Tuesday, April 16, 2024

ကွတ်ခိုင်ဆေးရုံ မွေးဖွားခွင့်ယူထားသည့် ဒေါက်တာဒေါ်ချမ်းမြေ့လင်း ကို စစ်ကောင်စီ က ဖမ်းဆီး

Must read

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ ပြည်သူ့ဆေးရုံတွင် လက်ထောက်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်နေပြီး လက်ရှိမှာ မီးဖွားခွင့်ယူထားသည့် ဒေါက်တာ ဒေါ်ချမ်းမြေ့လင်း ကို စစ်ကောင်စီ က ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲဆို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

ယမန်နေ့ (မတ် ၁၀)ရက် ည (၆)နာရီဝန်းကျင်တွင် စစ်ကောင်စီ ၏ စစ်တပ်မှ မွေးဖွားခွင့်ယူထားသည့် ဒေါက်တာချမ်းမြေ့လင်းကို လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ထိုခေါ်ဆောင်သွားချိန်တွင် ဒေါက်တာ ချမ်းမြေ့လင်းသည် ၅လသာအရွယ်ကလေးလည်း ပါသွားကြောင်း ဒေါက်တာ ဒေါ်ချမ်းမြေ့လင်း၏ အမျိုးသားဖြစ်သူ စိုင်းအိန်းခေး က သျှမ်းသံတော်ဆင့်ကို ပြောသည်။


“ မနေ့ည (၆)နာရီက လာခေါ်သွားတယ်။ ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုထားတယ်။ မေးစရာရှိတယ်ဆိုပြီးခေါ်သွားတယ်။ သူနဲ့က ၅လသား အရွယ်ကလေးတယောက်နဲ့ ဆေးခန်းအကူ ကလေးတယောက်ပါသွားတယ်။ ဘာကြောင့်တရားစွဲ ဆိုတယ်ဆိုတာတော့ မသိသေးဘူး” ဟု စိုင်းအိန်းခေး ကဆိုသည်။


လက်ရှိမှာ ဒေါက်တာ ချမ်းမြေ့လင်း တို့ကို ကွတ်ခိုင်မြို့ ဗျူဟာကုန်းတွင် ကောင်းမွန်စွာထားရှိကြောင်း၊ ယမန်နေ့ ဒေါက်တာကိုလာခေါ်စဉ် မည်သည့် ပစ္စည်းမှ မပါရှိသွားကြောင်းလည်း စိုင်းအိန်းခေး က ပြောပြသည်။


“ ပစ္စည်းတွေ ဘာမှ မပါသွားလို့ကျနော် ဒီနေ့ မနက် သွားပို့လိုက်တယ်။ ကောင်းကောင်းမွန်မွန် နဲ့ထားပါတယ်။ ကျနော်အနေနဲ့ကတော့ အမြန်ပြန်လွှတ်ပေးစေချင်ပါတယ်” ဟု ဒေါက်တာချမ်းမြေ့လင်း၏ အမျိုးသားက ပြောသည်။


ကွတ်ခိုင်မြို့ ပြည်သူ့ကျန်းမာရေး နှင့် ကုသရေးဌာန ဝန်ထမ်း (၁၀၀) ဝန်းကျင် စစ်အာဏာဖီဆန်ရေး လှုပ်ရှားမှုဖြစ်သည့် CDM ကို ပူးပေါင်းပါဝင်ထားကြပြီး၊ လက်ရှိ ဖမ်းဆီးခံရသည့် ဒေါက်တာ ဒေါ်ချမ်းမြေ့လင်းသည် မီးဖွားခွင့် ယူထားသဖြင့် CDM ပါဝင်ခြင်းမရှိကြောင်း လည်း မိသားစုဝင်များက ပြောပြသည်။


“ သူက CDMမပါထားဘူး။ သူမွေးဖွားခွင့် ၆လ ယူထားတယ်။ အခု ၅လကျော်ပဲရှိသေးတယ်” ဟု လည်း ၎င်း အမျိုးသားက ဖြည့်စွတ်ပြောသည်။


ထို့အပြင် ဒေါက်တာ ဒေါ်ချမ်းမြေ့လင်း၏ လူမှုကွန်ရက်စာမျက်နှာတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အကြောင်းအရာများကို ကူးယူဖော်ပြထားသည့်အတွက် ဖမ်းဆီးခံရကြောင်း လည်း ကွတ်ခိုင်ဒေသခံများက ပြောသည်။

“ သူ့ဖေ့ဘွတ် (လူမှုကွန်ရက်မှာ) စစ်အာဏာသိမ်းတဲ့အကြောင်း၊ ဒေါက်တာ ဆာဆာကို ထောက်ခံတာတွေ ရှဲနေတာတွေ့တယ်။ အဲ့ဒါကြောင့် ဖမ်းတာလားပေါ့။ ဒါမှ မဟုတ် CDM လုပ်နေတဲ့ ဆရာဝန်တွေ ပြန်အလုပ်ဝင်ဖို့ တဖက်လှည့်ဖိအားပေးနေတာလားမသိဘူး” ဟု ကွတ်ခိုင်ဒေသခံ တဦးက သုံးသပ်ပြောသည်။

လက်ရှိ ကွတ်ခိုင် မှ ပြည်သူ့ ကျန်းမာရေး ဝန်ထမ်းများ ဆေးရုံသို့ပြန်လည် အလုပ်လာလုပ်ရန် အတွက် တဖက်လှည့်ဖိအားပေးနေကြောင်းလည်း သိရသည်

ကွတ်ခိုင်မြို့တွင် စစ်အာဏာသိမ်းယူမှုနှင့် ပတ်သက်ပြီး တောင်တန်းလူမျိုးစုတော်လှန်ရေး သပိတ်ကို နေ့စဉ်နေတိုင်း ဆက်လက် ဆန္ဒထုတ်ဖော်နေကြသည်။

Leave a Comments

- Advertisement -spot_img

Latest article