Friday, April 19, 2024

တောင်ကြီးအဝေရာကွင်း တွင် မူးယစ်ဆေးမီးရှို့ခြင်းကို ဒေသခံများ မနှစ်မြို့

Must read

၃၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှု နှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် အမေရိကန်ဒေါ်လာ ၂၃၂ သန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို တောင်ကြီးမြို့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ တောင်ကြီး အဝေရာကွင်းတွင် မူးယစ်ဆေးမီးရှုှိ့သည့် ပုံ (ဓာတ်ပံ တောင်ကြီး ဒေသခံတဦး)

တောင်ကြီးမြို့အဝေရာကွင်းတွင် မူးယစ်ဆေးဝါးများမီးရှို့ဖျက်ဆီးမှု ပြုလုပ်ခဲ့ရာ အနီးတဝိုက်နေထိုင်သူများက အနံ့အသက်ဆိုးများကြောင့် မနှစ်မြို့ကြကြောင်း ပြောဆိုနေကြသည်။

“ ဒီနေ့ မူးယစ်ဆေး မီးရှို့တာ အနံ့တော်တော်နံတယ်။ မီးခိုးတွေ မြင်တော့ ကြောက်တောင် ကြောက်သွားတယ်” ဟု ထိုအနီးပတ်ဝန်းကျင်တွင်နေထိုင်သည့် နန်းနွယ် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးမှုသည် တောင်ကြီးမြို့ အဝေရာကွင်းတွင် နှစ်စဉ်ပြုလုပ်သော်လည်း လက်ရှိ အခြေအနေမှာ လူနေအိမ်ထူထပ်လာသဖြင့် ထိုနေရာတွင် ပြုလုပ်ရန် မသင့်လျော်ကြောင်း၊ ပြည်သူများနှင့် ဝေးသည့်နေရာတွင် ပြုလုပ်သင့်ကြောင်း လည်း နန်းနွယ် က ပြောသည်။

“မီးရှို့တဲ့ ကိစ္စ အင်မတန်မှ ရုပ်ဆိုးပါတယ်။ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပါတယ်။ ရာသီဥတု အနေနဲ့ လေထုညစ်ညမ်းမှုကို တိုက်ရိုက်ထိခိုက်ပါတယ်။ မူးယစ်ဆေးဝါးဆိုရင် ပိုတောင် သတိပြုရပါမယ်” ဟု တောင်ကြီးတွင် နေထိုင်သည့် စိုင်းအောင်မြင့်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

ထိုကဲ့သို့ မူးယစ်ဆေးဝါးကို မီးရှို့ခြင်းကြောင့် ထွက်လာသည့် အဆိပ်ငွေ့များကို ပြည်သူများ ရှူရှိုက်လိုက်ပါက အန္တရာယ်ရှိနိုင်ကြောင်း၊ အထူးသဖြင့် ကိုယ်ဝန်ဆောင် မိခင်များအား အန္တရာယ် ဖြစ်စေကြောင်း စိုင်းအောင်မြင့်ဦးက ထောက်ပြပြောဆိုလိုက်သည်။

“မီးရှို့နေတာတွေ မီးခိုးလုံးလုံးတွေမြင်နေရတာ အန္တရာယ် အများကြီးရှိလာ မလား အငွေ့အသက်တွေက ပြန်ပြီးထိခိုက်မှု ရှိမလား ဆိုတာ အနီးနား ပတ်ဝန်းကျင်တွေလည်း စိတ်ပူကြတယ်။ မူးယစ်ဆေးဆိုတော့ လူတိုင်းက ကြောက်ကြတယ် ”ဟု အဝေရာ မီးပုံးပျံကွင်းနားတွင် နေထိုင်သည့် အသက် ၅၀ကျော် အမျိုးသမီး တဦး က ပြောသည်။

မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးခြင်းသည် ဓာတု ပစ္စည်းများဖြစ်သည့်အတွက်ကြောင့် အနည်း နှင့်အများ သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်ကြောင်း ရှင်သန်မြေ အစိမ်းရောင် ကွန်ရက် ဥက္ကဌ ဒေါ်ချယ်ရီကျော် ကပြောသည်။

“ဒီမူးယစ်ဆေးဝါးဆိုတာက တကယ့် အန္တရာယ်ရှိတဲ့ ပစ္စည်းပါ။ အဲ့ဒါကို လူတွေ ကြားထဲမှာ အရင်ကတော့ မီးပုံးပျံကွင်း နားမှာ လူတွေ မရှိဘူး။ အိမ်ခြေတွေလည်း နည်းပါးတယ်။ အခုဆို လူနေ အိမ်ခြေတွေ များလာတယ်။ ဘာပဲ ဖြစ်ဖြစ်နေရာတော့ ပြောင်းသင့်ပြီ” ဟု ဒေါ်ချယ်ရီကျော်က ဆိုသည်။

မူးယစ်ဆေးဝါး မီးရှို့လိုက်သည့် အငွေ့ကို ရှူရှိုက်မိပြီးနောက် မူးဝေလာကြောင်း အနီးတွင်နေထိုင်သူများပြောဆိုသည်။

ထိုသို့ကြောင့် မူးယစ်ဆေးဝါးကို တခြားနည်း ပညာနှင့် ဖျက်ဆီးသင့်ကြော င်းလည်း တောင်ကြီး ပြည်သူများက ပြောဆိုကြသည်။

“မီးရှို့ခြင်းအားဖြင့် အပြင်းအထန် ကန့်ကွက်ပါတယ်။ လူသန်းချီနေထိုင်တဲ့ မြို့အနီးနားမှာ မီးရှို့တာဟာ စီစဉ်သူ အစိုးရဖြစ်စေ၊ မည်သူဖြစ်စေကာမူ၊ မူးယစ်ဆေးဝါးမှ ထွက်လာတဲ့ မီးတောက်တွေ မီးခိုးအဆိပ်ငွေ့တွေဟာ ပတ်ဝန်းကျင်ကို ထိခိုက်စေမယ်ဆိုတာတချက်သတိရ သင့်ပါတယ်။ ” စိုင်းအောင်မြင့်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ အဝေရာ မီးပုံးပျံကွင်းတွင် ယနေ့ ပြုလုပ်သည့် မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးမှုတွင် သျှမ်းပြည်နယ် ၊ ကယားပြည်နယ်တို့မှ ဖမ်းဆီးရမိသည့် ဘိန်း ၂၄၀၁ ကီလို ကျော်၊ ဘိန်းဖြူ ၅၁၅ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၅၁ သန်းကျော်၊ အိုက်စ် ၇၆၂၆ ကီလိုကျော်၊ ကတ်တမင်း ၈၇၀ ကီလိုကျော်၊ အပါအဝင် မူးယစ်ဆေးဝါး ၁၉ မျိုး နှင့် ဓာတုပစ္စည်း ၃၀ မျိုး စုစုပေါင်း တန်ဖိုးငွေ မြန်မာငွေကျပ် ၃၃၇.၃၈ ဘီလီယံ ( အမေရိကန် ဒေါ်လာ ၂၃၂ သန်းကျော်) ရှိကြောင်းသိရပါသည်။

Leave a Comments

- Advertisement -spot_img

Latest article