နာမည်ကြီးတဲ့ ပုံးအင်းဆန်တွေ ဈေးကွက်ဖော်ဆောင်ပေးဖို့ လိုအပ်နေ

0

အင်းရဲ့ ဘေးပတ်လည်မှာ တောင်တန်းတွေနဲ့ ဝန်းရံပြီး ရုတ်တရက်ကြည့်လိုက်ရင်တော့ သျှမ်းပြည်ရဲ့ အထင်ကရ ဖြစ်တဲ့ အင်းလေးကန် အလားပါပဲ။

ထိုနေရာကို တချို့ကတော့ ဒုတိယ အင်းလေး လို့ တင်စားခေါ်ဆိုတဲ့ “ ပုံးအင်းဒေသ”ပါပဲ။

“ အင်းလေးကန်” ကတော့ ဆယ်နှစ်လရာသီ ရေပေါ်မှာ အိမ်တွေ နဲ့နေကြ၊ လှေလှော်ကြပေမယ့် “ပုံးအင်းဒေသ” ကတော့ ကုန်းပေါ် တလှည့် ရေပေါ်တလှည့်စီ နေထိုင်ရဲ့ အရပ်ဒေသ တခုပါ။

ထိုအရပ်ဒေသ အိမ်တိုင်းနီးပါး ခြေတံရှည်အိမ် တည်ဆောက်ကြပြီး၊ ရေပေါ်တလှည့်နေချိန် လှေတွေနဲ့ သွားလာကြပေမယ့် ကုန်ပေါ်တလှည့်ရောက်လာချိန်တော့ ဆိုင်ကယ်၊ကား တွေနဲ့ သွားလာကြပါတယ်။


ပုံအင်းဒေသဟာ သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ထဲတွင် တည်ရှိပြီး၊ ကျေးရွာအုပ်စုပေါင်း ၅ရွာ ရှိကာ စိုက်ပျိုးရေး လုပ်ငန်း ဖြစ်တဲ့ စပါးစိုက်ပျိုးတဲ့လုပ်ငန်းကို အဓိက လုပ်ကိုင်ကြသလို စပါးရိတ်ပြီးချိန်တွင် ကြက်သွန်ကို ပြန်စိုက်တဲ့ ဒေသ တခုဖြစ်ပါတယ်။

တခြားနေရာဒေသတွေနဲ့ မတူတဲ့အချက်ကတော့ စပါးရိတ်သိမ်းချိန်ပါပဲလို့ ဒေသခံတွေ က ပြောဆိုကြပါတယ်။

“ စပါးရိတ်သိမ်းချိန်ဆိုရင် ရေက ခါးလောက်ရှိတယ်။ ရေအောက်မှာ ရှိတဲ့ စပါးကို ရိတ်သိမ်းကြတယ်။ ပြီးတော့ ဝါးတန်းလေးတွေနဲ့ စပါးကိုလှမ်းကြတာပေါ့။ အဲ့ချိန် အင်းထဲက ရေအပြည့် ဆိုတော့ လှေတွေလှော်ကြပေါ့” ဟု စပါးစိုက်ပျိုးတဲ့ နန်းအေး က ပြောပြပါတယ်။

Photo by ပုံအင်းဒေသ/ Facebook

နာမည်ကြီး ထင်ရှား ကျော်ကြားတဲ့ “နောင်မွန်ဆန်” ဟာလည်း ပုံးအင်းဒေသအတွင်း စိုက်ပျိုးထွက်ရှိတဲ့ ဆန်ဖြစ်ပါတယ်။

“ ပုံးအင်း လို့ ပြောလိုက်ရင် လူတွေက နောင်မွန်ဆန်ဆိုတာ ပြေးမြင်ကြတယ်။ ဆန်ကတော့ နာမည်ကြီးတယ်။ လူကြိုက်များတဲ့ ဆန်ပါ” လို့ နောင်မွန်ဒေသခံ တောင်သူ လုံးညို က ပြောပြပါတယ်။

ပုံးအင်းဒေသဟာ “ နောင်မွန်” ဆန်ဆိုပြီးတော့ နာမည်ကြီး အထွက်ကောင်းတဲ့ ဒေသဖြစ်ပေ့မယ့် လက်ရှိ ကိုဗစ်-၁၉ ကာလမှာ ဆန်ဈေးကျဆင်းမှုကြောင့် ကျေးရွာပြည်သူတွေ စားဝတ်နေရေး အဆင်မပြေမှုတွေ ကြုံတွေ့နေရတယ်လို့ တောင်သူတွေက ငြီးငြူပြောဆိုလာကြပါတယ်။

“ ခုချိန်က ကိုဗစ် -၁၉ ကာလနဲ့ဆို ပိုဆိုးတာပေါ့။ ဆန်ဈေးကလည်း ကျလာတယ်။ ကြက်သွန်ဈေးကလည်း သိပ်မရှိဘူး။ စားဝတ်နေရေးအတွက်တော့ ရှိတာလေးနဲ့ စုဆောင်းပြီး ရှာစားရတယ်” လို့ လုံညို က ဝမ်းနည်းစွာဖြင့်ပြောသည်။

လက်ရှိ ကမ္ဘာတဝှမ်းလုံးတွင် ကိုဗစ်- ၁၉ ကူးစက်မြန်ရောဂါကို စီးပွားရေး ကျဆင်းမှုကို ရင်ဆိုင်ကြုံတွေ့နေတဲ့ကာလ ဖြစ်တဲ့အလျောက် လယ်ယာစိုက်ပျိုးသူတွေ အတွက်တော့ ပိုပြီးခက်ခဲနေကြတာကို တေ့ွမြင်ရပါတယ်။

ဈေးကွက်တွင်နာမည်ကြီးတဲ့ နောင်မွန်ဆန် ဟာ ယခင်ကတည်း က တောင်သူတွေအတွက် ဈေးကွက်ရာ အားနည်းမှု ဖြစ်ခဲ့သလို လယ်သမားတွေအတွက် ဈေးကွက်မြှင့်တင်မှုမရှိခဲ့ပေ။

ထိုအခက်အခဲတွေကြားကိုဗစ်-၁၉ ကူးစက်ရောဂါ ထပ်မံတိုးလာတဲ့အတွက် လယ်သမားတွေ အတွက် လက်ရှိကာလ ဟာ လွန်စွာကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့နေပါတယ်။

“ ကျနော်တို့ ဆန်ဈေးနှုန်းက အရင်ကတည်းက ပွဲစားတွေအပေါ်မူတည်ပြီးရောင်းရတယ်။ လယ်သမားတွေအတွက် ကိုယ်ပိုင်ဈေး သတ်မှတ်ထားပြီးရောင်းချခွင့်မရှိခဲ့ဘူး။ အခုကာလဆိုရင်ပိုဆိုးတယ်။ ဈေးတွေ အရမ်နှိမ်တယ်” ဟု လုံးညို က ပြောပြပါတယ်။

အရင်ကတည်းက ကိုယ်ပိုင်းဈေး၊ အစိုးရသတ်မှတ်တဲ့ဈေးမရှိတဲ့ လယ်သမားတွေဘဝဟာ ကိုဗစ်-၁၉ ကြောင့် ပိုအခြေအနေဆိုးရွားလာကြောင်း၊ ထိုလယ်သမားတွေကြုံတွေ့ နေတဲ အခက်အခဲပြဿနာတွေကို တစုံတဦးမျှ လာရောက် ကြည့်ရှု့ပေးတာတွေ မရှိကြောင်း ပုံးအင်း ဒေသခံ ပြည်သူတွေ က ရင်ဖွင့် ပြောဆိုလာပါတယ်။

လက်တလောမှာတော့ လယ်သမားတွေ ဆန်စစ်ပိုင်ရှင်တွေ စိုးရိမ်သောက ရောက်နေတဲ့ အရာ ကတော့ အစိုးရတွေဆီမှာ ချေးငွေယူထားပြီး ပြန်မဆက်နိုင်မှာကို စိုးရိမ်နေရတဲ့ အချိန်ကာလ တခုပါပဲ။

“ ပွဲစားတွေ ဆက်ရှိနေမယ်။ ကိုဗစ်-၁၉ ကာလတွေ ဆက်ရှည်နေမယ်ဆိုရင်တော့ အစိုးရဆီက ချေးယူထားတဲ့ ငွေပြန်ဆက်ဖို့ကတော့ ခက်ခဲမယ်။ တနှစ်ရလာရင်ပြန်ဆက်၊ ပြီးရင်ပြန်ယူ အဲ့လို သံသယလှည်နေမှာပဲ” လို့ စိတ်မကောင်းစွာဖြင့် လုံးညို က ပြောလာပါတယ်။

တဖက်မှာလည်း ကိုဗစ်-၁၉ ကာလအတွင်း လယ်သမားတွေ အစိုးရထံ ချေးငွေ အဖြစ် လယ်မြေတဧက ကို ကျပ်ငွေ ၂သိန်းနဲ့ ယူထားပေမယ့် အစိုးရဘက်က ချေးငွေ အတိုးတွေ ဆပ်နေရတဲ့အပေါ်ကလည်း ဝန်ထုတ်ဝန်ပိုး တခု လိုဖြစ်နေပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

“ကျနော်တိုက အရင်နှစ်က ၄ သိန်းခွဲယူထားတယ်။ ကျနော်တို့ အတိုးကို ၆ လတခါသွားသွင်းရတယ်။ ၄သိန်းခွဲကို အတိုး ၁၅၀၀၀ သွင်းပေးရတယ်။ နှစ်ကုန်ရင်တော့ ယူထားတာ အကုန်လုံးကို ပြန်ဆပ်ပေးရတယ်” လို့ လုံးထွန်းအေး က အစိုးရ ချေးငွေ နဲ့ပတ်သက်ပြီး ရှင်းပြလာပါတယ်။

ကိုဗစ်-၁၉ ကာလ ရက်ရှည်လာတဲ့အလျောက် ဆန်ဈေးတွေကလည်း ကျဆင်းလာပြီး အစိုးရချေးငွေကို ပြန်ဆပ်ဖို့ရအတွက်မှာလဲ အခက်ခဲ အနည်းငယ် ရှိနေပါတယ်။

သို့ပေမယ့် လယ်သမားတွေ ကတော့ အစိုးရဆီက ယူထားတဲ့ ချေးငွေကို ကြိုးစားပြီးတော့ ဆပ်ပေးရှာကြပေမယ့် တောင်သူေတွေရဲ့ မိသားစုဝမ်းရေး ဟာတော့ အဆင်မပြေဖြစ်နေပါတယ်။

လယ်သမားတွေ မှာ ကိုယ်ပိုင်းဈေးကွက်တွေ မရှိထား၊ မဖော်ထားတဲ့ အတွက်ကြောင့် အခက်ခဲများစွာ ရှိနေကြရပါတယ်။

“ပွဲစားက ခေါ်တဲ့ ဈေးနဲ့ ရောင်းကြရပြီးတော့ ကိုယ့်စားဝတ်နေရေး အတွက်လည်း ဒီလယ်ယာ စိုက်ပျိုးမှုပေါ်ကို အားကိုး လိုမရခဲ့ကြပါဘူး” လို့ လုံးထွန်းအေး က ပြောလာပါတယ်။

ထိုသို့အခက်ခဲများ အပေါ်မှာ တက်လာမည့် အစိုးရသစ် အပေါ်မှာ ပွဲစားပြသာနာ၊ ကုန်ဈေးနှုန်း ပြသာနာတွေကို လာရောက် ဖြေရှင်းပေးစေချင်တယ်လို့ ဒေသခံတွေက မျှော်လင့် နေကြပါတယ်။

လယ်ယာစိုက်ပျိုးတဲ့သူတွေ အတွက် ကိုယ်ပိုင် ဈေးကွက်ဖော်ဆောင်နိုင်ဖို့ ၊တိုက်ရိုက်ဒိုင်တွေရောင်းနိုင်ဖို့ အတွက် အစိုးရတွေ လုပ်ဆောင်းပေးစေချင်ကြောင်းလည်း ပုံးအင်း ဒေသခံ တောင်သူတွေက တောင်းဆိုလိုက်ပါတယ်။

“ဘာလို့လဲဆိုတော့ ကျနော်တို့ ကုန်ဈေးကို တိုက်ရိုက်ရောင်းချရရင် ကျနော်တို့ရဲ့ ကုန်ဈေးကလည်း ကောင်းလာမယ်။ ဒါတွေကို လုပ်ဆောင်ပေးစေချင်တယ်” လို့ ပန့်လွန်ကျေးရွာ အုပ်ချုပ်ရေးမှူး လုံးခမ်းက ပြောသည်။

လယ်သမားများက ဆန်တွေကို တောင်ကြီးမြို့ပေါ်မှာ သွားရောင်းကြသော်လည်း ကိုယ့်လိုချင်တဲ့ ဈေးနှုုန်းကိုလည်း မရရှိခဲ့တဲ့ နှစ်စဉ်နှစ်တိုင်း လုပ်အားနဲ့ ဝင်ငွေမမျှမှုကြောင့် လယ်ယာ စိုက်ပျိုးဖို့ အတွက် တွန့်ဆုတ်လာကြပါတယ်။

“ ကျနော်တို့က ဆန်ကို ရလာပြီးဆိုရင် တောင်ကြီးမြို့မှာ သွားရောင်းရပါတယ်။ သွားရောင်းတဲ့ အချိန်မှာလဲ ကိုယ့်လိုချင်တဲ့ဈေးမရပါဘူး။ သူများက ပြောတဲ့ဈေးနဲ့ပဲ ရောင်းရတယ်လေ” လို့ စိတ်မကောင်းစွာဖြင့် လုံးညိုကပြောပြပါတယ်။

ခေတ်ကာလပြောင်းလာတဲ့အလျောက် စားသုံးသူရဲ့အကြိုက်ကို လိုက်လျောရတဲ့အတွက် ဆန်ကို စင်းလုံးချောဖြစ်အောင် လုပ်ဆောင်ရတာဟာလည်း တောင်သူတွေအတွက် ငွေကြေးပိုကုန်ကာ ဝန်ထုတ်ဝန်ပိုးတခုတိုးလာပါတယ်။

“ ဝယ်သူတွေအကြိုက် ကျောက်တွေ ဇလပ်တွေ မပါအောင်လည်း ဆန်စက်ကို သွား ရွေးရတယ်။ ငွေပိုကုန်တယ်။ မလုပ်ရင်လည်း ကိုယ့်ဆန်ကို မဝယ်မှာကြောက်ရတယ်လေ” လို့ လုံးညို က ဆိုပါတယ်။

ဒါ့ကြောင့် ကိုဗစ် -၁၉ ဟာ လယ်ယာစိုက်ပျိုးသူတွေ အတွက် အခက်အခဲဆုံးဖြစ်နေပြီး၊ ချေးငွေအတွက် ခေါင်းကိုက်နေရတဲ့ ကာလတခုလည်းဖြစ်ပါတယ်။

တက်လာမည့် အစိုးရသစ်ကိုလည်း လယ်ယာစိုက်ပျိုးရေး လုပ်ငန်းအတွက် အကောင်းဆုံးလုပ်ဆောင်ပေးနိုင်ဖို့နဲ့ တောင်သူရဲ့ ဈေးကွက်ကို ဖော်ဆောင်ပေးဖို့ အတွက် မျှော်လင့်နေကြပါတယ်။

Leave a Comments