Thursday, April 25, 2024

မြေယာအငြင်းပွားမှုများ အမြန်ဆုံးဖြေရှင်းပေးရန် အင်းလေးဒေသမှတောင်သူများ လမ်းလျှောက်ဆန္ဒထုတ်ဖော်

Must read

သျှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသတွင်ဖြစ်ပွားနေသော မြေယာအငြင်းပွားမှုများကို အမြန်ဆုံးဖြေရှင်းပေးရန် ဒေသခံတောင်သူများ ညောင်ရွှေမြို့တွင်း၌ လမ်းလျှောက်ဆန္ဒထုတ်ဖော်မှု ရွေးကောက်ပွဲအပြီးတစ်လကျော်အကြာ ဒီဇင်ဘာ ၃၀ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

“မြို့နယ် ဌာနဆိုင်ရာအသီးသီး မြေစစ်အဖွဲ့ကလဲ အကြိမ်ကြိမ် လာရောက်စီစစ်ပြီးပြီ ခုအချိန်အထိကို ဥပဒေနဲ့အညီ ဆောင်ရွက်ဖြေရှင်းပေးခြင်းမရှိသေးပါဘူး အချိန်ကာလကြာမြင့်လာတဲ့အတွက် ကျွန်တော်တို့ မခံမရပ်နိုင်ဖြစ်လာလို့ ဆန္ဒပြပရတာပါ” ဟု မိုင်းသောက်ကျေးရွာအုပ်စု၊ ပေပင်အင်းကျေးရွာမှ ဦးဝင်းနိုင်ကပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ရာတွင် တောင်သူများက Aureum Place Hotel မှပိုင်ဆိုင်သော မြေယာများကို တိကျစွာ နယ်နိမိတ်မှတ်တိုင်များ သတ်မှတ်ပြီး လုံခြုံစွာကာရံပေးရန်၊ အဆိုပါဟိုတယ်မှ သီးနှံပင်များအား ဖျက်ဆီးခြင်း မြေယာ မတရားကျူးကျော်ခြင်းများကို တာဝန်ရှိ ဌာနဆိုင်ရာလူကြီးမင်းများ အမြန်ဆုံးဖြေရှင်းပေးရန်၊ ဈေးလှေဆိပ်ရေးလမ်းကြောင်း ပိတ်နေမှုအား ယခင်မူလအတိုင်း ဆောင်ရွက်ပေးရန်၊ အင်းရေပြင်ပေါ်သို့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်နေမှုမရှိစေရန် စနစ်တကျ အမှိုက်စွန့်နေရာ သတ်မှတ်ပေးရန် တောင်းဆိုခဲ့ကြကြောင်း သိရသည်။

ယင်းသို့ အင်းလေးတောင်သူများနှင့် Aureum Place Hotel တို့သည် မြေယာအငြင်းပွားမှုဖြစ်ပေါ်နေသည်မှာ ငါးနှစ်တာရှိပြီဖြစ်သော်လည်းသက်ဆိုင်ရာအာဏာပိုင်များက ပြီးပြတ်အောင် ညှိနှိုင်းဆောင်ရွက်ပေးခြင်းမရှိသည့်သဖြင့် နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲအပြီး တစ်လကျော်အကြာတွင် ယခု လမ်းလျှောက်ဆန္ဒထုတ်ဖော်တောင်းဆိုရခြင်းဖြစ်ကြောင်း အင်းလေးတောင်သူ ဦးဝင်းနိုင်က ဆက်လက် ပြောသည်။

မြေယာအငြင်းပွားမှုများကြောင့် နစ်နာမှုများနှင့်ပတ်သက်၍ ဆန္ဒပြရာတွင်ပါဝင်ခဲ့သော တောင်သူ ဦးစိုးသိန်းက “Aureum Place Hotel ကပထမအကြိမ်တုန်းက ဘတ်ဖိုးနှင့်ဝင်ခုတ်တယ်။ ကျွန်တော်တို့ စိုက်စားနေတဲ့ ခြံမြေထဲကို နောက်တစ်ကြိမ်တော့ မီးခြားလမ်းဖောက်တယ်ဆိုပြီးတော့ ဘိုးဘွားလက်ထက်ကတည်း ကဝါးပင်တွေ၊ ကင်ပွန်းသီးပင်တွေကို လာဝင်ခုတ်တယ်” ဟုပြောသည်။

အဆိုပါဒေသတွင် တောင်သူများ ပုံစံ (၇) လျှောက်ခဲ့ရာ မြေတိုင်းစာရေးများက မြေတိုင်းခ တစ်ဧက နှစ်သောင်းခွဲမှ လေးသောင်းနှုန်းများအထိ တောင်းယူခဲ့သော်လည်း ယခုအချိန်ထိ ပုံစံ (၇) မရရှိသေးကြောင်း ကျိုင်းခန်းတိုက်နယ်အုပ်စုမှ လွယ်မောကျေးရွာနေ ဦးရွှေဝေကပြောသည်။

Leave a Comments

- Advertisement -spot_img

Latest article