Wednesday, April 24, 2024

UEC အယုံအကြည်မရှိ ဟု အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ် (DNP) ပါတီ ဆန္ဒပြ

Must read

“ မှန်ကန်မျှတမှု မရှိသည့် ရွေးကောက်ပွဲ ကော်မရှင် အလိုမရှိ အလိုမရှိ” ဆိုသည့် ဆိုင်းဘုတ်ကို ကိုင်ဆောင်ကာ သျှမ်းတောင် တောင်ကြီးမြို့ တွင် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC)၏ မှားယွင်းသည့် ဆောင်ရွက်မှုကြောင့် အယုံအကြည်မရှိကြောင်း အမျိုးသား နိုင်ငံရေး ဒီမိုကရက်တစ် ပါတီ (DNP) မှ ပါတီဝင်များနှင့် ဝန်းရံသူတချို့ က နိုဝင်ဘာ (၁၇)ရက် နေ့လည်ပိုင်းက သျှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးခွဲရှေ့၌ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

“အဓိက ကတော့ UEC ရဲ့ မှားယွင်းမှုကို တနိုင်ငံလုံး အနယ်နယ်အရပ်ရပ်မှာဖြစ်ပျက်နေတဲ့ မှားယွင်းမှုကို ကျနော့်အနေနဲ့ လုံးဝ အယုံအကြည်မရှိဘူး။ ကျနော် ကိုယ်တိုင် ကိုယ်စားလှယ်လောင်းလုပ်ခဲ့ပါတယ်။ မဲရုံအတွင်း ကျနော်တို့ ဝင်စစ်တဲ့အခါမှာ လွတ်လပ်တဲ့ ရွေးကောက်ပွဲလို့ ပြောထားကြတယ်။ ဒါမယ့် ကျနော်တို့ ဝင်တော့မယ်ဆိုရင် ဧည့်စာရင်းစစ်သလို ပုံစံမျိုးပေါ့နော်” ဟု DNP ပါတီ၏ သျှမ်းပြည် ပြည်နယ်အတွင်းရေးမှူး ဦးဝင်းဗိုလ် က မီဒီယာများကို ပြောသည်။

ဆန္ဒထုတ်ဖော်သူများတွင် လူဦးရေ (၃၀)ခန့်ရှိပြီး အေးသာယာမြို့မှမော်တော်ယာဉ်ဖြင့် အေးသယာ-တောင်ကြီး (ပြည်ထောင်စု လမ်းမကြီး ) အတိုင်း သျှမ်းပြည် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးသို့ ချီတက်ဆန္ဒ ထုတ်ဖော်ကြခြင်းဖြစ်သည်။

ဆန္ဒပြသူများ ကိုင်ဆောင်ထားသည့် ဆိုင်းဘုတ်များတွင် “ တနိုင်ငံလုံး မဲမသမာမှုများအား ဝိုင်းဝန်းစစ်ဆေးဖော်ထုတ်ရေး၊ တာဝန်ယူမှု တာဝန်ခံမှု မရှိသော ရွေးကောက်ပွဲ ကော်မရှင် ဖျက်သိမ်းရေး၊ မဲလိမ်မဲခိုးအစိုးရ အလိုမရှိ” စသဖြင့် ရေးသားထားသည်။

ထို့အပြင် “ မသမာသော နည်းလမ်းဖြင့် အာဏာယူရန် ကြိုးစားသော အစိုးရအား ဆန့်ကျင်ကြ၊ ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ ပြုကျင့်မှုများအား ဆန့်ကျင်ကြ” စသည့် ကြွေးကြော်သံများ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ယနေ့ ဆန္ဒထုတ်ဖော်ပွဲမှာ (DNP) ပါတီဝင်များ အပြင် ဌာနေ ပအိုဝ်းတိုင်းရင်းသားတချို့လည်း ပါဝင်သည်ကို တွေ့ရှိရသည်။

အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ (DNP)သည် ၂၀၁၉ ခုနှစ်က ပါတီမှတ်ပုံတင် ခွင့်ပြုချက် ရရှိခဲ့ပြီး ပါတီ ဥက္ကဋ္ဌမှာ ယခင် ပထမအကြိမ်အစိုးရ၏ သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးမောင် ( တပ်မတော်တွင် စစ်ဥပဒေချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ) ဖြစ်သည်။

DNP ပါတီအနေဖြင့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် တနေရာမျှ အနိုင်မရရှိခဲ့ပေ။

Leave a Comments

- Advertisement -spot_img

Latest article