Saturday, May 18, 2024

RCSS နှင့် TNLA တိုက်ပွဲ ကျောက်မဲကျေးလက်ဒေသခံ စစ်ဘေးရှောင်ရာဂဏန်းတိုး

Must read

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် အနောက်တောင်ဘက်တစ်ကျော RCSS နှင့် TNLA တို့ တိုက်ပွဲ ထပ်မံ ဖြစ်ပွားမှုကြောင့် စစ်ရှောင်လူဦးရေ ရာဂဏန်း ထပ်တိုးလာကြောင်း သတင်းသိရသည်။

ကျောက်မဲက စစ်ဘေးရှောင်နေသည့်ရွာသားများ

ယနေ့ သြဂုတ်လ ၁၃ ရက် ယနေ့ နံနက်ပိုင်းတွင် ကျောက်မဲမြို့ အနောက်-မြောက်ဘက် ၁၅ မိုင် အကွာ ပန်ကွမ်ကျေးရွာ၊ ပန်သပြေကျေးရွာ နှင့် ပန်ဖြတ်ကျေးရွာ အနီးတစ်ဝိုက်တွင် RCSS နှင့် TNLA တို့ အကြား တိုက်ပွဲများ ဖြစ်ခဲ့သောကြောင့် ဒေသခံပြည်သူ ရာဂဏန်း  မြို့နှင့် အနီးအနား ကျေးရွာ ဘုန်းကြီးကျောင်းသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

“ ၉ နာရီ ခွဲကျော်ဝန်းကျင်မှာ နှစ်ဖက်ပစ်ခတ်သံတွေ စတင်ကြားရပါတယ်၊ ၁၀ နာရီလောက်တော့ တိုက်ပွဲသံ က ရွာနဲ့ ပိုနီးလာတယ်၊ ဘယ်အဖွဲ့က ဘယ်ဖက်မှာနေတယ်ဆိုတာတော့မသိရဘူး၊ သေနတ်သံတွေက ရွာနဲ့ နီးနီး လာတော့ ဒေသခံတွေက ထွက်ပြေးတိမ်းရှောင်ကြပြီ၊ တချို့ကတောထဲ၊ တချို့ကမြို့ထဲကိုပြေးကြတယ်” ဟု ပန်ကွမ်ကျေးရွာသူ စစ်ဘေးရှောင်အမျိုးသမီးတစ်ဉီးက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ  ၁၀ ရက်နေ့မှ စတင်ခဲ့သည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွှတ်မြောက်ရေးတပ်မတော် (TNLA) တို့၏ တိုက်ပွဲသည့် ယနေ့ထိ ပစ်ခတ်မှုများရှိနေသည့် အတွက် စစ်ဘေးရှောင်များလည်း ထပ်တိုးလာကြောင်း သိရသည်။

“အရင်နေ့တွေက တစ်ရက် နှစ်ရက်အတွင်း တိုက်ပွဲကြောင့် စစ်ဘေးရှောင်ရတဲ့ ဒေသခံပြည်သူတွေ ၁၀၀ ကျော်ရှိလာတယ်၊ ဒီနေ့လည်း တိုက်ပွဲထပ်ဖြစ်နေတယ်ဆိုတော့ စစ်ရှောင်လူဦးရေကတော့ ထပ်တိုးလာမှာ ပဲ၊ အရေအတွက် အတိအကျတော့ မသိရသေးဘူး” ဟု ကျောက်မဲမြို့ပေါ်ရှိ  စစ်ဘေးရှောင်များကို ကူညီ ထောက်ပံ့ပေးသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင်အတွင်းတွင် သျှမ်းပြည်သား တိုင်းရင်းသား လက်နက်ကိုင် တပ်အချင်းချင်း နယ်မြေစိုးမိုးရေးအားပြိုင် တိုက်ပွဲကြောင့် ဒေသခံပြည်သူ ထောင်ဂဏန်းစစ်ဘေးစစ်ဒဏ် သင့်နေရသည်။ စစ်ဘေးရှောင်နေရသူအများစုမှာ စားနပ်ရိက္ခာ ဆေးဝါး ခြင်ထောင် အပြင် ကိုဗစ် ၁၉ ကပ်ရောဂါ ကင်းဝေးဖို့ရန် ပါးစပ်ဖုံး Mask နှင့် လက်ဆေးရည်များ လိုအပ်နေ ကြောင်းလည်း သတင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article