ဖမ်းခံထားရသည့် သျှမ်းပြည် ဝန်ကြီး ၂ ဦး တပ်မှ ပြန်မလွှတ်ပေးသေး

0

တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် သျှမ်းပြည် အစိုးရအဖွဲ့ဝင်အချို့ ပြန်လွှတ်မြောက်လာ သော်လည်း ၂ ဦး ကျန်သေးကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁) ရက် မနက်တွင် နိုင်ငံတော်၏ အာဏာကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က တနှစ်တိတိ လွှဲအပ်သိမ်းယူလိုက်ကြောင်း က ကြေညာထားသည်။

ထို့နောက် သျှမ်းပြည် ဝန်ကြီးချုပ် အပါအဝင် ပြည်နယ်အစိုးရ အဖွဲ့ဝင်များ နှင့် တောင်ကြီး အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ် ( NLD) ၏ ထိပ်သီးခေါင်းဆောင်များကို ယမန်နေ့ မနက် ၃ နာရီဝန်း ကျင်တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာ လက်ရှိမှာ စီးမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ လျှပ်စစ်ဝန်ကြီး စိုင်းရှန်တစ်လုံ နှင့် တောင်ကြီး NLD အတွင်းရေးမှူးတို့အား လက်ရှိအချိန်ထိ မလွှတ်သေး ကြောင်း သိရသည်။

“ အခုကျန်တာက ဝန်ကြီး ၂ ဦးနဲ့ တောင်ကြီး NLD အတွင်းရေးမှူး ပါ။ မလွှတ်လာသေးပါဘူး။ ကျန်သူ တွေကတော့ လွှတ်လာပါပြီ” ဟု တောင်ကြီး NLD အဖွဲ့ဝင် တဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

ယနေ့ နေ့လည် ၁၁ နာရီဝန်းကျင်တွင် သျှမ်းပြည်ဝန်ကြီးချုပ် ဖြစ်သည့် ဒေါက်တာလင်းထွဋ် ပြန်လည်လွှတ်လာပြီဟုဆိုသော်လည်း လက်ရှိမှာ နေအိမ် အကျယ်ချုပ်ဖြင့်နေနေရသေးကြောင်း အမည်မေ ဖာ်လိုသူက ပြောသည်။

“ ဝန်ကြီးချုပ်ကို ပြန်လွှတ်ပေမယ့် အခု နေအိမ်အကျယ်ချုပ်နေရပါတယ်။ ကျန်ပြန်လွှတ်လာသူ ကတော့ လွတ်လွတ်လပ်လပ်သွားလာလို့ရပါပြီ” ဟု ၎င်း အဖွဲ့ဝင် က ပြောပြသည်။

သျှမ်းပြည်အစိုးရ အဖွဲ့ဝင်များကို တောင်ကြီး အခြေစိုက် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ၏ ဧည့်ရိပ်သာ တွင် ထားပြီး၊ တစုံတရာ မေးမြန်းခြင်းမရှိကြောင်း၊ ခံဝန်လက်မှတ်ထိုးခိုင်းခြင်းလည်း မရှိကြောင်းသိရသည်။

“ ဝန်ကြီးအဖွဲ့ဝင်တွေကိုတော့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှာထားတယ်။ NLDပါတီ ဥက္ကဌ တွေ အတွင်းရေးမှူးတွေ လွှတ်တော်ကိုယ်စားလှယ်တွေကိုတော့ ဘယ်မှာထားလဲတော့မသိရပါဘူး” ဟု NLDအဖွဲ့ဝင် သေချာသည့် သတင်းရင်းမြစ်က ပြောသည်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မဲစာရင်းများကို စိစစ်အတည်ပြုရန် နှင့် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် အတွက် ၂၀၀၈ ဖွဲ့စည်းပံ အခြေခံ ဥပဒေ ပုဒ်မ ၄၁၈ ပုဒ်မခွဲ(က)အရ နိုင်ငံတော် ၏ ဥပဒေပြုအုပ်ချုပ်ရေး နှင့် တရားစီရင်ရေး အာဏာများကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ထံသို့ လွှဲပြောင်းတာဝန်ယူလိုက်ကြောင်း ယမန်နေ့တွင် ကြေညာလိုက်သည်။

အရေးပေါ် အခြေအနေ အဖြစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၄၁၇) အရ အမိန့်ထုတ်လိုက်ပြီး အရေးပေါ် အခြေအနေ အနေဖြင့် တနိုင်ငံလုံး အကျိုးသက်ရောက်ကြောင်းလည်း ထုတ်ပြန်ကြေညာသည်။

ထိုကြေညာချက်နှင့်အတူ သမ္မတ နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု အပါအဝင် ကျန် အစိုးရအဖွဲ့ဝင်များ NLD ထိပ်သီးခေါင်းဆောင်များကိုလည်း တပ်မှ ဖမ်းဆီးခေါ်ဆောင်ထိန်းသိမ်းခဲ့သည်။

Leave a Comments