Friday, April 26, 2024

မန်ဆူဈေး ဆိုင်းဘုတ်ပြန်တပ်ပေးရန် သျှမ်းလူထု တောင်းဆို

Must read

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့လယ်ခေါင်တွင်တည်ရှိသည့် မန်ဆူဈေး နာမည်ကို “ ရွှေချမ်းမြေ့” ဆိုင်းဘုတ်လာတင်သည့် အပေါ် ဒေသခံများ ကန့်ကွက်ခဲ့ကြောင်း စုံစမ်းသိရသည်။

လားရှိုးမြို့နယ် စည်ပင်သာယာရေး ဌာနပိုင် မန်ဆူဈေး၊ ဈေးအကျိုးဆောင် ဥက္ကဌ ဦးမောင်ငယ် ဦးစီးပြီး ဈေးသူ၊ ဈေးသား (၃၃၀) ဦး တို့ မှ မန်ဆူဈေး အား “ ရွှေချမ်းမြေ့” ဈေးအဖြစ် အမည်ပြောင်းပေးရန် တင်ပြသည့်အတွက် ယမန်နေ့ (ဇွန် ၂၂)ရက်တွင် မန်ဆူဈေး ကို “ ရွှေချမ်းမြေ့” ဈေးဟု ဆိုင်းဘုတ်တင်ခဲ့ကြောင်း လားရှိုးမြို့စည်ပင်သာယာရေး ဖေ့စ်ဘုတ် တွင် ရေးသားဖော်ပြထားသည်။

“ရွှေချမ်းမြေ့ဈေး” ဆိုင်းဘုတ်ပြန်လည်ဖြုတ်ချ( ဓာတ်ပုံ Sai Tiger Tai/ Facebook)

“ရွှေချမ်းမြေ့ဈေး” ဟု ဆိုင်းဘုတ်တင်ပြီးနောက် လားရှိုးဒေသခံများက ကန့်ကွက်မှုများ ပြုလုပ်ကြရာ ယနေ့ (ဇွန် ၂၂ရက် ညနေ ၄နာရီဝန်းကျင်တွင် ဆိုင်းဘုတ်ကို စည်ပင်သာယာမှပြန်လည်ဖြုတ်ပေးခဲ့ကြောင်း လားရှိုးဒေသခံလည်းဖြစ် ၊ သျှမ်းလူငယ်အဖွဲ့ ဥက္ကဌလည်းဖြစ်သည့် စိုင်းဟန် က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ သူတို့ ပြန်ဖြုတ်ပေးပြီ၊ ကျနော်တို့ မန်ဆူဈေးအဖြစ်ပဲထားဖို့ ပြောထားပါတယ်” ဟု စိုင်းဟန် က ဆိုသည်။

လားရှိုးမြို့လယ်ခေါင်တွင် တည်ရှိသည့် မန်ဆူဈေးနာမည် သည် မန်ဆူဘုရားအနီးတွင် တည်ရှိပြီး၊ လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက တည်ရှိသည့် နာမည်ဖြစ်သကဲ့သို့ သျှမ်းနာမည်လည်းဖြစ်ကြောင်း၊ ထိုနာမည်ကို သက်ဆိုင်ရာက ပြောင်းလဲချင်တိုင်း ပြောင်းလဲခွင့်မရှိကြောင်းလည်း လားရှိုး ဒေသခံများက ပြောဆိုလိုက်သည်။

ထို့အပြင် သျှမ်းပြည်နယ် လွှတ်တော် အမတ်များကလည်း မန်ဆူဈေး နာမည်ကိုသာ ပြန်လည် သုံးစွဲရန် လက်မှတ်ကောက်ပြီး သက်ဆိုင်ရာ အစိုးရထံတင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

“ရွှေချမ်းမြေ့ဈေး” ဆိုင်းဘုတ်ပြန်လည်ဖြုတ်ချ( ဓာတ်ပုံ Sai Tiger Tai/ Facebook)

“ သျှမ်းပြည် လွှတ်တော် အမတ်တွေကို လက်မှတ်ကောက်သွားမယ်။ နဂိုနာမည် “ မန်ဆူဈေး” ဖြစ်ဖို့ အတွက် တောင်းဆိုမယ်” ဟုသိန္နီမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နန်းခင်ထားရီ က သျှမ်းသံတော်ဆင့် ကို ပြောသည်။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာက မန်ဆူဈေးသည် ဟင်းသီးဟင်းရွက်များ ရောင်းသည့်ဈေးဖြစ်သည့်အပြင် ဘော်လုံးကွင်း ဖြစ်ကြောင်း၊ ထိုဘော်လုံးကွင်းပြင်ကို ဖျက်ကာ မန်ဆူကားဂိတ်၊ မန်ဆူဈေး နှင့် မန်ဆူပလာဆာ ဟုပြီး ခေတ်အဆက်ဆက်မြေခွဲရောင်းချလာကြသည်ဟုလည်း လားရှိုး ဒေသခံများပြောပြချက်အရသိရသည်။

မန်ဆူဈေးကို “ ရွှေချမ်းမြေ့ဈေး” ဟု ပြောင်းလဲရခြင်းသည် ဈေးသူ၊ဈေးသားများ ဈေးမရောင်းကောင်းခြင်းကြောင့် နာမည် ပြောင်းရခြင်းဖြစ်သည် ဟုလည်း သက်ဆိုင်ရာက အကြောင်းပြချက်ပေးခဲ့သည်။

“ မန်ဆူဈေး ကို “ ရွှေချမ်းမြေ့ဈေး” လို့နာမည်ပြောင်းလိုက်ရင် ဈေးတကယ်ရောင်းကောင်းမယ် ထင်နေကြတာ။ နာမည်နဲ့မဆိုင်ဘူး။ သျှမ်းနာမည်ကို ဖြုတ်ချင်တဲ့သဘောပါပဲ” ဟု စိုင်းဟန် က ပြောသည်။

လားရှိုး စည်ပင်သာယာ အနေဖြင့် ဈေးနာမည်ကို မိမိသဘောဖြင့် ပြောင်းလဲနေခြင်းသည် လားရှိုးဒေသခံများ၊ သျှမ်းလူထုများ၊ သျှမ်း စာပေ၊ ယဉ်ကျေးမှု၊ တရားဝင် မှတ်ပုံတင်သည့် သျှမ်းနိုင်ငံရေးပါတီများ နှင့်လားရှိုးမြို့နယ်လွှတ်တော်ကိုယ်စားလှယ်များကို ဥပက္ခာပြု လိုက်သည့် သဘောဖြစ်သည် ဟု လည်း လားရှိုး သျှမ်းလူငယ်များက ပြောဆိုလိုက်သည်။

“အခုတော့ ဆိုင်းဘုတ်ကို ဖြုတ်လိုက်ပေမယ့် အရင် “ မန်ဆူဈေး” ဆိုတဲ့ ဆိုင်းဘုတ်ကို ပြန်တင်ပေးစေချင်တယ်။ အရင်ခေတ်ကလို အစိုးရတွေ သက်ဆိုင်ရာတွေ လုပ်ချင်တိုင်းလုပ်လို့ရတယ်ဆိုတဲ့ အယူအဆတွေ ဖျောက်သင့်ပြီ” ဟုလည်း လားရှိုး ဒေသခံ လူငယ်တဦးက ပြောလိုက်သည်။

Leave a Comments

- Advertisement -spot_img

Latest article