Friday, May 17, 2024

အသတ်ခံရသည့် သျှမ်းမြောက် ဒေသခံ ၁၂ ဦး အတွက် အမှုမှန်ပေါ်ပေါက်ရန် လိုအပ်

Must read

သျှမ်းပြည်မြောက်ပိုင်း ယခုနှစ်ဆန်းပိုင်း အတွင်း သျှမ်းပြည်မြောက်ပိုင်းအတွင်း အသတ်ခံရသည့် ဒေသခံ အရပ်သား ၁၂ ဦး အတွက် အမှုမှန်ပေါ်ပေါက်ရန် လိုအပ်ကြောင်း တအာင်း(ပလောင်) အရပ်ဖက် အဖွဲ့အစည်းများက တောင်းဆို လိုက်ကြောင်း သိရသည်။

Photo by Shar Htat Paing/ facebook

ယခုနှစ် အတွင်း သျှမ်းပြည် မြောက်ပိုင်းတွင် ဒေသခံ ၁၂ ဦး အသတ်ခံခဲ့ရပြီး တရားခံ ဖော်ထုတ်နိုင်ခြင်းသည် ယနေ့ အချိန်ထိ မရှိသေးကြောင်း၊ အမှန်တရား ပျောက်ဆုံးနေခြင်းသည် ဒေသခံများ၏ ဘဝလုံခြုံရေး ကို ပိုမို ခြိမ်းခြောက်နေသည် ဟု မေ ၂၂ ရက်စွဲဖြင့် ထုတ်ပြန်ချက် တွင်ရေးသားထားသည်။

အဆိုပါ အသတ်ခံရပြီး အမှုမှန်မပေါ်သည့် (၁၂)ဦးသည် သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ်၊ ကျောက်မဲမြို့နယ် နှင့် လားရှိုးခရိုင် မိုင်းယော်မြို့နယ် အတွင်း နေထိုင်သူများဖြစ်ကြောင်းသိရသည်။

“ ကျမတို့သျှမ်းမြောက်က မကြာခဏ သတ်ခံရတယ်။ တခါမှလည်း အမှုမှန်မပေါ်ဘူး။ ဒီလိုသာဆက်သွားရင် လူသတ်မှုဟာ ယဉ်ကျေးမှု ပုံစံမျိုးဖြစ်လာမှာကို စိုးရိမ်ရတယ်” ဟု တအာင်း(ပလောင်) ကျောင်းသားနှင့် လူငယ်များအဖွဲ့မှ အထွေထွေ အတွင်းရေးမှူး လွေးလှားရိုန်း က သျှမ်းသံတော်ဆင့် ကို ပြောသည်။

သျှမ်းပြည်မြောက်ပိုင်း တွင် လက်နက်ကိုင် ပဋိပက္ခကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရ သကဲ့သို့မူးယစ်ဆေးဝါးကြောင့်လည်း လူ့အခွင့်အရေး ချိုးဖောက်ခံနေရကြောင်း လွေးလှားရိုန်း က ဆိုသည်။

လွန်ခဲ့သည့် ရက်ပိုင်းတွင် လည်း ကျောက်မဲမြို့နယ် ချောင်းချောက်အုပ်စု ဖလိန်းကျေးရွာနေ အသက်အရွယ်ကြီးသည့် အမျိုးသမီး ၂ဦး လက်ဖက်ခြံထဲရှိ တဲထဲတွင် ရက်စက်စွာ သတ်ခံရကြောင်း သိရသည်။

သျှမ်းမြောက်ပိုင်းတွင် အသတ်ခံရသည့် အမှုများသည် အလိုအလျောက် ပျောက်ကွယ်သွားကြောင်း၊ ထိုကဲ့သို့ ပျောက်ကွယ်နေခြင်းသည် လူသတ်တရားခံကို နောက်ထပ်မံ ပြုလုပ်ရန် အားပေးနေခြင်းဖြစ်သည် ဟုလည်း သျှမ်းမြောက် ဒေသခံများက ပြောသည်။

“ သတ်ခံရတဲ့ အမှု တွေများသောအားဖြင့်က တရားခံမဖမ်းမိဘူး။ ပျောက်ကွယ်သွားတယ်။ ဒီတိုင်းပဲထားတာ။ အရေးမယူတဲ့ပုံစံမျိုးဖြစ်သွားတယ်” ဟု တအာင်း ဥပဒေ အထောက်အကူပြု အဖွဲ့ မှ သတင်းမှတ်တမ်း တာဝန်ခံ မိုင်းညီပုအေး က ပြောသည်။

သျှမ်းမြောက် ဒေသခံများမကြာခဏ သတ်ခံရသော်လည်း သက်ဆိုင်ရာ အာဏာပိုင်များမှ တရားခံများအား ဖမ်းဆီးနိုင်ခြင်း ၊ အမှုမှန် ဖော်ထုတ်နိုင်ခြင်း ထိရောက်သော အပြစ်ပေးအရေးယူဆောင်ရွက်မှု အားနည်းနေခြင်းကြောင့် ပြည်သူလူထု၏ ယုံကြည်အားကိုးမှု သိသာစွာ လျော့ကျစေပြီး တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေသည် ကို မီးမောင်းထိုးပြနေကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

Leave a Comments

- Advertisement -spot_img

Latest article