Thursday, April 25, 2024

ပြည်ထောင်စုအသွင်မဲ့နေတဲ့ မြန်မာ့ငွေစက္ကူအသစ်

Must read

လာမယ့် ဇူလိုင် ၁၉ ရက်အာဇာနည်နေ့ မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ကျပ် ၅၀၀ တန် ငွေစက္ကူ ကို ထပ်မံထုတ်ဝေသွားမယ်လို့ အစိုးရက ကြေငြာလိုပါတယ်။

အခုလို ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ ငွေစက္ကူ ထုတ်ဝေခြင်းဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရ လက်ထက်မှာ ၂ကြိမ် မြောက် ထုတ်ဝေခြင်းဖြစ်ပါတယ်။


လာမည့် ဇူလိုင် ၁၉ ရက်တွင်ထုတ်ဝေမယ့် ဗိုလ်ချုပ်အောင်ဆန်းပုံပါ ကျပ် ၅၀၀တန် ငွေစက္ကူသစ်

ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်ကလည်း ဗိုလ်ချုပ်အောင်ဆန်းပုံပါ ကျပ် ၁၀၀၀ တန် ငွေစက္ကူ အသစ်ကို ထုတ်ဝေခဲ့ပြီးဖြစ်ပါတယ်။

လက်ရှိကာလ အချိန်ဟာ ကမ္ဘာတဝှမ်းလုံး ကပ်ရောဂါ နဲ့ နပန်းသတ် ထိုးနှက် ယှဉ်ပြိုင်နေချိန်အတွင်း အဖက်ဖက် စီးပွားရေး၊ လူမှုရေး ကျဆင်းနေချိန် မှာ ငွေစက္ကူ အသစ်ထုတ်ခြင်းဟာ မဖြစ်သင့်ကြောင်းလည်း သျှမ်းပြည်သားများက ပြောဆိုလိုက်ကြပါတယ်။

ပြည်သူလူထုတချို့ကလည်း ဗိုလ်ချုပ် အောင်ဆန်းပုံပါ ငွေစက္ကူ ထုတ်ခြင်းက လာမယ့် နိုဝင်ဘာ လမှာ ကျင်းပမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆွယ်နေတာလား ဆိုပြီး မေးခွန်းထုတ်နေတာလည်းရှိနေပါတယ်။

“ဒီ ငွေ စက္ကူထုတ်တယ်ဆိုတာက ဘဏ္ဍာငွေ ကုန်ကျတယ် ။ အခုက စီးပွားရေး ကျဆင်းတဲ့ ကာလဖြစ်တယ်။ ကိုဗစ်ကြောင့်လည်း ဖြစ်တယ်။ ငွေ စက္ကူ အသစ်ရိုက်တာက ဘာရည်ရွယ်ချက်လည်း ဆိုတာ နဲနဲ သိပ်မရှင်းဘူး” လို့ သျှမ်းလူငယ် စိုင်းလွိုင်ခမ်းပန် က သျှမ်းသံတော်ဆင့် ကိုပြောပါတယ်။

ယခုအချိန်ကာလ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် နေတဲ့အချိန်ကာလတခုဖြစ်ပြီး အကုန်အကျ များနေတဲ့ကာလ ဖြစ်နေချိန် ငွေစက္ကူ သီးသန့်ထုတ်တယ်ဆိုတဲ့ ကိစ္စ ကို မေးမြန်းချင်ကြောင်းလည်း စိုင်းလွိုင်ခမ်းပန် က ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်အောင်ဆန်း နည်းတူ မြန်မာ့လွတ်လပ်ရေးကို ရယူခဲ့တဲ့ တခြား တိုင်းရင်းသားခေါင်းဆောင်များလည်း ရှိကြောင်း၊ ထိုတိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ပုံတွေလည်း ပါဝင်သင့်ကြောင်း တိုင်းရင်းသားလူငယ်တွေက ထောက်ပြပြောဆိုလိုက်ပါတယ်။

“ကြေးရုပ်ဆိုလည်း သူ့ပုံတွေ ။ ပိုက်ဆံမှာလည်း သူ့ပုံထုတ်တယ်။ လွတ်လွတ်လပ်လပ် သုံးသပ်ကြည့်ရင်တော့ မြန်မာနိုင်ငံကို ဗမာမှု ပြုတဲ့ အနေအထားမျိုးရောက်အောင် လုပ်တဲ့ အခြေနေမျိုးလို့ သုံးသပ်မိတယ်” လို့ ပအိုဝ်း လူငယ်အစည်းအရုံး PYO ဥက္ကဌ ခွန်ဦး ကပြောပါတယ်။

ငွေစက္ကူမှာလည်း မူလပုံစံအတိုင်း “ ပြည်ထောင်စု မြန်မာနိုင်ငံတော် ဗဟိုဘဏ် ”ဆိုတဲ့ စာသား မဟုတ်ဘဲ “ မြန်မာနိုင်ငံတော် ဗဟိုဘဏ်” လို့ဘဲ ပြင်ဆင်ရေးသားတဲ့အပေါ် အငြင်းပွားစရာ ကိစ္စ တခု ဖြစ်ကြောင်း သျှမ်းပြည်သားတွေ ကပြောဆိုလိုက်ပါတယ်။

“ပိုက်ဆံက ဒီထဲရေးတာက မြန်မာနိုင်ငံတော် ဗဟိုဘဏ် လို့ရေးထားတာ တွေ့မိတော့ နိုင်ငံ တခု တည်း ပြန်ဖြစ်သွားပြီလား တစ်နိုင်ငံထဲကို ပြည်ထောင်စနစ်ကို ကျင့်သုံးတာလား ဗမာမှုပြုနေ တာလားဆိုတဲ့ စဉ်းစားချက်က ပေါ်လာတယ်။ ကျနော်တို့ နားလည်တဲ့ လက်ရှိ မြန်မာနိုင်ငံက တိုင်ရင်းသား ပေါင်းစုံ နေထိုင်တာကို အသိအမှတ်ပြု ဖို့ လိုတယ်” လို့ ခွန်ဦး ကပြောသည်။

မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ရယူချိန်၊ ပြည်ထောင်စု တည်ဆောက်ချိန်မှာ တိုင်းရင်းသားပေါင်းစုံ ပါဝင်ခဲ့ပြီး၊ လက်ရှိ ကာလ တွင် ဗိုလ်ချုပ်အောင်ဆန်းပုံတခုတည်းတာ သုံးပြီး ငွေစက္ကူ ထုတ်နေခြင်းဟာ လူမျိုးကြီးဝါဒကို ရှေ့တန်းတင်လိုက်တဲ့သဘောဖြစ်နေကြောင်း သျှမ်းပြည် မြောက်ပိုင်း ကျောင်းသားသမဂ္ဂအဖွဲ့မှ နန်းမွေလျန်း ကပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် နန်းမွေလျန်း က “ ဒါက ၂၀၂၀ ရွေးကောက်ပွဲ အတွက် ဗိုလ်ချုပ် ရုပ်ကို အကြောင်း ပြပြီး မဲဆွယ်နေတယ်လို့မြင်ပါတယ်” လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံတော် ဘဏ်မှ ထုတ်ဝေမယ့် ဗိုလ်ချုပ်အောင်ဆန်းပုံပါ ငွေစက္ကူ ၅၀၀ ကျပ်တန် ငွေစက္ကူ အရွယ်အစားမှာ အလျား ၁၅၀ မီလီမီတာ၊ အနံ ၇၀ မီလီမီ တာရှိပြီး၊ ငွေစက္ကူ ပေါ်လွင်သော နီညိုရောင်ရှိပါတယ် ။ ငွေစက္ကူရဲ့ အပေါ်ဘက်မှာ “ မြန်မာနိုင်ငံတော် ဗဟိုဘဏ်” စာတန်းရိုက်နှိပ်ထားပါတယ်။

ငွေစက္ကူရဲ့နောက်ကျောဘက်မှာပါတဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် အဆောက်အဦးရှေ့က လွှင့်ထားတဲ့ အလံဟာလည်း အနီရောင်ဖြစ်နေတဲ့အပေါ် ပြည်သူလူထုက လူမှုကွန်ရက်စာမျက်နှာတွေမှာ ဝေဖန်မှုတွေပြုလုပ်နေပါတယ်။

“ငွေစက္ကူကို အမျိုးမျိုးပြောင်းနေတာတော့ မဖြစ်ဘူး။တချို့ လိုင်းပေါ်မှာထောက်ပြနေတာက သူတို့ အလံထည့်တာမျိုးတွေ၊ ခေါင်းပေါင်းကလည်း နည်းပညာအရမှားနေတာမျိုးတွေ။ ဗိုလ်ချုပ်အောင်ဆန်း လို့ပြောတဲ့အချိန်မှာ မြန်မာပြည်ကို ကယ်တင်တာ သူတယောက်တည်းမဟု တ်ဘူး လေ။ တိုင်းရင်းသားပေါင်းစုံရဲ့ ခေါင်းဆောင်ကြီးတွေ ပါတယ်။သူတို့ကိုရော ဘယ်မှာထားမလဲ” ဟု သျှမ်းပြည်မြောက်ပိုင်းမှာနေထိုင်တဲ့ ကချင် အမျိုးသမီး တက်ကြွလှုပ်ရှားသူ မိုင်းမိုင် က ပြောဆိုလိုက်ပါတယ်။

ငွေစက္ကူထုတ်ဝေခြင်းဟာ နိုင်ငံအတွက် ပြည်သူ့အတွက် ကိုယ်စားပြုတဲ့ အထိမ်းအမှတ် တခုရှိ ငွေစက္ကူထုတ်ရန် လိုအပ်ပြီး၊ ပါတီတခုတည်း အဖွဲ့အစည်းတခုတည်းရဲ့ ကိုယ်စားပြု ပြုလုပ်တဲ့ အထိမ်းအမှတ်မျိုး မဖြစ်သင့်ကြောင်း သျှမ်းပြည်သားများက သုံးသပ်ပြောဆိုလိုက်ပါတယ်။

“လူတဦး တယောက်ရဲ့ ရုပ်ပုံ ထက် ပြည်ထောင်စု တခုလုံး ကို ခြုံငုံနိုင်မယ့် အထိမ်းအမှတ် အရာတခုခု ကို သုံးစွဲ သင့်ပါတယ်။ အရေးကြီးဆုံးကတော့ ငွေစက္ကူ ပေါ်က ပုံထက် ငွေကြေးရဲ့ တန်ဖိုးတည်ငြိမ်မှသာ လူထု အတွက် အကျိုးရှိမှာပါ” လို့ နန်းမွေလျန်း က ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံနေထိုင်တဲ့ နိုင်ငံတခုဖြစ်တဲ့အလျောက် တိုင်းရင်းသား အားလုံးကိုယ်စားပြုတဲ့ သင်္ကေတ လက္ခဏာတခု ဖြစ်တဲ့ငွေစက္ကူ ဖြစ်သင့်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ယူခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံ ငွေစက္ကူ ရိုက်နှိပ် သုံးစွဲမယ်ဆိုပါက နိုင်ငံ့သူရဲကောင်းစာရင်းဝင် တခြား တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ပုံပါတဲ့ ငွေစက္ကူတွေပါ ရိုက်ပေးမှသာ တန်းတူညီမျှမှုဖြစ်မယ်လို့ သျှမ်းပြည်သူများက ပြောဆိုထောက်ပြလိုက်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းပုံပါ ငွေစက္ကူတွေကို စစ်အာဏာရှင် အစိုးရမတိုင်မှီ ကာလက ၁ ကျပ်တန် ၅ ကျပ်တန် ၁၀ ကျပ်တန် ၁၅ ကျပ်တန် ၂၅ ကျပ်တန် တို့အပြင် ငွေအကြွေစေ့တွေမှာလည်း ထည့်သွင်းရိုက်နှက်ပြီး ထုတ်ဝေအသုံးပြုခဲ့ပါတယ်။

၁၉၉၀ နောက်ပိုင်း စစ်အစိုးရလက်ထက်က ငွေစက္ကူတွေမှာ ဗိုလ်ချုပ်အောင်ဆန်းပုံအစား ခြင်္သေ့ပုံကို အစားထိုးရိုက်နှိပ်ပြီး ထုတ်ဝေ အသုံးပြုခဲ့ပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article