၊ တစ်ဆင့်ချင်း လိုအပ်တဲ့ ကုန်ကြမ်းတွေ ရှာရခက်တော့ လုပ်တဲ့သူတွေနည်းလာတယ်၊ ဝမ်းစာအတွက်လည်း မလုံလောက်နိုင်တော့လို့ တခြားအလုပ်ကို ပြောင်းလုပ်တဲ့သူများတယ်” လို့ နန်းဟွမ် က ပြောပါတယ်။

ပျောက်ကွယ်လုနီးဖြစ်တဲ့ ရိုးရာချည်ထည် ယက်လုပ်နည်းတွေကို လက်ဆင့်ကမ်းမဲ့ လူငယ်တွေကလည်း ပြည်ပ သို့ ထွက်ခွာကြသလို အထည်ယက်ဖို့အတွက် ဝါဂွမ်းစိုက်ရန်လည်း မလွယ်ကူသဖြင့် ရိုးရာလက်ယက် ချည်ထည် လုပ်ငန်းကို တချို့က စွန့်ခွာကြရတယ်လို့ သိရပါတယ်။

လင်းခေးရိုးရာချည်ထည်တွေ စျေးကွက်ပျောက်လာ

ယနေ့ ဈေးကွက်တွင်းမှာ ဝင်ရောက်လာတဲ့ စက်ရုံထုတ် ချည်ထည်တွေလည်း များပြားလာတဲ့အတွက် ရိုးရာချည်ထည်တွေက ဈေးကွက်ပျောက်ပြီး လက်ယက်ချည်ထည်လုပ်ငန်း ပျောက်ကွယ်သွားမည်ကို စိုးရိမ်နေကြောင်း လင်းခေးဒေသခံများက ပြောဆိုကြပါတယ်။

“ထိုင်းဘက်နဲ့ အင်းထဲက (အင်းလေး) ပင်နီချည်ထည်တွေ အထွက်များပြီး လူသုံးများလာကြတယ်။ ကျနော်တို့ ဒေသက ထွက်တဲ့ လက်ယက်ပင်နီက လူသုံးနည်းတယ်။ ကြိုက်တဲ့သူကတော့ အော်ဒါတွေ မှာကြပေမယ့် လုပ်ရတာ နည်းပါတယ်၊ ဈေးကွက်ထဲလည်း မရောက်နိုင်တော့ဘူး” – လို့ နားကုန်းဒေသခံ စိုင်းဆေ က ပြော ပါတယ်။


ထိုင်းနိုင်ငံနဲ့ သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသတို့မှ ထုတ်လုပ်လာတဲ့ ရိုးရာ လက်ယက်ပင်နီချည်ထည် များပြား လာပြီး လူသုံးများလာတဲ့အတွက်ကြောင့် သဘာ၀ဆိုးဆေးနဲ့ အဓိက ယက်လုပ်ရတဲ့ လင်းခေး ရိုးရာလက် ယက် ပင်နီချည်ထည်ဟာ စျေးကွက်တွင်း မတိုးနိုင်ခဲ့ပါဘူး။

လင်းခေးမြို့ ပင်နီချည်ထည်ဟာ မြို့ရဲ့ ဂုဏ်ဆောင် ဒေသထွက်ကုန်တစ်ခုဖြစ်ပြီး ဒေသရဲ့ ရာသီဥတုနဲ့လည်း ကိုက်ညီတဲ့ ရိုးရာချည်ထည် ဖြစ်တယ်လို့ သျှမ်းရိုးရာ အထည်ဆိုင်နှင့် ယက်ကန်းစင် ပိုင်ရှင် နန်းလှ က ပြောပါ တယ်။

“ဒီ လင်းခေးအထည်ဆိုရင် ကျမတို့ ငယ်ငယ်ကတည်းက ကြားဖူးနားဝရှိတယ်၊ ဝတ်လို့ကောင်းတယ်တဲ့၊ ယက် လုပ်ထားတဲ့ လက်ရာနဲ့ ချည်တွေ ဂွမ်းတွေကအစ သေချာလေးလုပ်ထားတာဆိုတော့ အသားကလည်း အရမ်း ကောင်းတယ်၊ ဘယ်ရာသီမှာပဲ ဝတ်ဝတ် ခန္ဓါကိုယ်အနွေးဓါတ်ကို ရာသီဉတုနဲ့ကိုက်ညီအောင် ထိန်းပေးနိုင်တယ်” ဟု နန်းလှ က ပြောထားပါတယ်။

လင်းခေးရိုးရာချည်ထည် ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဈေးကွက်နှင့်ကုန်ကြမ်း အတွက် သစ်တောပြုန်းတီးလာခြင်းက အဓိကဖြစ်ကြောင်းလည်း နန်းလှ က ပြောပါတယ်။

“တောပြုန်းလာတော့ အရောင်ဆိုးဖို့ သစ်ခေါက်တွေ မဲနယ်ပင်တွေက ရှားလာတယ်၊ တခြားကုန်ကြမ်းတွေ ကလည်း ရဖို့မ လွယ် ဘူးပေါ့၊ ပြီးတော့ ခေတ်နဲ့အညီ ဈေးကွက်မဖွင့်နိုင်တော့ တာလည်းပါတယ်၊ ဘာကြောင့်လဲဆို အခုက လက်ယက် ချည်ထည်ဆိုပြီး ထမိန်နဲ့အင်္ကျီတွေထက် တခြား ဘောင်းဘီတို့၊ ကုတ်အင်္ကျီတို့နဲ့လည်း ဝတ်ချင်ကြ တယ်လေ၊ ဒါတွေကိုလည်း သတိပြုရမယ်” လို့ နန်းလှ က ပြောပါတယ်။

ခေတ်ကာလ အပြောင်းအလဲအရ အသစ်ဖန်တီးမှုကိုသာ တမ်းတမက်မောပြီး ဟောင်းနွမ်း လက်မှုပညာတွေကို ပြန်လည်မွမ်းမံပြီး စနစ်တကျသိမ်းဆည်းမှု မပြုလုပ်တဲ့အတွက် နောင်တချိန်မှာ ရှေးဟောင်းသမိုင်းဝင်ပစ္စည်း၊ ရိုးရာအထည်တွေပါ ပျောက်ကွယ်သွားနိုင်ကြောင်း လင်းခေး ပြည်သူတွေက ပြောပါတယ်။

“ကျနော်တို့ ပြည်သူတွေက အသစ်အဆန်းတွေ တခြားနိုင်ငံကလာတာတွေဆိုရင် အရမ်းကို သဘောကျတယ်။ တကယ်တော့ တချို့အရာတွေက ကျနော်တို့ အနီးအနားမှာရှိနေတာ။ ကျနော်တို့ ရိုးရာထည်တွေ ကချည်ထည် တွေနဲ့ချုပ်ခဲ့တာလေ။ ဒါတွေကို စာပေနဲ့ယဉ်ကျေးမှုတွေက မထိန်းသိမ်းရင် ပျောက်ကွယ်မှာပဲ” လို့ လင်းခေး ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

လင်းခေးဒေသထွက် လက်ယက်ချည်ထည်ဖြင့် သဘာ၀သစ်ခေါက်၊ မဲနယ်ပင်ဆိုးဆေးနဲ့ဆိုးထားတဲ့အပြာရောင်ရှိ ပင်နီထည်တွေကို အမျိုးသား၀တ် ရှမ်း၀တ်စုံ အမျိုးသမီး၀တ် အကျီ၊ သက်ကြီးဘိုးဘွားများ၀တ် လက်ရှည်အနွေးထည်အပြင် ခေါင်းပေါင်း၊ မျက်နှာသုပ်ပု၀ါ လွယ်အိပ် စသည်တို့ကိုချုပ်ကာ အသုံးပြုခဲ့ကြပါတယ် ။
ချည်သားမှာကြာကြာ၀တ်လေနူးညံ့လေ ဖြစ်တာကြောင့် နာမည်ကြီးလူကြိုက်များပေမယ့်လက်ရှိမှာတော့ လက်ဆင့်ကမ်းလေ့လာသင်ယူ ယက်လုပ်ရောင်းချတဲ့သူမရှိတာကြောင့် ပျောက်ဆုံးလုနီးပါး စိုးရိမ်ရတဲ့အနေအထားမှာရှိနေပါတယ်

Leave a Comments