Saturday, April 27, 2024

သျှမ်းအရှေ့ပိုင်းမှာ မကြာခင် ၂၄ နာရီ လျှပ်စစ် မီးလင်းတော့မည်

Must read

သျှမ်းပြည်အရှေ့ပိုင်းဒေသ တချို့တွင် မကြာခင် ၂၄ နာရီ လျှပ်စစ်မီး ရရှိတော့မည် ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။

Photo by Sai Laung/ Facebook

သျှမ်းပြည် အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် လက်ရှိ ၂၄ နာရီ လျှပ်စစ်မီးရရှိ နေပြီဖြစ်ပြီး၊ ကျိုင်းတုံမြို့ တွင်လည်း မီးရရှိဖို့ကြိုးစားနေကြောင်း စုံစမ်းသိရသည်။

“ မိုင်းပျဉ်းမြို့နယ်က ပထမဆုံး လျှပ်စစ်မီး ရသည့် အနေအထား ဖြစ်ပါတယ်” ဟု မိုင်းပျဉ်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ဦးစိုင်းလှဝင်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

လွန်ခဲ့သည့် ဒုတိယ အကြိမ် သျှမ်းပြည် လွှတ်တော် (၁၈) ကြိမ် မြောက် အစည်းအဝေး တွင် လျှပ်စစ်မီး မဟာဓာတ်အားလိုင်း ရရှိစေရန် အတွက် အဆိုတင်ခဲ့ပြီး သက်ဆိုင်ရာ လျှပ်စစ်ဝန်ကြီးဌာန က ယခုနှစ် ဧပြီလတွင် မီးလင်းမည်ဟု ပြောဆိုခဲ့ကြောင်း ဦးစိုင်းလှဝင်း က ပြောပြခဲ့သည်။

ထို့ကြောင့် ယခုနှစ် ဇွန် ၇ ရက်မှ စကာ မိုင်းပျဉ်းမြို့နယ် အတွင်း မီးထွန်းနိုင်ခဲ့ပြီးဖြစ်ကြောင်းလည်း ဦးစိုင်းလှဝင်း က ဆိုသည်။

“ မိုင်းပျဉ်းမြို့ပေါ်ရှိ ရပ်ကွက် ၃ ခုမှာ လျှပ်စစ်မီး ၂၄ နာရီ ရပြီ၊ ဓာတ်အားလိုင်းက 66KV မဟာ ဓာတ်အားလိုင်းဖြစ်ပြီး နမ့်စန် ဓာတ်ခွဲရုံကနေ ကနေ ယူလာတာဖြစ်တယ်” ဟု ဦးစိုင်းလှဝင်း က ရှင်းပြသည်။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာက မိုင်းပျဉ်းမြို့ ပေါ် ရပ်ကွက် (၃) ရပ်ကွက် တွင် အင်ဂျင်မီး နှင့် တစ်ည ၃ နာရီ မှ ၄ နာရီထိ မီးလင်းခဲ့ကြောင်း သိရသည်။

ထို့ပြင် မကြာမီ ကာလအတွင်း မိုင်းပျဉ်းမှ မိုင် ၅၀ ခန့်ကွာဝေးသည့် ( ပေ ၆၀၀၀ မြင့်) ရင်ကွဲတောင် ကို ဖြတ်ကျော်ကာ ကျိုင်းတုံမြို့တွင်မီးရတော့မည် ဟု သျှမ်းပြည် စီမံနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွန့်လွင် ၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင်ရေးသားထားသည်။

“ ခတ်အဆက်ဆက် ၊စနစ် အဆက်ဆက် မှာ လျှပ်စစ်မီး မရခဲ့လို SME (အသေးစား စီးပွားရေး) မဖွံ့ဖြိုးခဲ့တဲ့၊ သစ်တောပြုန်တီး ခဲ့ရတဲ့၊ လူမှုစီးပွား၊ ပညာရေး၊ ကျန်းမာရေး ချို့ယွင်းနောက်ကျခဲ့ရတဲ့ သျှမ်းပြည် အရှေ့ပိုင်း လျှပ်စစ်မီး ရရှိသွားပါပြီ” ဟု ဦးစိုးညွန့်လွင်၏ လူမှု ကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

သျှမ်းရှေ့ ပိုင်းတွင် နှစ်ပါင်းများစွာ အစိုးရ လျှပ်စစ်မီးမရရှိခဲ့ကြောင်း၊ ပုဂ္ဂလိက မီးကိုသာ အသုံးပြုနေရပြီး တရက်လျှင် နာရီပိုင်းသာ မီးလာကာ တယူနစ်လျှင် ၁၀၀ ကျပ်ပေးဆောင်ရကြောင်း သျှမ်းရှေ့ ကျိုင်းတုံ ဒေသခံ နန်းဝမ်း က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“မီးနဲ့ ပတ်သက်တဲ့ အလုပ်တွေ နှောင့်နေးမှုရှိခဲ့တယ်။ ကုန်ကျစရိတ်လည်းများတယ်။ မီးက အချိန်မမှန်တော့ လျှပ်စစ်မီးနဲ့ အသုံးပြုတဲ့ ထမင်းအိုးတွေ ခဏခဏ ပျက်တယ်။ မီးစက်နဲ့ အလုပ်လုပ်ရတော့ ငွေပိုကုန်တယ်” ဟု နန်းဝမ်းက ဆိုသည်။

လက်ရှိအချိန်ထိ သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းယောင်း ဒေသဘက်တွင် မီးမရရှိသဖြင့် အခက်အခဲမျိုးစုံ ကြုံရကြောင်း၊ မီးကို တနေ့လျှင် နာရီ ဖြင့်သာ ရရှိခဲ့သဖြင့် အလုပ်များတွင်ကျယ်စွာ မလုပ်နိုင်ကြောင်းလည်း ဒေသခံများ ပြောပြချက် အရသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article