အစိုးရသစ်လက်ထက်တွင် မြေဥပဒေသစ်ပြန်လည်ရေးဆွဲမည့် လုပ်ငန်းစဉ် ရပ်ဆိုင်းထားရန်

0

လာမည့် အစိုးရသစ်လက်ထပ်တွင် အမျိုးသားမြေဥပဒေအသစ် ပြန်လည်ရေးဆွဲမည့် လုပ်ငန်းစဉ်ကို ရပ်ဆိုင်းထားရန် ဖက်ဒရယ်တိုင်းရင်းသားလယ်သမားကွန်ရက် နှင့် တိုင်းရင်းသား လူမျိုးများ လူထုဖွံ့ဖြိုးရေးဆုံရပ် (မြန်မာနိုင်ငံ) က တိုက်တွန်းခဲ့သည်။

ဇန်နဝါရီ (၂၇) ရက်နေ့က ဖက်ဒရယ်တိုင်းရင်းသားလယ်သမားကွန်ရက် နှင့် တိုင်းရင်းသား လူမျိုးများ လူထုဖွံ့ဖြိုးရေးဆုံရပ် (မြန်မာနိုင်ငံ) မှ ပူးတွဲ ထုတ်ပြန်ကြေညာချက် စာတမ်းတစ်စောင် ထုတ်ပြန်ခဲ့သည်။

“အဓိက ရည်ရွယ်ကတော့ နောက်လာမယ့်အစိုးရသစ်က အရင်တုန်းက အစိုးရအဟောင်းကြေညာထားတဲ့ ထုတ်ပြန်ထားတဲ့ အမျိုးသားမြေဥပဒေအသစ် ရေးဆွဲဖို့ ဆိုတဲ့ လုပ်ငန်းစဉ်ကို ရပ်ဆိုင်းဖို့ပါပဲ”ဟု တိုင်းရင်းသားလူမျိုးများ လူထုဖွံ့ဖြိုးရေးဆုံရပ် အတွင်းရေးမှူး စိုင်းခေးဆိုင် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

လက်ရှိ ပြင်ဆင်ရေးဆွဲနေသော မြေဥပဒေသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေယူနစ်အတွင်း ဖြစ်နေသည့် အပြင် ဗဟိုချုပ်ကိုင်မှုကို အစပြုနေသောကြောင့် မြန်မာနိုင်ငံ တိုင်းရင်းသားများအားလုံးအတွက် သဟဇာတမဖြစ်ကြောင်း လည်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

“အဲ့ဒီအမျိုးသားမြေယာအသုံးချရေး မူဝါဒက (၂၀၀၈) ဥပဒေကိုလည်း အခြေပြုထားတယ် ဆိုတော့ အရင်တုန်း ကလည်း သူက မြေလွတ် မြေလပ် မြေရိုင်း ဥပဒေနဲ့ လယ်ယာမြေ ဥပဒေကလည်း ၂၀၀၈ ကိုအခြေပြုထားတယ်။ အဲ့ဒီ ဥပဒေတွေကြောင့် လယ်သမားတွေ ပြည်သူလူထုတွေ ဒုက္ခတော်တော်ရောက်ရတယ်” ဟု စိုင်းခေးဆိုင် က ပြောသည်။

ထို့အပြင် ဖက်ဒယ်စနစ်တည်ဆောက်ရေး နှင့် ရိုးရာဓလေ့မြေယာစီမံခန့်ခွဲခြင်းကိုလည်း လှစ်လျုရှုထားသည့်အတွက် ကြောင့် တိုင်းရင်းသားလယ်သမားများကွန်ယက် နှင့် တိုင်းရင်းသားလူထုဖွံ့ဖြိုးရေးအဖွဲ့များ မဟာမိတ်နှစ်ခုမှ လက်ရှိ ရွေးကောက်ထားသော အစိုးရသစ်အား အမျိုးသားမြေယာဥပဒေရေးဆွဲရေး လုပ်ငန်းစဉ် ဆိုင်းငံ့ထားရန် တိုက်တွန်းရခြင်း ဖြစ်ကြောင်း သိရသည်။

“ အဟောင်းကိုပဲ ပြန်လည်အခြေခံပြီးတော့မှ ပြန်ပြင်ဆင်ရေးဆွဲမယ်ဆိုလို့ရှိရင် ပြဿနာက မပြီးနိုင်တော့ဘူး။ အဲ့ဒီအဟောင်းတွေက သူက ဗဟိုချုပ်ကိုင်မှုစနစ်ကိုလည်း ဦးစားပေးထားတယ်” ဟု စိုင်းခေးဆိုင် က ထပ်လောင်းပြောသည်။

ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အားပေးထားကြောင်း၊ မြေယာသိမ်းဆည်းမှုကို ရပ်တန့်သွားမည် မဟုတ်ကြောင်း စိုင်းခေးဆိုင် က ဆိုသည်။

လယ်သမားအဖွဲ့အစည်းများ၊ လူထုအခြေပြု အဖွဲ့အစည်းများ အရပ်ဘက် အဖွဲ့အစည်းများက လွန်ခဲ့သော နှစ်များစွာက မြေယာ နှင့် ပတ်သက်ပြီး အကြံပြုချက်များ စာတမ်းများကို ထုတ်ပြန်ထားပေမယ့် အခြေခံပြီး ရေးထားကြောင်းလည်း မရှိကြောင်း စိုင်းခေးဆိုင် ကပြောသည်။

လက်ရှိ လူထုတင်မြောက်ထားတဲ့ အစိုးရသစ်က တိုင်းရင်းသားပြည်သူလူထုများ နဲ့ ယုံကြည်မှုတည်ဆောက်ဖို့ အခွင့်အလမ်းဖြစ်တဲ့အပြင် တိုင်းရင်းသား ပြည်သူလူထုများရဲ့ ရိုးရာမြေယာများအပေါ် ထိခိုက်စေတဲ့ ရင်းနှီးမြှုပ်နှံမှုများ ရပ်တန့်သင့်ကြောင်း၊ ဗဟိုချုပ်ကိုင်တဲ့ စနစ်လည်း လျှော့ချရမည်ဖြစ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်သင့်ကြောင်း ဖက်ဒရယ်တိုင်းရင်းသား လယ်သမားကွန်ယက် မှ ပြောရေးဆိုခွင့်ရှိသူ နိုင်စဝေါမွန် ကပြောသည်။

ရေးဆွဲမည့် မြေဥပဒေသစ်သည် အမျိုးသားမြေအသုံးချရေးမူဝါဒကို အခြေခံပြီး ရေးဆွဲမည်ဟု ယခင်အစိုးရ၏ လုပ်ငန်းစဉ် ကြေညာချက်တွင် ပါဝင်နေပြီး ၂၀၂၂ ခုနှစ် နှစ်လည်ပိုင်းတွင် အပြီးရေးဆွဲသွားရန် ရည်ရွယ်ထားကြောင်း သိရသည်။

ထိုရေးဆွဲရေး လုပ်ငန်းစဉ်တွင် အခြေပြုမူ နှင့် ရပ်တည်ချက်ရှင်းလင်းစွာ ဖော်ပြထားချက်မပါကြောင်း၊ ထို့အတူ အရပ်ဘက် လူမှုအဖွဲ့အစည်းအများ မည်သို့မည်ပုံ မည်သည့် အခန်းကဏ္ဍတွင် ပါဝင်ရန် ရှင်းလင်းချက်မပါရှိဘဲ အရပ်ဘက် အဖွဲ့အစည်းများ ပါဝင်အကြံပြုရန်သာ တိုက်တွန်းထားသည်။

Leave a Comments