Friday, April 26, 2024

မန်ပန် ပြည်သူ့စစ် လားရှိုးမြို့နယ် အတွင်း လယ်ယာမြေ သိမ်းဆည်း

Must read

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် အတွင်း မန်ပန်ဌာနေ ပြည်သူ့စစ်သည် ပြည်သူပိုင်လယ်ယာမြေ များထပ်မံ သိမ်းဆည်းမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။

 

Photo by ကုန်းပေါင်းကျေးရွာ ဒေသခံတဦး

လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စု ကုန်းပေါင်းကျေးရွာရှိလူထု၏ လယ်ယာမြေ ၃၇၀ ဧက ကို ဒီဇင်ဘာ လကုန်တွင်သိမ်းဆည်းမှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ကုန်ပေါင်းကျေးရွာ ပြည်သူများ က ပြောသည်။

မန်ပန်ဌာနေပြည်သူ့စစ်သည် ပြည်သူပိုင် လယ်ယာမြေများကို ၂၀၀၆ ခုနှစ်ကတည်းက စတင် သိမ်းဆည်းလာခဲ့ပြီးသိမ်းဆည်းထားသည့် မြေဧက ၁၀၀၀ ခန့် ရှိသည်ဟု လယ်ယာ သိမ်းခံရသူများ ထံမှသိရသည်။

အဆိုပါသိမ်းဆည်းမြေများပေါ် တွင် မန်ပန် ဌာနေ ပြည်သူ့စစ်များသည် ရာဘာစိုက်ခင်း၊ သရက်စိုက်ခင်းများ စိုက်ပျိုးခဲ့ကြသည်။

“ အရင်က သိမ်းထားတဲ့ လယ်ယာမြေ ပြဿနာတောင် မပြီးသေးတာ။ အခု ၂၀၁၉ ခုနှစ် ဒီဇင်ဘာမှာ ထပ်ပြီး လာသိမ်းသွားတယ်။ ဒီနှစ် လဆန်းပိုင်းမှာ တရုတ်ပြည်မကြီးက ပညာရှင်တွေ ခေါ်လာပြီး ပဲတွေ ပြောင်းတွေ လာစိုက်တယ်” ဟု ကုန်းပေါင်းကျေးရွာ လယ်ယာမြေသိမ်းခံရသည့် အသက် ၄၀ ကျော် အမျိုးသား တဦး က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

မန်ပန်ဌာနေ ပြည်သူ့စစ် သိမ်းဆည်းထားသည့် လယ်ယာမြေများ ပြန်လည်ရရှိအောင် သက်ဆိုင်ရာ ထံ တောင်းဆိုသွားမည် ဖြစ်ကြောင်း၊ ထိုသို့ အတင်းအဓမ္မလာရောက် သိမ်းဆည်းမှုကြောင့် တောင်သူများ အတွက် ရှာဖွေ စားသောက်ရန် ခက်ခဲနေကြောင်းလည်း အဆိုပါ အမျိုးသား က ပြောသည်။

Photo by ကုန်းပေါင်းကျေးရွာ ဒေသခံတဦး/ မန်ပန်ဌာနေ ပြည်သူ့စစ် သိမ်းဆည်းထားသည့် လယ်ယာမြေများ

“ သူတို့လာသိမ်းတုန်းက ဘာမှ မပြောဘူး။ ကျမတို့စိုက်ထားတဲ့ ပြောင်းတွေ ရိတ်ဖို့ လာပြောတယ်။ နောက်ရက် လယ်ထွန်စက်တွေ နဲ့ လာပြီး ထွန်သွားတယ်။ အခု ကျမ တို့စားဝတ်နေရေး တနေ့ထက် တနေ့ ခက်လာတယ်” ဟု ဒေသခံအမျိုးသမီး နန်းလှ က ပြောသည်။

လားရှိုးမြို့ တောင်ဘက် ၂၇ မိုင်ခန့် ကွာဝေးသည့် နမ့်ပေါင် ကျေးရွာအုပ်စုရှိ ပြည်သူများသည် မန်ပန် ဌာနေ ပြည်သူ့စစ်များ သိမ်းဆည်းထားပြီး စိုက်ခင်း မပြုလုပ်သည့်မြေနေရာ များကို ခုတ်ထွင်းရှင်းလင်းပြီး တနိုင်တပိုင် စိုက်ခင်း များပြုလုပ်ကြသည်။

ထို့ပြင် လက်ရှိမှာ ထို တနိုင်တပိုင် ပြုလုပ်သည့် လယ်ယာမြေပေါ် ဒေသခံပြည်သူများ စိုက်ပျိုးခွင့်မရတော့ကြောင်း သိရသည်။

“ မန်ပန်ပြည်သူ့စစ်ကို ကျနော်တို့ အခွန် နှစ်တိုင်း ပေးသွင်းပါတယ်။သူတို့ အနေနဲ့ ကျနော်တို့ကို ကူညီစေချင်တယ်။ ကြည့်စေချင်ပါတယ်။ အခုက သူတို့မကူညီပေးတဲ့အပြင် ကျနော်တို့နည်းနေတဲ့ လယ်မြေတွေကို ထပ်သိမ်းတယ်။ ကျနော်တို့ လုပ်စားဖို့ခက်ခဲသလို သူတို့ ကို အခွန်ဆောင်ဖို့လည်း ခက်ခဲလာမယ်” ဟု လယ်ယာမြေ သိမ်းဆည်းခံရသည့် အသက် ၄၀ကျော် အမျိုးသား က ဆိုသည်။

လယ်ယာမြေလာရောက်သိမ်းဆည်းသည့် အဖွဲ့သည် လက်နက်ကိုင် တပ်ဖွဲ့များဖြစ်နေသဖြင့် ဒေသခံများ စိုးရိမ်ကြောက်ရွံ့မှု များရှိနေကြောင်း သိရသည်။

မန်ပန်ဌာနေ ပြည်သူ့စစ်အဖွဲ့ သိမ်းဆည်းထားသည့်ဧက ၁၀၀၀ ခန့်သည် ဒေသခံလယ်ပိုင်ရှင်များတစုံတရာ လျော်ကြေးငွေမရသဖြင့် အတင်းအဓမ္မ သိမ်းဆည်းခြင်းဖြစ်သည် ဟုလည်း ဒေသခံများက ပြောဆိုသည်။

လယ်မြေ ဆုံးရှုံးကြသည့် ကုန်းပေါင်းကျေးရွာ ပြည်သူများအနေဖြင့် မန်ပန် ဌာန ပြည်သူ့စစ်များထံ သွားရောက် ညှိနှိုင်း ပြောဆိုသော်လည်း မန်ပန် ပြည်သူ့စစ် က တစုံတရာ ပြန်လည် ပြောခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။

“ သူတို့ (မန်ပန်ဌာနေပြည်သူ့စစ်) ဘာကြောင့် သိမ်းလည်းဆိုတာ မသိဘူး။ သူတို့ဘာစီမံချက် ရှိလဲဆိုတာ မသိဘူး။ ရွာသားတွေကိုလည်း သေချာမပြောဘဲ သိမ်းတယ်” ဟု လယ်ယာမြေသိမ်းခံရသူ တဦးကပြောသည်။

မန်ပန် ဌာနေပြည်သူ့စစ်သည် အသွင်ပြောင်း ပြည်သူ့စစ် ဖြစ်ပြီး၊ တန့်ယန်းမြို့နယ်၊ မိုင်းရယ်မြို့နယ် နှင့် လားရှိုးမြို့နယ် တွင်း လှုပ်ရှားရာ ခေါင်းဆောင်မှာ ဦးအိုက်မွန်း (ဗိုလ်မွန်း) ဆိုသူဖြစ်ကြောင်း သိရသည်။

လက်ရှိ အချိန်သည် တပ်မတော် မှ သိမ်းဆည်းထားသည့် လယ်ယာမြေ များကို ဒေသခံများထံ ပြန်လည်စွန့်လွှတ်ခြင်း၊ ပိုင်ရှင်ထံ ပြန်လည်ပေးအပ်ခြင်း ပြုလုပ်နေချိန် ထိုသို့ လယ်ယာမြေများထပ်မံ သိမ်းဆည်းနေခြင်းမှာ မသင့်လျော်ကြောင်းလည်း လားရှိုးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်းက ထောက်ပြ ပြောဆိုလိုက်သည်။

အဆိုပါ လယ်ယာမြေ သိမ်းဆည်းခံရမှု နှင့် ပတ်သက်ပြီး သိမ်းမြေ စိစစ်ရေး ကော်မတီ ထံ တင်ပြသွားမည်ဖြစ်ပြီး လွှတ်တော်မှ တဆင့် ပြည်သူများသိမ်းဆည်းခံရသည့် မြေများပြန်ရရှိရန် အတွက် ကြိုးစားဆောင်ရွက်သွားမည် ဟုလည်း စိုင်းဝမ်းလျန်းခမ်း က ပြောသည်။

“အာဏာကို လက်နက်ကိုင် အသုံးပြုပြီးတော့ လုပ်တာ လုံးဝမဖြစ်သင့်ဘူး။နိုင်ငံအတွက်လည်း ဂုဏ်သိက္ခာကျတယ်။ ပြည်သူ့စစ်ဆိုတာ တပ်ရဲ့ လက်အောက်ခံဆိုတော့ တပ်လည်း ဂုဏ်သိက္ခာကျပါတယ်” ဟု လည်း နမ့်ပေါင်းကျေးရွာ SNLD ပါတီ အဖွဲ့ဝင် တဦး က ပြောသည်။

မည်သည့် လက်နက်ကိုင် မဆို လယ်ယာမြေများသိမ်းဆည်းမှု ပြုလုပ်ပါက ပြည်သူများကို မနစ်နာအောင် ဦးစွာ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ပြည်သူများကို အသိပေးရန်လိုအပ်ကြောင်းလည်း သူက ထပ်လောင်းပြောသည်။

သျှမ်းပြည်နယ် အတွင်း တပ်မှ သိမ်းဆည်းထားသည့် လယ်ယာမြေ ဧက ၄သိန်းအနက် ဧက ၂သိန်း အား ဒေသဖွံ့ဖြိုး ရေး စီမံကိန်း အတွက် ဆောင်ရွက်သွားမည် ဟု ၂၀၁၈ မေ ၂၈ ရက်တွင် သျှမ်းပြည် အစိုးရ အဖွဲ့မှ သတင်းမီဒီယာများ နှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article