Friday, April 19, 2024

မူဆယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကျားခေါင်းပါတီကိုယ်စားလှယ်လောင်း ကချင်ပညာတတ်လူငယ်ရဲ့ ရင်တွင်းစကား

Must read

မူဝါဒ ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေး၊ ပြည်သူ့ဘဏ္ဍ စီမံခန့်ခွဲမှုတွေ၊ သဘာဝ သယံဇာတဆိုင်ရာ မူဝါဒ ပြုပြင်ပြောင်းလဲရေး တွေ ပြုလုပ်လာတာ ၁၀ နှစ်ကျော် လုပ်ငန်းအတွေ့အကြုံရှိသူ ဖြစ်တဲ့ ကိုမော်ထွန်းအောင် ဟာ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) ပါတီ မှ ပဋိပက္ခ မကြာခဏ ဖြစ်တဲ့နယ်မြေ၊ ကချင်၊သျှမ်း၊ တအာင်း(ပလောင်) တွေ စုပေါင်း နေထိုင်တဲ့ သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် အမှတ် ၅ မဲဆန္ဒနယ် မှာ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

Maw Htun Aung/ Facebook
https://www.facebook.com/representativemawhtun

Hong Kong Polytechnic University မှ လူမှု မူဝါဒ နှင့်လူမှု တိုးတက်မှု မဟာဘွဲ့ နှင့် Cornell University မှ အများပြည်သူ စီမံခန့်ခွဲမှု မဟာဘွဲ့ ကို ရရှိထား သူ ကိုမော်ထွန်းအောင် အနေဖြင့် ကချင်တိုင်းရင်းသားတဦးဖြစ်ပြီး SNLD ကို ဘာကြောင့် ရွေးချယ်ခဲ့သလဲ။

ကိုမော်ထွန်းအောင် ဝင်ရောက်ယှဉ်ပြိုင်မယ့် နေရာဟာ ပဋိပက္ခမကြာခဏ ဖြစ်ပွားတဲ့နေရာ၊ နယ်စပ်ကုန်သွယ်ရေးဇုံ ရှိတဲ့နေရာဖြစ်တဲ့အတွက် ရွေးကောက်ပွဲ စည်းရုံးရေးဆင်းပါက ဘယ်လို စိန်ခေါ်မှုတွေ ကြုံတွေ့ရမလဲ။

ဒါ့အပြင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဖြစ်ပါက ရှေ့ဆက်ပြီး မူဝါဒတွေဘယ်လို ဆောင်ရွက်သွားမလဲဆိုတာ ကို သျှမ်းသံတော်ဆင့် သတင်းထောက် နန်းဆိုင်နွမ် က ဆက်သွယ်မေးမြန်းထားပါတယ်။

Maw Htun Aung/ Facebook
https://www.facebook.com/representativemawhtun

မေး။ ။ ပထမဆုံး မေးခွန်းအနေနဲ့ ကိုမော်ထွန်းအောင် အနေနဲ့ ဘာကြောင့် SNLD ပါတီ ကို ရွေးချယ်ခဲ့ပါသလဲ။

ဖြေ။ ။ SNLD ရဲ့ မူဝါဒကို သဘောကျတယ်။ ကိုယ်က ပါတီ တခုကို ဝင်တယ်ဆိုရင် ကိုယ် နှစ်နှစ်ကာကာ ယုံကြည်တဲ့ နိုင်ငံရေး ယုံကြည်ချက် ရှိမှ ဝင်လို့ရမှာ။ အဲ့ဒါ မရှိဘဲ ဝင်လို့မရဘူး။ SNLD ရဲ့နိုင်ငံရေး ယုံကြည်ချက် နဲ့ ကျနော်နဲ့ တထပ်တည်းကျတယ်။ ဥပမာ ဖက်ဒရယ် ကိစ္စ ၊ ပင်လုံ ကိစ္စတွေမှာ နောက် ၈ပြည်နယ် မူတွေက ကျနော် ယုံကြည်ချက်နဲ့ကိုက်တယ်။

နောက် တခုက SNLD က ၂၀၁၉ မှာ ပါတီ နှစ် ၃၀ ပြည့်နောက်ပိုင်းမှာ မူဝါဒကို အခြေပြုတဲ့ ပါတီ Ethnic Identity (လူမျိုး) ပေါ် မှာ အခြေခံတာ မျိုးမဟုတ်ဘဲ၊ မူဝါဒကို အခြေပြုတဲ့ ပါတီ။ ဒေသတွေပေါ်မှာ အခြေပြုတဲ့ ပါတီ လို့ကြေညာတယ် နောက်ပြီး ပါတီ ရဲ့ မူဝါဒ ပလပ်ဖောင်းကို တောက်လျှောက်လုပ်လာတယ်။ အဲ့ Progress ပိုင်းတွေမှာ ကျနော်က ပါရတော့ ကျနော် သိတဲ့အပိုင်းတွေ ရှိတယ်။

သံသယဇာတ နဲ့ ပတ်ဝန်းကျင် အပိုင်းကို ကျနော်ဝင်ပြီး ကူညီပေးရတဲ့ အပိုင်းတွေရှိလို့ အဲ့မှာ လည်း သိထားရတယ်။

နောက်တခု က သျှမ်းမြောက်လို့စဉ်းစားလိုက်တဲ့အခါကျတော့ သျှမ်းမြောက်မှာ က သျှမ်းလူမျိုးပဲ ရှိတာမဟုတ်ဘူး။ ကချင်တွေလည်း ရှိတယ်။ အဲ့ဒေသက conflict ( ပဋိပက္ခ) လည်းဖြစ်တဲ့ဒေသ အဲ့လို ဒေသမှာ ကိုယ်က ကိုယ်စားပြုတယ်ဆိုရင် ethnic identity ပေါ်မှာ အခြေခံတဲ့ ပါတီ တွေထက် မူဝါဒပေါ် အခြေခံတဲ့ပါတီက ကိုယ့်အတွက် ပိုပြီး အားကောင်းတဲ့ နောက်ခံ ကိုပေးနိုင်တယ်။ SNLD ကလည်း ဒီနေရာမှာ ကျနော်တို့ လိုနေတဲ့ လူမှုရေး သဟဇာတ ဖြစ်မှုတွေကို ပါတီ အနေနဲ့ လည်း ကျနော်လိုမျိုး ကချင်တယောက်က အဲ့နေရာကို ဝင်ပြိုင်ရခြင်း ပိုပြီးတော့ ကောင်းမွန်တဲ့ အခင်းအကျင်းတွေ လုပ်နိုင်မယ်လို့ယုံပါတယ်။

မေး။ ။ ကိုမော်ထွန်းအောင် အနေနဲ့ လည်း သယံဇာတ သဘာဝ စီမံခန့်ခွဲရေး မူဝါဒ ပြုပြင်ပြောင်းလဲရေး တွေလုပ်ခဲ့တယ်။ ဘာကြောင့် ရွေးကောက်ပွဲကိုဝင်ခဲ့တာလဲ။

Maw Htun Aung / Facebook
https://www.facebook.com/representativemawhtun

ဖြေ။ ။ ကျနော် မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေး အထူးသဖြင့် ပြည်သူ့ ဘဏ္ဍာ စီမံခန့်ခွဲမှု တွေ သယံဇာတ စီမံခန့်ခွဲမှုတွေ လုပ်လာတာ ကျနော် ၁၀နှစ်လောက်ရှိပြီ။

အစိုးရ အဖွဲ့အစည်းတွေနဲ့လည်း ကျနော် အများကြီး လက်တွဲလုပ်ခဲ့ဖူးပါတယ်။ နောက် အစိုးရ ပိုင်း၊ အခု ဒီမိုကရေစီ ပိုင်းမှာဆိုရင်လည်း ကျနော်တို့ တော်တော်များများနဲ့ ခင်မင်ရင်းနှီးတယ် အလုပ်လည်းအတူတူ တွဲလုပ်ပါတယ်။

ဒါပေမယ့် ကျနော် အားမရဘူး။ ကျနော်တို့ သွားသင့်သလောက်မသွားဘူးလို့ကျနော်မြင်တယ်။ အုပ်ချုပ်စီမံ နဲ့ ပတ်သက်တဲ့ ဥပဒေ တွေက သိပ်ပြီးတော့ သွားသင့်တဲ့ နှုန်းအတိုင်း မသွားဘူး။ ဒီ၁၀နှစ် အတွင်းမှာ ကျနော် က ဥပဒေမှာ ကျွမ်းကျင်သူမဟုတ်ပေမယ့် အစိုးရ အနေနဲ့ ဘယ်လို လက်တွဲလုပ်ရမယ်ဆိုတဲ့အတွေ့အကြုံ မှာ ရှိတဲ့အခါကျတော့ ဒီဟာကို ကျနော်အနေနဲ့ ပြန်အသုံးချရင် ကျနော် အရင် အပြင်ကနေ ပြောနေတဲ့ မူဝါဒ ပြုပြင်ပြောင်းလဲရေးတွေ အစိုးရ အနေနဲ့ကောင်းမွန်တဲ့အစိုးရ ၊အုပ်ချုပ်စီမံဖြစ်လာရေး တွေက ပိုပြီးရှေ့ရောက်မလားပေါ့။

အဲ့ဒါကြောင့် လွှတ်တာ်ရဲ့ အခွင့်အာဏာကို အသုံးချပြီးတော့ လုပ်နိုင်တဲ့အခါမျိုးကျရင် ကျနော်အနေနဲ့ ကရင်းနှီးပြီးသားဖြစ်နေတယ်။ ဖွဲ့စည်းပုံတွေ ဒီလူတွေ ကို ပါဝင်လုပ်ဆောင်မယ့်သူတွေ က ရင်းနှီးပြီးသားဆိုတော့ ကိုယ်အနေနဲ့ ပိုပြီး ထိရောက်မယ်လို့ ထင်ပါတယ်။

အဲ့ကြောင့်မလို့ SNLD နဲ့ ကျနော် ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်တာပါ။

Maw Htun Aung / Facebook
https://www.facebook.com/representativemawhtun

မေး။ ။ လက်ရှိဝင်ပြိုင်မယ့်နေရာကလည်း တကယ်ကို Conflict ဒေသ၊ တိုင်းရင်းသားလက်နက်ကိုင် ပေါင်းစုံ လှုပ်ရှားတဲ့နေရာ၊ မကြာခဏ တိုက်ပွဲဖြစ်တဲ့နေရာလည်းဖြစ်တော့ ဒီဒေသမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုမော်ထွန်းအောင် အတွက်ဘယ်လို စိန်ခေါ်မှု မျိုး ကြုံရနိုင်လဲ။

ဖြေ။ ။ စိန်ခေါ်မှုကတော့ ကျနော်တို့ တောင်ပေါ် ဒေသတွေက မြေပြန့်နဲ့ မတူဘူး။ မြေပြန့်မှာကျတော့ ဘာပဲပြောပြော voter education ရွေးကောက်ပွဲမဲပေးစနစ်ကိုသိတယ်။ ပါတီ တွေကို သိကြတာများ တယ်။ မဲပေးရခြင်းနဲ့အစိုးရကြားအဆက်ဆက်ကို နားလည် တာများတယ်။ ကျနော်တို့မှာ နှစ်ပေါင်း များစွာ ပြည်တွင်းစစ်တွေ ဖြစ် အချင်းချင်းတွေလည်းဖြစ်နေတဲ့အခါကျတော့ နိုင်ငံရေး ပိုင်းမှာကျတော့ အဲ့လိုမဲပေးရမယ့် ဟာ ကို သေချာ မသိ အားနည်းကြတယ်။ သေချာပြောရမယ့်အနေအထား တွေရှိတယ်။

နှစ်ပေါင်းများစွာ ပဋိပက္ခတွေကြားမှာ ကြီးလာတော့ ကြောက်ရွံ့ စိတ်တွေ အဲ့ဒါတွေ က ရှိသေးတယ်။ နိုင်ငံရေးနဲ့ မပတ်သက်တဲ့ဟာမျိုးတွေ ၊ ပတ်သက်ရင် ဘာအကျိုးရမလဲဆိုတာမျိုးတွေ အဲ့လိုစိတ်တွေရှိနေတယ်။

နောက်တခုက ကျနော်တို့ ဘက်မှာ စိုးရိမ်ရတာက မဲပေးမယ့်နေရာမှာ မိမိသဘော ဆန္ဒမပါဘူး။ ကိုယ်တိုင်မသိဘဲ မဲပုံးတွေ ရောက်သွားနိုင်တဲ့အနေအထားမျိုး တွေရှိတတ်တယ်။ တောင်ပေါ်လည်းဖြစ်တယ်။ သွားရလာရလည်းခက်တယ်။ တချို့နေရာက လက်နက်ကိုင်တွေ ကြီးစိုးတဲ့အနေအထားလည်းဖြစ်တယ်လေ။ ဒီလို အခက်အခဲတွေ တွေ့နိုင်တယ်လို့မှန်းထားတယ်။

မေး။ ။ ကိုမော်ထွန်းအောင် ယှဉ်ပြိုင်မယ့် နေရာဆိုရင်လည်း ကုန်သွယ်ရေးဇုံလည်းဖြစ်သလို သယံဇာတ ပြဿနာတွေလည်း မကြာခဏ ဖြစ်နေတဲ့နေရာဆိုတော့ ဒီပြဿနာကိုရော ဘယ်လို ဖြေရှင်းသွားဖို့ ရှိလဲ။

ဖြေ။ ။ နယ်စပ်ဒေသ ကုန်သွယ်ရေး ဖြစ်တဲ့အတွက် ဘဏ္ဍာငွေ ချထားရေးမှာ နယ်စပ် မြို့ဆိုပြီး သီးသန့်ချထားပေးတဲ့ ပုံစံ မရှိဘူးထင်တယ်။ အဲ့လို ချထားပေးတာ အခြေခံဥပဒေ အရ သတ်မှတ်ထားတာ က ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ပဲ ရှိမယ်။ကျနော်တို့ အနေနဲ့ ဒီဟာ ကို ဘတ်ဂျက် တခုရအောင် လုပ်ဆောင်ရမယ်။

ဘာလို့ ဆိုတော့နိုင်ငံရေး ကုန်သွယ်စီးဆင်းမှုမှာ အဓိကနယ်စပ်ကုန်သွယ်ရေး က စခန်း ပေါင်း ၂၀ ရှိတယ်။ တဝက်က မူဆယ် ကဖြတ်စီးဆင်းနေတာ။ အင်မတန် အရေးပါတယ်။ သူ့အတွက်လည်း ဝေစု များများရသင့်တယ်။ အခြေခံအဆောက်အဦးပိုင်း၊ ပညာရေးပိုင်း၊ ကျန်းမာရေးပိုင်း နောက် နယ်စပ်ကုန်သွယ်ရေး အတွက် အဆင်ပြေလုပ်ပေးမှု အဲ့အပိုင်းတွေ မှာ ဒေသခံတွေ အကျိုးအမြတ်ရဖို့က လုပ်ကို လုပ်ရမယ်။

အဲ့ဒါတွေက Stakeholder တွေ သက်ဆိုင်သူတွေ နဲ့ အရင်နားထောင်မယ်။ ရပ်မိရပ်ဖတွေ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေ အစိုးရအဖွဲ့အစည်းတွေ နားထောင်ပြီး တော့ ပိုကောင်းတဲ့ ကုန်သွယ်ရေးမူဝါဒ…. ပြီးရင် ဥပမာ ရှေ့ က လွှတ်တော်အမတ်တွေ ထဲမှာလည်း ဒါကို ကြိုးစားခဲ့သူတွေရှိတယ်။ သူတို့ အသံလည်း နားထောင်ပြီး သူတို့မပြီးတဲ့ဟာတွေကို ကိုယ်က လက်ဆင့်ကမ်းလုပ်သွားမယ်။

နောက်ပြီး လူမှု သဟဇာတနဲ့ ပတ်သက်ပြီးတော့ ကျနော့်အမြင်ကတော့ ကျနော်တို့ ရိုးရာအဖွဲ့ အစည်းတွေ ရှိမယ်။ ကချင် ၊ တအာင်း၊ ကိုးကန့်၊ သျှမ်း၊ မုံ့ လူမျိုးတွေရှိတယ်။

အဲ့ရိုးရာအဖွဲ့တွေနဲ့ စည်းရုံးတိုင်ပင်ပြီး ဒေသအတွင်းပွဲတော်တွေ အတူတူလုပ်တာမျိုး အချင်းချင်း တယောက်နဲ့ တယောက် လူငယ်တွေစုပြီး အားကစားပိုင်းပဲဖြစ်ဖြစ်၊ နောက် ယဉ်ကျေးမှု ရိုးရာတွေမှာ တယောက်က ယဉ်ကျေးမှုတွေလုပ်မယ်ဆိုရင် တယောက်က ဝင်ပါတာတွေ။

အဲ့လိုနည်းနဲ့ တယောက်နဲ့တယောက် နားလည်မှုပိုများလာအောင် ကျနော်တို့လုပ်ရမယ်။ နောက်ပြီး အဓိကတော့ လူ့အခွင့်အရေး စံနှုန်းတွေနဲ့ပတ်သက်ပြီးတော့ ဒီဒေသမှာရှိတဲ့ အဖွဲ့အစည်းတွေ အားလုံး နီးပါး တကမ္ဘာလုံးက လိုက်နာ ကျင့်သုံးတဲ့ စံနှုန်းတွေဖြစ်တယ်ဆိုတာ ဒီဟာတွေ မြန်မာဒေသ နဲ့ကိုက်ညီတဲ့ စကားလုံး အသုံးအနှုန်းတွေ ဥပမာတွေ အသိပညာပေးတွေ လုပ်ရမယ်။

အဲ့လိုလုပ်ရင်တော့ လူမှု သဟဇာတ ဖြစ်မှု က ပိုပြီးတော့ တိုးတက်လာမယ် နောက် ဒေသအတွင်း အဲလိုမျိုး ဒေသအကြောင်း ကို ပြတိုက်အဆင့် မဟုတ်ရင်တောင် မြို့တော်ခန်းမ မီနီ (အသေး) ပုံစံ တွေ ယဉ်ကျေးမှု ပုံစံလေး လုပ်ရင်တော့ အချင်းချင်း ပိုနားလည်လာမယ်လို့ထင်ပါတယ်။

မေး။ ။ ကိုမော်ထွန်းအောင် ဝင်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ် က မဲဆန္ဒရှင်တွေကို ဘာများပြောချင်ပါသလဲ။

ဖြေ။ ။ မဲဆန္ဒရှင်တွေကို ကျနော်အနေနဲ့ ပထမဆုံး ပြောလိုတာက မဲပေးခြင်း က ပြည်သူတွေ ရဲ့ ဒီမိုကရေစီ အခွင့်အရေးဖြစ်တယ်။

မိမိအစိုးရ ကိုယ့်ကို အုပ်စိုးတဲ့အစိုးရ က ဘယ်လို ပုံစံအစိုးရဖြစ်ချင်လဲ။ ဘယ်လိုမူဝါဒတွေကို ကိုယ်က မြင်ချင်လဲ။ ကိုယ့်ကလေး ရဲ့ အနာဂတ် ပညာရေး၊ ကျန်းမာရေး၊ ကိုယ်နိုင်ငံရဲ့ အနာဂတ် အားလုံးကို ပုံဖော်တဲ့အခါမှာ ကျနော်တို့ မဲဆန္ဒ တပြားလည်း တပြားဆိုသလို အရေးပါပါတယ်။

အဲ့အတွက်ကြောင့် မို့လို့ ကိုယ့် အနာဂတ် လုပ်ငန်းစဉ်ကို ပုံဖော်ဖို့ မိမိနှစ်သက် ရာ ပါတီ၊ မိမိနှစ်သက်ရာကိုယ်စားလှယ်လောင်းကို မဲပေးဖို့ နှိုးဆော်ပါတယ်။

ပြီးတဲ့အခါမှာလည်း ဒေသ အကျိုးကို အကောင်းဆုံး တာဝန်ယူနိုင်တဲ့ ခိုင်ခံ့တဲ့ မူဝါဒရှိတဲ့ ပါတီ နောက်ပြီးတော့လုပ်ရည်ကိုင်ရည်ရှိပြီး တကယ်လည်း လုပ်ဖူးတဲ့ အတွေ့အကြုံရှိတဲ့ ကိုယ်စားလှယ်လောင်းတွေ ရွေးကောက်တင်မြှောက်ဖို့အတွက် မဲဆန္ဒရှင် တွေ တာဝန်ရှိပါတယ်။

အဲ့အတွက် သေချာ စိစစ်ပြီးတော့ ရွေးကောက်စေလိုပါတယ်။ ဒီလိုမျိုး နိုင်ငံရေး အတွက် အနှောင့်အယှက် မရှိ ပါဝင်ခွင့်ရတဲ့ ဥစ္စာကို လက်မလွှတ်စေချင်ဘူး။

အဲ့ဒါလေ ကျနော်အနေနဲ့ ပြောလိုပါတယ်။ ကျနော်အကြောင်းကို ပိုပြီး သိချင်တယ်ဆိုရင် ကျနော် ဖေ့ဘွတ်စ်ပေ့မော်ထွန်းအောင် ကြည့်လိုရပါတယ်။

မေး။ ။ ကိုဗစ်- ၁၉ ကလည်း ရှိနေသေးတယ်ဆို တော့ ဒါနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လို အခက်အခဲတွေ ရှိနေလဲ။

ဖြေ။ ။ အခက်အခဲကတော့ တော်တော်လေး ခက်ခဲတယ်။ နံပတ် ၁ ကတော့ ကျနော်တို့ ပိုပြီးတော့ ပြတ်သားတဲ့ ညွှန်ကြားချက် ရှေ့ကို ကြိုပြေးတဲ့ ညွှန်ကြားချက်မျိုး တွေ မြင်ချင်တယ်။

အထူးသဖြင့် ရွေးကောက်ပွဲ ကော်မရှင်နဲ့ ကျန်းမာရေး ဝန်ကြီးဌာန နဲ့သေသေချာချာ ပူးပေါင်းပြီးတော့ ဥပမာ ကိုယ်စားလှယ်လောင်းပေါင်း ၆၉၆၉ ယောက်ရှိတယ်လို့ပြောတယ်။သူတို့ကမ်ပိန်း အဖွဲ့တွေ ရှိမယ်။ ကမ်ပိန်း က ၅ယောက်ပဲတွက်လိုက်ဦး။ လူ ၄သောင်း လုံးက ၂လလောက် ရွစိရွစိ နဲ့ ဟိုသွားဒီသွားလုပ်ကြမယ်။

သူတို့ရဲ့ဘေးအန္တရာယ်ကင်းရှင်းမှုက နိုင်ငံရဲ့ ဘေးအန္တရာယ်ကင်းရှင်းမှုလို့ယူဆ ပြီးတော့ ဒီလူတွေ ဘေးအန္တရာယ်ကင်းစင်အောင် ဒီလူတွေ ကမ်ပိန်းသွားနေချိန်အတွင်းမှာ ဘယ်လို တားဆီးကြမလဲ။ အဲ့လို ဟာတွေ လည်း ကျန်းမာရေးနဲ့ UEC တို့ပူးပေါင်းပြီး ကြိုးစားစေချင်တယ်။

အထူးသဖြင့် တနိုင်ငံလုံးနယ်လည်သွားရမယ်ဆိုတော့ ကျနော်တို့ အဲ့လို သွားလာခွင့်ကိုလည်း မပိတ်ပင် မဲဆန္ဒရှင်ရဲ့လုံခြုံရေးကိုလည်း တာဝန်ယူမှုရှိတဲ့ တရပ်ကို ကျနော်တို့ ဘယ်လိုထူထောင်မလဲ။ အဲ့ ၂လအတွင်းမှာ။ အခုထိ အဲ့ဒါနဲ့ ပတ်သက်ပြီး ရေရေရာရာ မမြင်ရဘူး။

ဘာလို့လဲဆိုတော့ ကမ်ပိန်း အဖွဲ့ရဲ့ လုံခြုံရေး ဟာ ကျနော်တို့နိုင်ငံရဲ့ လုံခြုံရေးပါပဲ။ သူတို့ ဘယ်လို တာဝန်ယူကြမလဲ။

မေး။ ။ ကိုမော်ထွန်းအောင် အနေနဲ့ ဘာများဖြည့်စွက်ပြောချင်သေးလဲ။

ဖြေ။ ။ တခြားဟာကတော့ များများစားစားမရှိပါဘူး။ ကျနော့်အနေနဲ့ ကတိပေးနိုင်တာ တခုက ကျနော် ကိုယ်စားပြုတဲ့ ပါတီကလည်း All-inclusive ပါတီဖြစ်တယ်။ အားလုံးကိုလက်ခံပြီး အားလုံး လုပ်ဆောင်မယ့် ပါတီဖြစ်တယ်။ ကျနော် ကိုယ်၌ က လည်း လူမျိုးတမျိုးတည်းကို လုပ်ဆောင်မည့် သူမဟုတ်ဘူး။ ကျနော်တို့မဲဆန္ဒရှင် ပြည်သူအားလုံး ဥပမာ ကိုယ့်ကိုယ် မဲမပေးတဲ့သူကိုလည်း ကိုယ်က အနိုင်ရရင် ကိုယ်စားပြုပေးပါမယ်။ ဒီအတွက် ကျနော့်အနေနဲ့က အာမခံ ကတိပေးနိုင်ပါတယ်။
ဒီဒေသမှာရှိတဲ့သူတွေ အားလုံး လူတန်းစားမခွဲခြား အားလုံးကိုယ်စားပြုပေးနိုင်မယ့် ကိုယ်စားလှယ် တယောက် အနေနဲ့ကိုယ့်ကိုယ်ကို အာမခံပါတယ်။

ဟုတ်ကဲ့ ။ အခုလိုစိတ်ရှည်လက်ရှည်ဖြေကြားပေးတဲ့အတွက် သျှမ်းသံတော်ဆင့်ကနေ ကျေးဇူးအထူးတင်ရှိပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article