Thursday, April 25, 2024

ဇွန် ၁၆ရက်ကို သျှမ်းအမျိုးသားအခွင့်အရေးနေ့အဖြစ် သတ်မှတ်

Must read

လွန်ခဲ့သည့် ၂၃ နှစ်က သျှမ်းပြည် အလယ်ပိုင်းတွင် အစုလုံ အပြုံလိုက် သတ်ဖြတ်ခံရသည့် နေ့ကို သတိရ အောက်မေ့စေရန် အတွက် ဇွန် ၁၆ ရက်ကို သျှမ်းအမျိုးသားလူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်လိုက်ကြောင်း CSSU ကထုတ်ပြန်လိုက်သည်။

၁၉၉၆ မှ ၁၉၉၈ ခုနှစ် အတွင်း ဖြတ်လေးဖြတ်စီမံကိန်းဖြင့် အစိုးရတပ်မတော်မှ သျှမ်းပြည် တောင်ပို င်းရှိ ကျေးလက် လူထုအား အတင်းအဓမ္မ နေရပ်ပြောင်းရွှေ့ခိုင်းမှု၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ အတင်းအဓမ္မပြုကျင့် မှုများ ပြုလုပ်ခဲ့သည်။

၁၉၉၇ ခုနှစ် ဇွန်လ ၁၆ ရက်က သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ကွန်ဟိန်းမြို့နယ် အတွင်း အမျိုးသမီး နှင့် ကလေးငယ်အပါအဝင် ကျေးလက်ပြည်သူ ၅၆ ဦးကို သတ်ဖြတ်မှုလုပ်ခဲ့သည့်ရက်ကို ဝမ်းနည်းသတိရအောက် မေ့သည့် အနေဖြင့် သျှမ်း အမျိုးသားလူ့အခွင့်အရေးနေ့ အဖြစ် သတ်မှတ်လိုက်ရခြင်းဖြစ်ကြောင်း သျှမ်းပြည် ညီညွတ်ရေး ကော်မတီ က ယနေ့ဇွန် ၁၆ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

သျှမ်းအမျိုးသားလူ့အခွင့်အရေး နေ့ သတ်မှတ်လိုက်သည့် ကိစ္စနှင့် ပတ်သက်ပြီး CSSU ၏ အတွင်းရေးမှူး စိုင်းဆိုင်မုဒ် က “ လွန်ခဲ့တဲ့ ၂၃နှစ်က စစ်တပ်က သျှမ်းပြည်သားတွေအပေါ်လူ့အခွင့်အရေး ကျူးလွန်ခဲ့တာတွေကို ပြန်သတိရအောင်၊ လူငယ်တွေကို သမိုင်းကြောင်း သိအောင်၊ နောက်အဲဒီအချိန်က သေဆုံးသွားတဲ့သူတွေကို သတိရ အောက်မေ့ဖို့ပါ” ဟု သျှမ်းသံတော်ဆင့် ကို ပြောသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၂၃နှစ် က အတိုင်း သမိုင်းဖြစ်ရပ်ဆိုးများထပ်မံ မပေါ်ပေါက်စေဘဲ ငြိမ်းချမ်းရေး လျင်မြန်စွာ ဖြစ်ထွန်းရန်၊ ကျူးကျော်စော်ကားသူများ၏ အပြစ်ကြွေးအား ဆေးကြောပေးရာရောက်စေရန်၊ မတရားကျူးလွန်ခံခဲ့ရသည့် အပြစ်မဲ့ ပြည်သူတို့၏ မိသားစုဝင်းများ အားနှစ်သိမ့်ကုစားပေးရာရောက်စေရန် နှင့် သေဆုံးသွားသည့် အပြစ်မဲ့ ပြည်သူတို့အား အောက်မေ့ သတိရသည့် အနေဖြင့် ရည်ရွယ်ကာ ဇွန် ၁၆ရက်ကို သျှမ်းအမျိုးသား လူ့အခွင့်အရေး နေ့ အဖြစ်သတ်မှတ်ကြောင်း CSSU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာစစ်အစိုးရ ၏ စစ်ရာဇာဝတ်မှုမြောက်သည့် ကျူးလွန်မှုများကို အဆိုးရွားဆုံးနှင့် အကျယ်ပြန့် ဆုံးထိ ခိုက်ခံစားခဲ့ ရသည့် မြို့နယ်ပေါင်း ၁၁မြို့နယ်၊ ရွာပေါင်း ၁၄၀၀ကျော် ထိခိုက်ပျက်စီးခဲ့ပြီး၊ အမျိုးသမီးပေါင်း ၆၀၀ ကျော် လိင်အကြမ်းဖက်ခံခဲ့ရသည်။

အမျိုးသမီး ပေါင်း ၆၀၀ ကျော် ကို စစ်တပ်မှု ကျူးလွန်သည့် လိင်အကြမ်းဖက်မှု နှင့် ပတ်သက်ပြီး သျှမ်း အမျိုးသမီး ရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေး အသင်း (SWAN) မှလည်း လွန်ခဲ့သည့် ၂၀၀၂ ခုနစ်တွင် “ မုဒိမ်းကျင့်ခွင့် လိုင်စင်”ဆိုသည့် အစီရင်ခံစာ တခု ကို ထုတ်ခဲ့သည်။

လွန်ခဲ့သည့် ၂၃နှစ်ကျော်တွင် မြန်မာစစ်အစိုးရ အနေဖြင့် သျှမ်းပြည်သူများအပေါ် ကျူးလွန်ခဲ့သည့် ဖြစ်ရပ်ကို ယနေ့ထိတိုင် အရေးယူဆောင်ရွက်ခြင်းမရှိသေးသည့် အပြင် ဆက်လက်ပြီး ကျူးလွန်နေဆဲ ဟု သျှမ်း လူ့အခွင့်အရေး တက်ကြွဆောင်ရွက်သူများက ပြောဆိုလိုက်သည်။
ထိုသို့ ကျူးလွန်သတ်ဖြတ်ခံရသော သျှမ်းပြည်သားများအား အောက်မေ့သတိရခြင်းအနေဖြင့် သျှမ်းပြည်နယ်အတွင်းရှိ တောင်ကြီး၊ မူစယ်၊ သီပေါ၊ တာချီလိတ် တို့အပြင်ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ သျှမ်းလူငယ်များ ၊လူမှုအသင်းအဖွဲ့များကဆွမ်းကပ် ကောင်းမှုကုသိုလ် ပြုလုပ်ကာအမျှအတန်းပေးဝေမှုပြုလုပ်ခဲ့သည်။

၁၉၉၆-၁၉၉၈ ကာလ တွင် သျှမ်းပြည် တောင်ပိုင်း မြို့နယ် ၁၅မြို့နယ် အတွင်း စစ်အစိုးရ မှ နယ်မြေ ရှင်းလင်းမှုကြောင့် ကျေးလက် ပြည်သူ ၄သိန်း ကျော် နေရပ်စွန့်ခွာခဲ့ရပြီး အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရခြင်း အဓမ္မပြုကျင့်ခံရခြင်းသည် ယနေ့တိုင် တရားမျှတမှု မရရှိသေးကြောင်းလည်း သျှမ်းလူမှုအသင်းများက ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

ထို့နောက် သျှမ်းလူထု များသည် မြန်မာ-ထိုင်းနယ်စပ်သို့ပြောင်းရွှေ့နေထိုင်ခဲ့ရပြီး လက်ရှိအချိန်ထိ မြန်မာ-ထိုင်း နယ်စပ် သျှမ်းဒုက္ခသည် စခန်းတွင် ခက်ခဲစွာ နေထိုင်နေရသေးကြောင်း မြန်မာ-ထိုင်း နယ်စပ် ဒုက္ခသည် စခန်း ကူညီထောက်ပံံရေး ကော်မတီ က လုံးစိုင်းလင်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“နှစ်ပေါင်း ၂၃နှစ်ကျော် စစ်ရှောင်မှာနေထိုင်ရတယ်။ အခုနောက်ပိုင်း ဒီစစ်ရှောင်တွေ အတွက် အခက်အခဲများစွာရင်ဆိုင်နေရတယ်။ ဒုက္ခသည်တွေကို ထောက်ပံ့မှုကလည်းလျော့ချလိုက်တော့ နယ်စပ်ဒုက္ခသည်တွေ တော်တော် အခက်အခဲကြုံနေရတယ်” ဟု လုံးစိုင်းလျန်း က ပြောသည်။

ဇွန် ၁၆ ရက်ကိုသျှမ်းလူမှု အဖွဲ့အစည်းများ က နေရာ ဒေသ အနှံ့တွင် လွန်ခဲ့သည့် ၂၃နှစ်တွင် စစ်တပ်ကျူးလွန်မှုကြောင့် သေဆုံးသွားသူများအတွက် ဝမ်းနည်းခြင်း သတိရအောက်မေ့ခြင်းအနေဖြင့် အလှူဒါနများလည်း ပြုလုပ်ပေးကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article