Saturday, April 20, 2024

တပ်မတော် တကယ် အာဏာသိမ်းနိုင်မလား

Must read

တပ်မတော် အနေဖြင့် ၂၀၂၀ရွေးကောက်ပွဲ ကျင်းပပြီး မဲရလဒ် တွေထွက်ပေါ်လာပြီးနောက် ရွေးကောက်ပွဲ ရလဒ်ဟာ တရားမျှတမှုမရှိကြောင်း၊ မဲမသမာမှုများကြောင်း ကို နေ့စဉ်နဲ့အမျှ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

မဲရလဒ် နဲ့ပတ်သက်ပြီး ယမန်နေ့ (ဇန်နဝါရီ ၂၆)ရက်မှာလည်း သတင်းမှန်ပြန်ကြားရေး သတင်းစာရှင်းလင်းပွဲပြုလုပ်ရာမှာလည်း အဆာဟိရှင်းဘွန်း သတင်းဌာန သတင်းထောက် နော်ကို က “ တပ်မတော် အနေဖြင့် အာဏာမသိမ်းဘူးလို့ မှတ်ယူလို့ရမလားခင်ဗျ”ဆိုတဲ့မေးခွန်းကို မေးမြန်းရာမှာ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက -မှတ်ယူလို့မရကြောင်း၊ တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆဲဥပဒေတွေကိုလိုက်နာသွားမှာဖြစ်တယ်- လို့ဖြေကြားခဲ့ပါတယ်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းရဲ့ဖြေကြားချက်ဟာ ပြည်သူလူထုကြားဂယက်ထသွားစေခဲ့သလို မကြာခင်မှာလည်း
အစိုးရသစ်အတွက် တတိယအကြိမ် လွှတ်တော်ပြန်ခေါ်တော့မှာဖြစ်တာကြောင့် နိုင်ငံရေးသမားတွေ ပြည်သူတွေ အတွက်စိန်ခေါ်မှုတခုလို ဖြစ်နေခဲ့ပါတယ်။ သျှမ်းသံတော်ဆင့် သတင်းထောက် နန်းဆိုင်ဖူး က သျှမ်းပြည် နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများကို ဆက်သွယ်မေးမြန်းစုစည်းထားပါတယ်။

“ဒီမိုကရေစီလမ်းကြောင်းတကယ်သွားချင်ရင်တော့ လူထုဆန္ဒက အဓိကပေါ့”

စိုင်းသီဟကျော်
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ( SNLD) လွှတ်တော်ကိုယ်စားလှယ်

အဓိကတော့ တပ်မတော်ကတော့ ဒီရွေးကောက်ပွဲ ရလဒ် အနေနဲ့ ပတ်သတ်ပြီး တောက်လျှောက်မဲစာရင်းတွေကိုပြုစုပြီးတော့တင်ပြနေတယ်။ အဓိကတောင်းဆိုနေတာကို ဒီမဲမသမာမှု ဖြစ်စေတဲ့ ကိစ္စ ဖြစ်နေတဲ့ အချက်လက် ပတ်သက်ပြီး ဖြေရှင်းပေးဖို့ လတ်တလောမှာ ဒီတခုကို တောင်းဆိုနေတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်း တွေကိုဖြေရှင်းပေးဖို့တောင်းဆိုတယ်။ တကယ်လ့ိုတောင်းဆိုလို့ မဖြေရှင်းပေးခဲ့ဘူးဆိုရင် အဓိက ကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဥပဒေနဲ့ ဆက်လက်ဆောင်ရွက်သွားမယ်ဆိုတဲ့ အပိုင်းကိုအဓိက ပြောသွားတာပေါ့ ။အဲ့တော့ သူပြောတဲ့ အပိုင်းမှာနဲနဲ ကျယ်ပြန့်တယ်ပေါ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရဆိုရင် အာဏာသိမ်းမယ်ဆိုရင်သိမ်းလို့ရတယ်ဆိုတဲ့သဘောမျိုးပြောတယ်လို့ဘဲ မယူဆ ပါနဲ့ ဒါမဲ့လုပ်မလုပ်ဆိုတာ သက်ဆိုင်ရာအဖွဲ့အစည်းနဲ့ဘဲ ဆိုင်တယ်လို့ဘဲထင်ပါတယ်။

အဲ့တော့သူ့ဆိုလိုရင်းကတော့ အာဏာသိမ်းလို့ရမလား မရဘူးလားဆိုဒါကို သူက တိုက်ရိုက်မပြောတာဖြစ်တဲ့ကြောင့်မလို့ သူ့ရဲ့ဆိုလိုချက်ကို သူနောက်ထပ်ရှင်းပါတယ်။ နောက်မှာ ပြဌာန်းထားတဲ့ ဥပဒေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တွေနဲ့ အညီဘဲဆောင်ရွက်သွားမယ်လို့ သူပြန်ပြောခဲ့တာ ဖြစ်ပါတယ်။

အဲ့တော့ ခြုံပြီး ပြန်ပြောရမယ်ဆိုရင်တော့ တကယ်လို့ သူပြောသလို အာဏာမသိမ်းဘူးပြောလို့ရသလား မရဘူးဆိုရင်တော့ အာဏာသိမ်းလို့ရတယ်။ ပြောင်းပြန် ပြန်ကောက်ရင်တော့ အဲ့လိုပြောလို့ရတာပေါ့။

တဖက်ကတော့ တောင်းဆိုမယ်ဆိုရင် တဖက်ကတော့ဖြေရှင်းပေးရမယ့် အဖွဲ့အစည်း ရှိတာပေါ့။ အဲ့တော့တောင်းဆိုပြီး မဖြေရှင်းဘူးဆိုရင် သူ့မှာဘာလုပ်မှာလည်း ဆိုတာ သူပြောထားတဲ့တင်မှာ သူပြောခဲ့တာပေါ့။ အမေးရှိရင်အဖြေရှိတယ် သူတို့မှာတော့ မေးခွန်းရှိပြီးသား ရှိနေပြီ ဆိုရင် သူတို့မှာ ဘာလုပ်မယ်ဆိုတာ အဖြေကရှိနေတယ်ပေါ့ ဒါမဲ့ အဲ့ဒါက သူပွင့်ပွင့်လင်းလင်းမပြောတော့ ကျွန်တော်တို့လည်း မှန်းထားရခက်ပါတယ်။

တိုင်းပြည်ရဲ့အခြေအနေ အရဆိုရင်တော့ ဒီမိုကရေစီ လမ်းကြောင်းကိုသွားတာဖြစ်တယ်။ ဒီမိုကရေစီခိုင်မာ အားကောင်းအောင် လုပ်ချင်တယ်ဆိုရင် အများပြည်သူများကနေပြီးတော့ သဘောတူ လက်ခံနိုင်လောက်တဲ့ အများဆန္ဒကိုလည်း အလေးထားပြီး ပြုသင့်တယ်လို့ ကျနော့် အနေ နဲ့တော့ဒီလိုယူဆပါတယ်။

ဒီမိုကရေစီ ဆိုတာကတော့ နောက်ဆုံးပိ်တ်ကျနော်တို့ ငြင်းကြမယ်။ ခုံကြမယ်။

အဆုံးအဖြတ်လုပ်တဲ့ချိန်မှာ လုပ်လို့မရတော့ဘူး။ ဘယ်လိုမှ အဖြေမထွက်ဘူးဆိုရင် နောက်ဆုံးပိတ်ကတော့ ကျနော်တို့ အများဆန္ဒ နဲ့ ဆောင်ရွက်ရတာပေါ့ အဲ့တော့ ဘယ်လို့ဘဲဖြစ်နေဖြစ်နေ တိုင်းပြည်ရဲ့အခြေအနေ တည်ငြိမ်အေးချမ်းဖို့ဆိုရင် ဒီမိုကရေစီ လမ်းကြောင်း အမှန်တကယ်သွားချင်တယ်ဆိုရင်တော့ အများပြည်သူရဲ့ ဆန္ဒတွေကိုလဲ အလေးထားသင့်တယ်လို့ဘဲ ပြောချင်ပါတယ်။

တခုခုတိုင်းပြည်အခြေအနေက ဆိုးရွားလာမယ် ညှိနှိုင်းဆောင်ရွက်လို့မရတဲ့ အနေမထားထိဖြစ်လာမယ် ဆိုရင် သူလုပ်ကောင်းလုပ်နိုင်တယ်ဆိုတဲ့သဘောမျိုးပြောသွားတဲ့အနေအထားတွေ့ရတယ်။

သို့သော်လည်းဘဲ တိုင်းပြည်မျက်နှာကြည့်မယ် တိုင်းပြည်တည်ငြိမ်အေးချမ်းတာကို ကြည့်မယ်ဆိုရင်တော့ ဆောင်ရွက်ဖို့ မသင့်တဲ့ ကိစ္စဘဲလို့ ကျနော်တို့ ရိုးရိုးသားသားပဲ မြင်ပါတယ်။

“အာဏာသိမ်း မေးခွန်းနဲ့ အဖြေ နားလည်မှု လွှဲနေကြတာလား”

ဦးမောင်မောင်စိုး နိုင်ငံရေး လေ့လာသုံးသပ်သူ

သူပြောတဲ့ အဓိပ္ပာယ်ကို ကျနော်လည်း နားလည်အောင် လုပ်နေတုန်းပဲ။ တချို့က အာဏာသိမ်းလို့ရသလားဆိုတာ မရပါဘူး။ အာဏာကို မှတ်ယူလို့မရပါဘူးလို့ အဓိပ္ပာယ်ဖွင့်တယ်။ ကျနော် နားလည်တာကတော့ သူပြောချင်တာက အာဏာသိမ်းလို့မရဘူး ဖွဲ့စည်းပုံအခြေခံ ဥပဒေအတိုင်းသွားမယ်လို့ ပြောတယ်လို့ပဲ ကျနော်နားလည်တယ်။

နားလည်ပုံ မတူဘူး။ ကျနော်လည်း သေချာ ပြန်ကြည့်ရအုံးမယ်။ မေးတဲ့သူက မေးတာ အာဏာသိမ်းလို့ မရဘူးလို့ မှတ်ယူလို့ ရသလားလို့ မရပါဘူးလို့ ပြောတယ် တချို့က အာဏာသိမ်းလို့ရတယ်ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုကြတယ်။ ဒါမယ့် သူ့စကား အားလုံးကို နားထောင်ကြည့်လိုက်တဲ့အခါကျတော့ အာဏာသိမ်းလို့မရဘူး တပ်မတော်သည် ၂၀၀၈ အခြေခံ ဥပဒေနဲ့ သွားမယ်လို့ ပြောထားတာလို့ပဲ ကျနော် သဘောပေါက်တယ်။

“၂၀၀၈ အရ ဆိုရင်အာဏာက တရားဝင်သိမ်းထားပြီးသားဘဲ”

ဝင့်ထည်ကောင်းမြတ်

မြန်မာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေး သိပ္ပံ

သူသည် အာဏာသိမ်းမယ်လို့လည်း မဟုတ်ဘူး။ မသိမ်းဘူးလို့လည်း မဆိုလိုဘူး။ ဆိုတာမျိုးပြောသွားတာပေါ့နော်။ တကယ်တမ်းပြောရရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဆိုလို့ရှိရင် တပ်က အသာစီးရထားတဲ့ ဥပဒေဖြစ်တယ်။

စစ်အုပ်စု အကျိုးစီးပွားအတွက် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြစ်တယ်။ ၂၀၀၈ အရဆိုရင် အာဏာက သိမ်းထားပြီးသားလို့ ပြောလို့ရတယ်။ တရားဝင် သိမ်းထားပြီးသားပါ။ တရားဝင် အာဏာသိမ်းထားတဲ့ ကိစ္စကို တရားမဝင် အာဏာထပ်သိမ်းမယ်ဆိုလို့ရှိရင်လည်း လူထုအတွက်ကတော့ ဘာမှမထူးဘူး။

တကယ်လို့ အာဏာသိမ်းမယ်ဆိုရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေက အာဏာသိမ်းခွင့်မရှိဘူး။ သမ္မတက အာဏာလွှဲပြောင်းပေးရမယ်။ သမ္မတက လွှဲပြောင်းတာမဟုတ်ဘဲနဲ့ အာဏာသိမ်းမယ်ဆိုလို့ရှိရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက သူ့အလိုလို ပျက်ပြယ်သွားပြီဆိုတဲ့ အနေအထားမျိုးရောက်သွားမယ်။ အဲ့လိုတော့ တွေးမိတယ်။ ဒါက ၅၀ – ၅၀ ပဲ။

လောလောဆယ် လူထုလက်ထဲမှာ အာဏာရှိတယ်လို့တော့ အပြည့်အဝ ယူဆလို့ မရဘူး။ အခုလောလောဆယ် ပြည်နယ်တွေမှာဆိုရင် ပိုဆိုးတယ်။ လူထုက ဒီလောက်ကြီး နိုင်ငံရေးမှာပဲ ဖြစ်ဖြစ် နိုင်ငံရေးအားဖြင့် ပါဝင်ပတ်သက်ခွင့်မှာပဲ ဖြစ်ဖြစ် တကယ့် ဒီမိုကရေစီကျကျ ဖက်ဒရယ်ကျကျတော့ ဟုတ်မနေသေးဘူး။ ဒီအပေါ်မှာ ထပ်ပြီးတော့ အာဏာသိမ်းမယ် ဘာညာဆိုတဲ့ အပေါ်မှာတော့ အထူးတော့ ပြောစရာ မရှိပါဘူး။ လောလောဆယ် လူထုလက်ထဲ အာဏာရှိနေတာမဟုတ်ဘူးပေါ့ အဲ့ဒါလေးပဲ ပြောချင်ပါတယ်။

အဓိကကတော့ တိုင်းပြည်တည်ဆောက်ရေးကို ညှိနှိုင်းပြီးသွားတယ်ဆိုတော့ နှစ်ဦးနှစ်ဖက်က စိတ်ရှည်ရတာပေါ့။ လက်နက်ကိုင်ဘက်ကလည်းကောင်း ပြည်သူဘက်ကလည်းကောင်း နှစ်ဦးနှစ်ဘက် စိတ်ရှည်ပြီးတော့မှ နိုင်ငံရဲ့ တည်ဆောက်ရေးကို ညှိနှိုင်းပြီး သွားနေကြတယ်။ အဲ့လိုမျိုး ညှိနှိုင်းတာ မဟုတ်ဘဲနဲ့ တဖက်ဖက်က စိတ်မရှည်ဘူး သွားနေတဲ့ အပေါ်မှာ စိတ်မရှည်ဘူးဆိုလို့ရှိရင်လည်း အဲ့အကျိုးဆက်ကတော့ နှစ်ဖက်လုံးကတော့ ခံစားရမယ်။

လူထုမှာလည်း နည်းနည်းတော့ စိန်ခေါ်မှုဖြစ်တာပေါ့။ အာဏာသိမ်းမယ်ဆိုလို့ရှိရင် စစ်ပွဲတွေလည်း ပြန်ဖြစ်လာနိုင်တယ်။ လူထုအုံ့ကြွမှုလည်း ပြန်ဖြစ်လာနိုင်တယ်။လူထုကကတော့ အာဏာသိမ်းမယ်ဆိုတဲ့ဟာကို ကြောက်နေတာတော့ရှိမှာမဟုတ်ဘူး အဓိကကတော့ ပြည်နယ်မှာပဲ ဖြစ်ဖြစ် တိုင်းတွေမှာပဲ ဖြစ်ဖြစ် ဟိုအရင်ကတည်းက စစ်အာဏာရှင်တော်လှန်ရေးဆိုတဲ့ ကိစ္စက အရင်ကလည်းက လူထုက လုပ်လေ့ရှိတယ်။

၈၈ တုန်းကလည်း အာဏာရှင်ကို လူထုက တော်လှန်ခဲ့ကြတာပဲ ၂၀၀၇ မှာလည်း အာဏာရှင်ကို လူထုက တော်လှန်ခဲ့ကြတာပဲ။ အဲ့တော့ အာဏာသိမ်းမယ်ဆိုတဲ့ စကားပေါ်မှာ လူထုကတော့ ကြောက်မယ့် လူထုမရှိဘူးပေါ့နော် ကြောက်မှာမဟုတ်ဘူး အဲ့အဖြစ်ကိုတော့ အသင့်ဖြစ်မယ်လို့ ယုံကြည်တယ် တပ်ဘက်က အသင့်ဖြစ်တယ်ဆိုလို့ရှိရင်တော့ သိမ်းပေါ့နော်။ အဲ့လိုမျိုးပဲ ပြောချင်ပါတယ်ဗျ။

“သမိုင်းတင်အပြစ်ပြောခံရမယ့် အလုပ် ဆက်မလုပ်စေချင်”

ဦးတင်မောင်သိန်း

(ဇီဝိတ လူမှုကူညီရေးအသင်း ဥက္ကဌ)


မျှမျှတတပြောရမှပေါ့လေ။ မျှမျှတတ ဆိုတာက ငြိမ်းချမ်းရေး ကိစ္စပါပဲ။ လူတိုင်းက ငြိမ်းချမ်းချင်တယ်ကွယ်။ ငြိမ်းချမ်းသာယာနေရင် မကောင်းဘူးလား ငြိမ်းချမ်းရေးက ဆွေးနွေးလို့ကို မရနိုင်ဘူး။

ဆွေးနွေးလို့မရနိုင်တာလည်း အကြောင်းရင်းလည်း အများကြီး နှစ်ပေါင်းများစွာ ဖြစ်စေရာတဲ့အကြောင်း လည်းအများကြီး နောက်တခါ ဘာကြောင့် ငြိမ်းချမ်းရေး ကိစ္စမရတာလည်းလို့ ထဲထဲဝင်ဝင် ငါတို့က မသိဘူး။။ ကိုယ်တိုင်ပါဝင်ပြီးတော့မှ ညှိနှိုင်းဆောင်ရွက်ရတာ မဟုတ်ဘဲ နဲ့ ဘေးက တရားခံဖြစ်တဲ့အတွက် အဲ့ဒီအကြောင်းအရာတွေ ငါတို့မသိဘူး။

အဲ့ဒီလိုပဲ ငြိမ်းချမ်းစေချင်တယ် မငြိမ်းချမ်းတဲ့ခါကျတော့ တိုင်းပြည်မသာယာဘူး။ အဲ့တော့ အာဏာသိမ်းခံရပြီးတော့ အာဏာသိမ်းပြီး အုပ်ချုပ်တဲ့ အစိုးရလည်း သူဖြစ်ခဲ့ပြီးပြီ။ အဲ့ မျိုးဆက်တွေဟာ ခုချိန်ထိ ရှိတုန်းပေါ့။ အာဏာသိမ်းပြီး စစ်အုပ်ချုပ်ရေး အုပ်ချုပ်တဲ့ အချိန်တွေ လူထုတရပ်လုံး ရဲ့ သူတို့ရဲ့ မျိုးဆက်သစ် သူတို့ရဲ့ စစ်အုပ်ချုုပ်ရေးဟာ ဘယ်သူမှ မလိုချင်ဘူး။ ဘယ်သူမှလည်း မကြိုက်ဘူး။

အဲ့တော့ မေးချင်တာ အာဏာသိမ်းပြီး အုပ်ချုပ်တဲ့သူကို ကြိုက်သလား ဒါကိုမေးချင်တာပေါ့။ ရှေ့ဆက်က အာဏာမသိမ်းဘူးလို့ မပြောနိုင်ဘူး။

တရားဝင်ပြောတဲ့ ကိစ္စသည် တတိုင်းပြည်လုံးအတွက် စိတ်မချမ်းသာစရာဖြစ်တယ်။ အဲ့ဒီအပြင် အုပ်ချုပ်ခံရမယ့် လူတန်းစားနဲ့ အုပ်ချုပ်သူ လူတန်းစား နှစ်ရပ်မှာလည်း ပျော်ကြရဲ့လား ဝမ်းသာကြသလား ဖြစ်သင့်သလား။

ပြီးခဲ့တဲ့ သက်တမ်း (၅) နှစ်မှာ အစိုးရ နိုင်တယ်။ အရပ်သားအစိုးရ အုပ်ချုပ်တဲ့ ကာလမှာ အစိုးရဆိုတဲ့ ဂုဏ်သိက္ခာတရပ်နဲ့ကော အဲ့ဒီအစိုးရ ရပ်တည်နိုင်ရဲ့လားပေါ့။

ဘာဖြစ်လို့လဲဆိုတော့ အစိုးရ နှစ်ရပ်လို့ ပြောနေကြတယ်။ ကြာပြီလေ ပြောမယ်ဆိုရင်တော့ မပြောသင့်ဘူးပေါ့ စစ်တပ်ရဲ့ ဖွဲ့စည်းပုံက သူတို့ဟာ ဘယ်လိုရပ်တည်ရမလဲ ဘယ်ဘက်က ဘယ်လိုရှိကြမလဲဆိုတဲ့ ကိစ္စ စကားပြောတာပေါ့။

နောင်ဗမာပြည် အစဉ်တဆက်မျိုးဆက်တွေမှာ ဘယ်လို ဖြစ်သွားနိုင်လဲ ဆိုတော့ စစ်တပ်ကို ထောက်ခံတဲ့သူ စစ်တပ်ကို မထောက်ခံတဲ့သူ စစ်သားက စစ်သားအလုပ်ကိုလုပ် ဆိုတဲ့အမြင်မျိုးနဲ့ တိုင်းပြည်လူထုအများစုက သမိုင်းမှာ ဘယ်လိုမှတ်ကျောက်တင်ကြမလဲ ဒါက မဖြစ်သင့်ပါဘူး။

အဲ့ဒါကြောင့် ဒို့အမြင်ကတော့ သူတို့ကိုလည်း အပြစ်မပြောချင်သလို အပြစ်ပြောအောင်လည်း ဘယ်သူမှ မလုပ်ကြပါနဲ့ သမိုင်းတင်အပြစ်ပြောခံရမယ့် အလုပ်ကိုလည်း မလုပ်စေချင်ဘူး။

“အခုခေတ်က အာဏာသိမ်းဖို့ လွယ်မှာမဟုတ်”

နန်းဇင်နွယ်

ပအိုဝ်းအမျိုးသမီး သမဂ္ဂ အမှုဆောင် ဒါရိုက်တာ

တပ်မတော်က သူတို့ဆီမှာ အာဏာရှိတယ်လို့ တရားဝင် ချပြလိုက်သလိုမျိုး ပိုပြီးတော့ ဖြစ်စေတာပေါ့။ သူတို့ရဲ့ စိတ်ထဲမှာ ဘာရှိနေလဲ နင်တို့တွေ လုပ်ပုံ ကိုင်ပုံအဆင်မပြေရင် ငါတို့က အချိန်မရွေး အာဏာသိမ်းသွားမယ် ဆိုတဲ့ သူတို့ရဲ့ သြဇာအာဏာကို ထုတ်ပြတယ်။ မြန်မာပြည်မှာဆိုလို့ရှိရင် သူတို့က တကယ့်ကို အရေးကြီးတဲ့ အခန်းကဏ္ဍမှာရှိနေတယ်။ သူတို့မပါရင် မပြီးဘူး သူတို့ရဲ့ သြဇာအာဏာ ရှိတယ်။ သဘောပြောချင်တာက အခုလက်ရှိ ရှိနေတာထက်ကို သူတို့က သြဇာအာဏာရှိတယ်ဆိုတဲ့ ဟာကို သူတို့က ထုတ်သွားလိုက်တယ်ဆိုတဲ့ သဘောမျိုး ပိုဖြစ်လိုက်တာပေါ့။

ဘယ်လိုအမြင်လဲဆိုတော့ သူကတော့ သူပြောချင်ရာ ပြောမှာပဲ။ ဒါပေမယ့် လက်တွေ့မှာ ကျမတို့နိုင်ငံက အရင်တုန်းက စစ်ဘက်အုပ်ချုပ်မှုအောက်မှာ နေခဲ့ရတဲ့ နိုင်ငံဖြစ်တယ်။ စစ်တပ်အုပ်ချုပ်မှုကနေပြီးတော့ ဒီမိုကရေစီဖက်ကို တဖြေးဖြေးသွားလာတဲ့ အနေအထားမှာ စစ်တပ်ကလည်း သူ့ဘက်ကနေကြည့်ရင် သူကတော့ သေချာအောင် သူ့သြဇာအာဏာကို တည်မြဲအောင်လို့ ဖွဲ့စည်းပုံအခြေခံ တွေမှာ အစ ၂၅ ရာခိုင်နှုန်း သေချာအောင်သူလုပ်ထားပြီးသား။ ဒါတစ်ပိုင်း ရှိတယ်ပေါ့နော်။

လက်တွေ့မှာ သွားလာတဲ့ ခါကျတော့ လူတွေ ရဲ့ အမြင်သဘောထားမှာ စစ်တပ်ကလည်း သူ့ကိုသူ နည်းနည်းလေး အရင်ကထက်စာရင် သြဇာအာဏာအများကြီးရှိတဲ့နေရာကနေ အခု တဖြေးဖြေးနဲ့ ကျဉ်းလာတယ်လို့ သူခံစားရပုံပေါ်တယ်။ ဒါကြောင့်မလို့ အဲ့ဒီစကားလုံးလေးကို သူက ထုတ်ပြောလာတယ်လို့ ကျမတို့ မြင်ရတယ်။

တဖက်မှာ ပြန်ကြည့်လို့ရှိရင်တော့ စစ်တပ်က အာဏာပြန်သိမ်းသွားနိုင်ခြေရှိလား ဆိုရင် အာဏာပြန်သိမ်းသွားနိုင်ခြေလည်းရှိတယ်။ သို့ပေမယ့် အလုံးစုံ အာဏာပြန်သိမ်းသွားဖို့က အခက်ခဲ နည်းနည်းရှိတယ်။

အရင်တုန်းကလို သိမ်းချင်သိမ်းမယ်ဆိုတာ ခုလက်ရှိ အခြေအနေမှာ အဲ့လိုမျိုး လုပ်လို့မရဘူး ဆိုတဲ့ဟာကို ကျမတို့ မြင်လာရတယ်။ ဘယ်လိုမျိုးလဲ ဆိုလို့ရှိရင် စစ်တပ်က အခုလက်ရှိမှာ သူက အာဏာပြန်သိမ်းဖို့ဆိုတာ ထင်သလောက် မလွယ်ဘူး။

ဘာလဲဆိုတော့ (၁) အချက် ပြည်သူတွေရှိတယ်။ ပြည်သူတွေကလည်း အခုဆိုလို့ရှိရင် ကျမတို့ ဘာပဲပြောပြော ဒီအစိုးရ ဒေါ်အောင်ဆန်းစုကြည် တို့ကိုထောက်ခံတဲ့ ပြည်သူလူထုတွေ အများကြီးရှိတယ်။

အခုအနေအထားက အရင်တုန်းက လိုမျိုး မျက်စိပိတ်၊ နားပိတ် ပြီးတော့ ဝါဒဖြန့်ချီရေးအောက်မှာ နေကြတဲ့သူတွေ မဟုတ်တော့ဘူး။

Social Media ခေတ်၊ မီဒီယာတွေကလည်း တဖြေးဖြေး အားကောင်းလာတဲ့ခါကျတော့ ပြည်သူလူထုတွေက ဘယ်ဟာမှန်လဲ မှားလဲ ဆိုတဲ့ဟာကို ဝေဖန်ပိုင်းခြားနိုင်တဲ့ အနေအထားမျိုး တဖြေးဖြေး ရောက်လာတဲ့ခါကတော့ သူတို့ ထင်သလောက်လုပ်ဖို့ အာဏာပြန်သိမ်းဖို့ဆိုတာ မလွယ်တော့တဲ့အနေအထားမှာရှိပါတယ်။

နံပတ်(၂) က နိုင်ငံတကာ အသိုင်းအဝိုင်းတွေလည်းရှိတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ပြီးခဲ့တဲ့ နှစ်တွေမှာဆိုလို့ရှိရင် ကျမတို့ နိုင်ငံက (ICJ) ဂမ်ဘီးယား နိုင်ငံက တရားစွဲတာ ခံရတယ်။ အဲ့ဒီမှာ တရားရင်ဆိုင်နေရတဲ့ အနေအထားဖြစ်တယ်။ ခုလက်ရှိလည်း အဲ့ဒီဟာ မပြီးသွားသေးဘူး။

အခုစောင့်ကြည့်နေတဲ့ ကာလဖြစ်တယ်။

အစိုးရ နဲ့ အခုလက်ရှိ တပ်မတော် နဲ့က သူတို့ကြားမှာ ကျမတို့ မသိတဲ့ အပေးအယူလုပ်ထားတာလည်း ရှိကောင်းရှိမယ်ဆိုတော့ ဒီလို ကိစ္စတွေက ပြန်ပြီး အာဏာပြန်သိမ်းဖို့ ဆိုတာက ထင်သလောက်မလွယ်ဘူး။

နောက်ထပ်တခုက တရုတ်ပေါ့။ တရုတ်က ကျမတို့ မြန်မာနိုင်ငံရေးအကြောင်းပြောမယ်ဆိုလို့ရှိရင် ချန်ထားလို့မဖြစ်တဲ့အနေအထားလေးမှာ ရှိတယ်။

ဘယ်လိုလဲဆိုလို့ရှိရင် အခုတရုတ်က ကြည့်ရသလောက်က အရင်က စစ်တပ်နဲ့ နီးနီးကပ်ကပ်ဖြစ်တယ်။ ဒါပေမယ့် ခုအနေအထားအရ နည်းနည်းလေး NLD အစိုးရကလည်း တရုတ်နဲ့ နည်းနည်းလေး ချည်းကပ်မှုတွေရှိတော့ အစိုးရ နဲ့ တရုတ်အစိုးရကြားမှာ ဘာအပေးအယူရှိထားလည်းတော့ မပြောတတ်ဘူး။ ဒီဟာလည်း ရှိနေကြတော့ တကယ်တမ်းလုပ်မယ်ဆိုရင် အာဏာပြန်သိမ်းမယ်ဆိုရင် သိပ်မလွယ်ဘူး။

Leave a Comments

- Advertisement -spot_img

Latest article