Wednesday, April 24, 2024

ထိုင်းဥပဒေသစ်ကြား ဗျာများခဲ့ရတဲ့ ချင်းမိုင်မြို့က သျှမ်းရွှေ့ပြောင်းအလုပ်သမားဘဝ

Must read

 

အပူရှိန် ပြင်းလွန်းတဲ့ နေရောင်အောက်မှာ ချွေးတလုံးလုံး နဲ့ လူထောင်ဂဏန်းလောက်က တန်းစီရင်း လက်မှာလည်း စာရွက်တွေကိုင်နေပါတယ်။

သူတို့ကို ကြည့်ရတာ ပွဲတော် တခုခု ရှိလို့ တန်းစီ နေကြသလား၊ ဘာများရမလို့ အဲ့လောက်တောင် တန်းစီ ကြလဲဆိုတဲ့အတွေးတွေ ဝင်လာပါတယ်။

တချို့ကတော့ နေပူပူထဲမှ ရှားပါးတဲ့ အရိပ် အောက်မှာ စိတ်ပျက်လက်ပျက် ထိုင်နေကြပါတယ်။

ထိုသူတွေကတော့ ချင်းမိုင် အလုပ်သမား ရုံး လက်မှတ်လာရောက်လုပ်တဲ့ မြန်မာပြည်သား သျှမ်းရွှေ့ပြောင်း အလုပ်သမားတွေပါပဲ။

ချင်းမိုင် အလုပ်သမား ရုံး လက်မှတ်လာရောက်လုပ်တဲ့ မြန်မာပြည်သား သျှမ်းရွှေ့ပြောင်း အလုပ်သမား

အလုပ်သမား ကဒ် ထုတ်ပေးတဲ့နေရာကို ကြည့်လိုက်ရင် ပွဲတော် တခုကဲသို့ စားစရာတွေလည်း ရောင်းချနေတာ တွေ့မြင်ရပါတယ်။

“ လူတွေ ကအရမ်းများတယ်။ လက်မှတ် တခု ရဖို့က ခက်တယ်။ ကျမတို့ ဆိုရင် မနက် ၃နာရီ လောက်ကတည်းက ထလာတာလို့” ရွှေ့ပြောင်းအလုပ်သမား ကဒ်လာလုပ်တဲ့ နန်းလှခင် က ပြောပါတယ်။

ပူလွန်းတဲ့ အပူရှိန်တွေကြောင့် တချို့ မှာ မူးလှဲ တာတွေလည်းရှိကြောင်း နန်းလှခင် ကဆိုပါတယ်။

“ သူများနိုင်ငံ လာပြီး အလုပ်လုပ်တော့ သူတို့ ဥပဒေ ၊ သူတို့ ထုတ်ပြန်ချက်တွေ အတိုင်း လိုက်နာရမှာပေါ့” လို့လည်း သူမ က ပြောပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေဟာ အလုပ်သမား ကဒ်ရဖို့အတွက် ည သန်းခေါင် အချိန်တွင် လာရောက် အိပ်စောင့်ကာ ကိုယ်တိုင် လုပ်ကြသလို တချို့တွေကလည်း ပွဲစားတွေနဲ့ လုပ်ကြပါတယ်။

ရွှေ့ပြောင်း အလုပ်သမားတွေကို အလုပ်သမားကဒ်ကို (Work Permit ) နဲ့ ဗီဇာ သက်တမ်း တိုးတာတွေကို ဖေဖော်ဝါရီ ၅ ရက်နေ့မှ စတင် ကာ ပြုလုပ်ပေးခဲ့ကြောင်း သိရပါတယ်။

မတ်လ ၃၀ နေ့ အထိ သတင်းပို့ပေးမှု မရှိသေးတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို အရေးယူသွားမယ်လို့လည်း ထိုင်း အလုပ်သမားရေး ဝန်ကြီး ဌာနက က ပြောဆိုထားပါတယ်။

“မသိရင်တော့ ပွဲတော်နဲ့တူတယ်။ လူတွေကလည်း ကျိတ်ကျိတ်တိုးပဲ။ ထိုင်းမှာ အလုပ်လုပ်တဲ့သူတွေ များမှများ ဒီချိန်ဆို လာကြည့်လိုက်” လို့ စားသောက်ဆိုင်ဝင် အလုပ်လုပ်နေတဲ့ စိုင်းဝင်းနိုင် က ပြောပါတယ်။

လက်ရှိမှာတော့ အလုပ်အမား ကဒ်ကို ၂၄နာရီ လုံး လုပ်ဆောင်ပေးနေကြောင်းလည်း သိရပါတယ်။

အလုပ်သမားကဒ် လုပ်တဲ့အချိန် ဆိုရင် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ချင်စိတ်ကုန်ပေမယ့် မြန်မာပြည် ပြန်ရင် အလုပ်အကိုင် က ရှားပါးပြီး ဝင်ငွေနည်းပါးမှုကြောင့် အဆင်မပြေကြောင်းလည်း စိုင်းဝင်းနိုင် က ဆိုပါတယ်။

“ အလုပ်သမား ကဒ်ကို ဒီလ နောက်ဆုံးထား လုပ်ရမယ်ဆိုတော့ ရှိသမျှ အလုပ်သမားတွေကလည်း လာလုပ်ကြတာပါ။ တကယ်လို့ အလုပ်သမားကဒ်တွေ မလုပ်တာရင်တော့ စစ်ဆေးတဲ့အချိန်ကြရင် ကိုယ်ပဲ ခံရမှာ”လို့ အလုပ်သမား ကဒ် လာရောက်လုပ်တဲ့ စိုင်းလှကျော် က ပြောပါတယ်။

အလုပ်သမား ကဒ် ( Work Permit) တွေကို မနက်ပိုင်းတွင် တိုကင် ( အမှတ်စဉ် နံပတ် ) ထုတ်ပေးကာ၊ ထို ထုတ်ပေးတဲ့ တိုကင် နံပတ် ကုန်တဲ့ အထိ လုပ်ဆောင်ပေးသွားကြောင်းသိရပါတယ်။

“ အလုပ်သမားကဒ် လုပ်တာတော့ အချိန်တခု ပေးရတယ်။ စချင်း က တိုကင် ယူရတယ်။ ဆေးစစ်တယ်။ ဆေးစစ်ပြီး နောက်ရက်ထပ်ချိန်းတယ်။ ချိန်းတဲ့ ရက် ပြန်လာ ပြီး အလုပ်သမားကဒ် လာလုပ်ကြတယ်။ အနည်းဆုံးတော့ အလုပ် ၃ရက်တော့ ပျက်ခံရတယ် ” လို့ စိုင်းလှကျော် က ဆိုပါတယ်။

ထိုင်းနိုင်ငံရောက် တချို့ရွှေ့ပြောင်း အလုပ်သမားတွေ ဟာ တရက်ကို အနည်းဆုံး ဘတ် ၂၅၀ မှ ဘတ် ၃၅၀ ထိရရှိကြောင်း သိရပါတယ်။

များသောအားဖြင့် ရွှေ့ပြောင်း အလုပ်သမားတွေက လုပ်ထုံး လုပ်နည်း ကို နားမလည်တာတွေ၊ ဘာသာစကား အခက်အခဲမှုတွေ ရှိကြောင်းလည်း အလုပ်သမားကဒ်လာလုပ်တဲ့ ရွှေ့ပြောင်း အလုပ်သမားတွေက ဆိုကြပါတယ်။

“ တချို့က အလုပ်သမား ကဒ် လုပ်ရမှာ မသိကြသလို၊ ထိုင်း အစိုုးရ အနေနဲ့ နောက်ထပ် သက်တမ်းတိုးပေးအုံးမှာပဲဆိုတဲ့ စိတ်နဲ့ လာမလုပ်ကြတာတွေလည်း ရှိတယ်“ လို့ စိုင်းလှကျော်က ဆိုပါတယ်။

သူများနိုင်ငံ မှာ အလုပ်လာလုပ်တာ လွယ်တော့မလွယ်ဘူး။ ဗီဇာ တိုးတဲ့ချိန်၊ အလုပ်သမား ကဒ် သက်တမ်းတိုးတဲ့ချိန် က အခက်အခဲဆုံးပဲ။ ကိုယ့် နိုင်ငံပြန်တော့ လည်း အဆင်မပြေဘူး။ ဘယ်တတ်နိုင်မှာလဲ” လို့ ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်တဲ့ နန်းဆာ ကပြောပါတယ်။

ထိုင်းအစိုးရသတ်မှတ်ထားတဲ့နောက်ဆုံးရက်နဲ့နီးလာတာနဲ့အမျှ အခုအပတ်ထဲမှာ ရွှေ့ပြောင်း အလုပ်သမားကဒ်လာလုပ်တဲ့သူ အဆမတန်များပြားတဲ့အတွက် ပူပြင်းတဲ့ရာသီဥတုကြောင့် လေတက်တာတွေ၊ မူးမေ့အော့အန်တာတွေ ဆေးရုံ ပို့ရတဲ့အထိတွေရှိနေတယ်လို့ အလုပ်သမားကတ်သွားလုပ်တဲ့ လူငယ်တွေကပြောပါတယ်။

အလုပ်သမား ကဒ် ကို ကိုယ်တိုင် လုပ်ပါက ဆေးစစ်ခ ဘတ် ၃၇၀၀၊ အလုပ်သမား လက်မှတ် ဘတ် ၁၉၀၀ ၊ ထိုင်း လဝက ၅၀၀နဲ့ ကဒ်ဖိုး ၂၀၀ လောက်သာ ကုန်ကျကြောင်း သိရပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ ဗီဇာ သက်တမ်းတိုးမှု နဲ့ စာရင်းသွင်းမှုတွေ ကို ဒီလကုန် ထိ မပြုလုပ်ရသေးပါက သာသနာတော်နှစ် ၂၅၆၀ ခု (ခရစ်နှစ် ၂၀၁၈ ခုနှစ်) ထုတ်ပြန်တဲ့ ဥပဒေအတိုင်း ဖမ်းဆီး အရေးယူသွားမည် လို့ သိရပါတယ်။

ဥပဒေ အရ အလုပ်သမား ကဒ် အလုပ်လုပ်ခွင့် မရှိသူတွေကို အနည်းဆုံး ထိုင်းဘတ်ငွေ ဘတ် ၅ထောင် ကနေ ၅သောင်းထိ ဒဏ်ငွေ သတ်မှတ်ပေးဆောင်ရပြီး မိမိနိုင်ငံသို့ ပြန်လည် ပို့ဆောင်သွားမည် ဟု သိရပါတယ်။

ဒါ့အပြင် အလုုပ်လုုပ်ကိုင်ခွင့် မရှိသော အလုုပ်သမားကိုု လက်ခံထား ပါက အလုုပ်ရှင်ကိုု ထိုင်းဘတ်ငွေ တစ်သောင်း မှ တစ်သိန်း အထိ ဒဏ်ငွေ ချမှတ်နိုုင်ကြောင်း သိရပါတယ်။

 

Leave a Comments

- Advertisement -spot_img

Latest article