Tuesday, January 27, 2026

မိုင်းတုံရေကာတာစီမံကိန်းအနီး အရပ်သား၂ ဦး သေနတ်ပစ်ခံရမှု လူထုဘဝလုံခြုံရေးအားခြိမ်းခြောက်နေ ASSR အဖွဲ့ပြော

သျှမ်းပြည်နယ် တောင်ပိုင်း မိုင်းပန်မြို့နယ် သံလွင်မြစ်ကူး တာ့ဆန်းတံတားအထက်ပိုင်းတွင်တည်ဆောက် ရန်စီစဉ်နေသည့် မိုင်းတုံရေကာတာ လုပ်ငန်းခွင်အနီး အရပ်သား ၂ ဦး ပစ်သတ်ခံရသည့်အပေါ် လူထု၏ လုံခြုံမှုအား ခြိမ်းခြောက်နေကြောင်း သျှမ်းပြည် မြစ်ချောင်းများ အတွက်လှုပ်ရှားမှုအဖွဲ့ (Action for Shan State River ) က မေလ ၁၁ ရက် ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ဖြစ်စဉ်မှာ ဧပြီလ ၁၀ ရက်နေ့တွင် မိုင်းတုံမြို့နယ် ဝမ်ဆာလားရွာနေထိုင်သူ အမျိုးသား ၂ ဦးကို မိုင်းတုံရေ ကာတာ လုပ်ငန်းခွင်လုံခြုံရေး မှ သေနတ်ဖြင့် ပစ်လိုက်သဖြင့် အသက် ၄၂နှစ် အရွယ် အမျိုးသား တဦး သေဆုံးကာ၊ အသက် ၉ နှစ်အရွယ် အမျိုးသားတဦး သေနတ်ထိမှန်သွားကြောင်း လည်း ယင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“ သေနတ်ပစ်ခံရတဲ့သူ ၂ ယောက်က ရွာသားတွေပါ။ ဒေသခံတွေကတော့ ဒီသံလွင်မြစ်တလျှောက်မှာ ခရီးသွားတာ နေ့စဉ်လုပ်နေကြတဲ့ အလုပ်ပါပဲ။ ငါးမျှားတာတွေ ရေခပ်တာတွေ နေ့တိုင်းလုပ်နေကြတာပဲ။ အခု အရပ်သား ၂ယောက်ကို ပစ်တာကတော့ ရေကာတာ တည်ဆောက်ဖို့ လျာထားတဲ့ နေရာမှာ လုံခြံုရေးယူထားတဲ့ တပ်သားပါ” ဟု သျှမ်းပြည် မြစ်ချောင်းများလှုပ်ရှားမှု မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းခေးရှဲန် က ပြောပါသည်။

သေနတ်ထိမှန်ပြီး သေဆုံးသူ နှင့် ကျည်ထိမှန် သည့် အသက် ၉ နှစ်အရွယ် ကလေးငယ် အမှုကို တာဝန်ယူဖြေရှင်းပေးမည့်သူ မရှိသေးသဖြင့် ဝမ့်ဆာလားရွာ မှ ဒေသခံများမှာ လုံခြုံရေးအတွက်အထူး စိုးရိမ်နေကြကြောင်းလည်း စိုင်းခေးရှဲန် ကပြောသည်။

“ ဒါကတော့ ဒေသခံ ပြည်သူတွေကို ခြိမ်းခြောက်နေတဲ့ သဘောပါပဲ။ အခုဆိုရင် ဒေသခံတွေက စိုးရိမ်မှုတွေနဲ့ နေနေရတယ်” ဟု စိုင်းခေးရှဲန် ကဆိုသည်။

အရပ်သားများ စီးနင်းလာသည့် စက်လှေ ကို အကြောင်းမဲ့ တိုုက်ခတ်ခံရခြင်းသည် သျှမ်းပြည်တောင်ပိုင်း သံလွင်မြစ်တလျှောက် လုံခြံုရေး မရှိကြောင်း ထင်ရှား သည် ဟုလည်း သျှမ်းပြည် မြစ်ချောင်းများ လှုပ်ရှားမှု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါကြေငြာချက်တွင် သံလွင်မြစ်နှင့် ၄င်းမြစ်အတွင်းစီးဝင်သော မြစ်ချောင်းများအပေါ် တည်ဆောက်မည့် ရေကာတာများကိုချက်ချင်းရပ်တန့်ရန် သျှမ်းပြည် မြစ်ချောင်းများ အတွက်လှုပ်ရှားမှုအဖွဲ့က သက်ဆိုင်ရာများ အား တောင်းဆိုလိုက်သည်။ အဆိုပါရေကာတာအားဆက်လက်ဆောက်လုပ်နေပါက ရာစုနှစ်ချီ ပဋိပက္ခကို မီးမွေးပေးရာကျပြီး ဒေသခံလူထုအား ဘေးအန္တရာယ် ပိုမိုကျရောက်စေကြောင်း လည်း ဖော်ပြထားသည်။

မိုင်းတုံ ရေကာတာ တည်ဆောက်ဖို့ အတွက် လုံခြံုရေး ချထားပြီး၊ စီမံကိန်း လုပ်ဆောင်ရန်အတွက် တရုတ်လူမျိုးများလည်း ရောက်ရှိနေကြောင်း နှင့် လက်ရှိမှာ တရုတ်လူမျိုးများကို လုပ်ငန်းခွင်မှ လွဲပြီး တခြား မည်သည့်နေရာမှ သွားလာခွင့်မပြုသည့်အပြင် တရုတ်လူမျိုးများအတွက်ပါ လုံခြံုရေးလည်း ယူထားပေးကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင်ရေးသားထားသည်။

သျှမ်းပြည်နယ်တွင် တည်ဆောက်လျှက်ရှိသည့် ရေကာတာ ရေအားလျှပ်စစ်စီမံကိန်း သုံးခု အနက် မိုင်းတုံရေကာတာစီမံကိန်းသည် လျှပ်စစ်အား (၇၀၀၀) မဂ္ဂါဝပ် ထွက်ရှိမည်ဖြစ်ပြီး အမြင့်ပေ(၂၃၁) မီတာမြင့်ကာ အရှေ့တောင်အာရှ၌ အကြီးဆုံးရေအားလျှပ်စစ်တစ်ခုဖြစ်လာမည် ဟု သိရသည်။

မိုင်းတုံရေကာတာ သည် တရုတ်ကုမ္ပဏီ ၃ခုဖြစ်သည့် China Three Gorges Corporation, Sinohydro China Southern Grid ၊ Electricity Generating Authority of Thailand International Company-EGAT ၊ Myanmar Department of Hydropower Planning(DHPP) နှင့်မြန်မာ ကုမ္မဏီ တခုဖြစ်သည့် International Group of Entrepreneurs- (IGOEC) တို့ ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

ရေကာတာ တည်ဆောက်သည့်နေရာနှင့် ရေလှောင်တမံတည်ဆောက်မည့်နေရာများသည် ပဋိပက္ခဖြစ်ပွားခဲ့သောနေရာများဖြစ်ခဲ့ပြီး လက်ရှိ အချိန်ထိ တိုင်းရင်းသား လက်နက်ကိုင် နှင့် မြန်မာတပ်မတော် တို့ လှုပ်ရှားနေသည့်နေရာများလည်း ဖြစ်သည်။။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News