သို့-
နိုင်ငံတော်အစိုးရ သမ္မတ မင်း နှင့်စစ်ဉီးစီးချုပ်ကြီး အပါအ၀င်
လွှတ်တော်အမတ်များ နှင့် သက်ဆိုင်ရာအာဏာပိုင်များသိစေရန်အတွက်
သျှမ်းသံတော်ဆင့်မှ တဆင့်တင်ပြပေးရန်
ကျနော်သည် လားရှိးမြို့နယ်အရှေ့ဘက်မိုင် ၆၀ အကွာ မိုင်းကျက်အုပ်စုမှာနေထိုင်တဲ့ တောသူတောင်သားလယ်ယာ သမားတဦးသာဖြစ်ပါသည်။


ကျနော်တို့ရွာသည်မြို့နှင့်ဝေးပြီးသွားလာဆက်သွယ်မှုအတော်အတန်ခက်ခဲ ပါသည်။
ထိုသို့ခက်ခဲသောနေရာတွင်နေသူများအဖို့ စီးပွါးရေးကောင်းဖို့ မပြောနှင့် အလွယ်ဆုံး တယ်လီဖုန်း ဆက်သွယ်ရေးပင် လိုင်းမိတချက် မမိတချက်ပါ။ အင်တာနက်ဆိုတာတော့ ဝေးဝေးထား ။ သူများတွေ လို ဖေ့စ်ဘုတ်တို့ ဘာတို့သုံးချင်လျင် မြို့တက်မှရပါမည်။ရွာတွင်လိုင်းလုံး၀ မကောင်းပါ။
ထိုနေရာတွင်နေသောကျနော်တို့မှာ မိမိဝမ်းစာအတွက်ပင်ခက်ခက်ခဲခဲ ကြိုးပမ်းရုန်းကန်နေရသည်။ တဖက်တွင်လည်း ကျနော်တို့ဒေသမှာ လက်နက်ကိုင်တပ်ဖွဲ့ပေါင်းစုံလှုပ်ရှားပါသည်။
လက်နက်ကိုင်တပ်ဖွဲ့များလိုအပ်သောအကူအညီများအတွက် အချိန်တွေ လူအင်အား စက်ပစ္စည်းအင်အားတွေ ခွဲဝေပေးနေရသည်။ ဘယ်အဖွဲ့မဆို အကူအညီတောင်းလာပါက ကျနော်တို့လက်နက်မဲ့ အာဏာမဲ့ရွာသားများမှာ ပေးရ ကမ်းရမြဲဖြစ်ပါသည်။
ပြီးခဲ့သည့်လက မိုင်းကျက်တွင်အခြေချလှုပ်ရှားသော အစိုးရစစ်တပ်အပြောင်းအလဲလုပ်ကြသည်။ ခမရ ၃၆၈ ပြန်သွား၍ ချင်းပြည်နယ်မှလာသော ခမရ ၃၆၂ က လာရောက်စခန်းချသည်။
ယခုရောက်ရှိလာသော တပ်မှာ ယခင်ပြောင်းသွားသောတပ်ထက် အခိုင်းကြမ်းပါသည်။ ရွာသားများကို တပ်တွင်းသို့လုပ် အားပေးခေါ်သည်။ တပ်လုံခြုံရေးအတွက် ခံတုတ်ကျင်းများ၊ ခြံစည်းရိုးများတွင် ဝါးချွန်ဖြင့် ဆူးကာများ လုပ်ခိုင်းသည်။ တပ်အတွက် ဝါးများ ရှာခိုင်းသည်။ နေ့တိုင်းသွားပို့ပေးနေရသည်။
ဗျူဟာမှူးမှာ ကျော်နိုင်ဦး ဆိုသူဖြစ်ပါသည်။
လယ်ယာလုပ်ငန်းခွင်ဝင်နေသောရွာသားများအား လုပ်အားပေးဟု ဆင့်ဆိုလာပါက ပေါက်တူးပေါက်ပြားများ ချထားကာ သွားကြရသည်။
ရွာကကားတွေ ထော်လာဂျီတွေကို အုပ်ချုပ်ရေးမှူးထံဆင့်ခေါ်သည်။ အုပ်ချုပ်ရေးမှူးက ရွာသူကြီးထံ ပြန်ဆင့်ခေါ်သည်။ ပုံမှန်အတွက်ဆို တရက် ထော်လာဂျီ နဲ့ ကား ၃ စီး ကနေ ၄ စီး၊ သူတို့တောင်းလာသည့်အရေအတွက်အတိုင်းပေးရသည်။ ပေးပြီးတော့လည်း အသုံး မလောက်ဟုဆိုပြီး ရွာအတွင်း တွေ့တဲ့ ကား နဲ့ ထော်လာဂျီတွေကို ယာဉ်မောင်း သို့မဟုတ် ပိုင်ရှင်ကို ပါ ဆွဲခေါ်သည်။ တချို့ ကား ပိုင်ရှင် ထော်လာဂျီ ပိုင်ရှင်ဆိုရင် ဆက်တိုက် ချောဆွဲခံရသည်။ ဝမ်းရေးအတွက် လုပ်ကိုင်စားသောက်ချိန် တောင်မရှိ။


အခုလည်းဘဲ ဝမ့်လုံမိုင်းကျက်ရွာကနေ နမ့်ဟူးခန်အထိ ၁ မိုင်အကွာအဝေးလောက်ရှိတဲ့လမ်းကိုသဲတွေဘာတွေခင်းဖို့ ပြောဆိုသည်။ ၁ မိုင်သာဆိုသော်လည်း တောတောင်လမ်းအကွေ့အကောက်လမ်းဖြစ်တာကြောင့် နီးသည့် ခရီး မဟုတ်ပါ ။ ဒီလမ်းအတွက် ကိုယ့်ကား ကိုယ့်ထော်လာဂျီဖြင့်သဲသွားတင်ရ ကျောက်သွားတင်ရသည်။ ဆီဖိုးမရပါ ။ စရိတ်က ကိုယ့်အိပ်စိုက်ပါ။ ရွာသားတွေက လျှော့ပေါ့ပေးရန် တောင်းဆိုသော်လည်း “ ရွာသားတွေက သူပုန်ခိုင်းရင် တော့ လုပ်ပေးချင်ကြတယ်။ စစ်တပ်ကခိုင်းရင်တော့ မလုပ်ပေးချင်ကြဘူး။ သူပုန်နဲ့နေချင် တယ် ထင်တယ်” စသည်ဖြင့် ထပ်မံခြိမ်းခြောက်ပြောဆိုလာသဖြင့် ရွာသားများအနေဖြင့် လုံခြုံရေးစိုးရိမ်လာရပါသည်။
ကျနော်တို့နိုင်ငံသည် ဒီမိုကရေစီစနစ်ဖြင့်သွားနေပါပြီ၊ ရွေးကောက်ပွဲတွေရှိနေပါပြီဟု ကမ္ဘာက သိရှိပြီးဖြစ်သည်။ သို့သော်ဒီမိုကရေစီအနှစ်သာရ ဆိုတာကျနော်တို့ရွာသားတွေ မခံစားရသေးပါ။
ထို့ကြောင့် လုပ်အားပေးရသည့်ရွာသားများမှာ- “ပြောတော့ ဒီမိုကရေစီ ဒီမိုကရေစီတဲ့ လုပ်အားပေးကျတော့ ဟိုအရင်စစ်အစိုးရခေတ်တုန်းကလိုဘဲ ခေါ်နေတုန်း” – ဟုညီးတွားနေကြသည်။
ထိုသို့သော လုပ်အားပေးခိုင်းစေမှု လူအား စက်ပစ္စည်းအား ဆင့်ခေါ်မှုများ လျှော့ပေါ့သွားစေရေး၊ ဒီမိုကရေစီနိုင်ငံ ဟူသောအမည်နှင့်အညီ ကျေးလက်ရွာသားများ ဒီမိုကရေစီအနှစ်သာရအပြည့်အ၀ ရစေရေးအတွက်သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များအားလုံး ကျေးဇူးပြုပြီးကျနော်တို့ရွာသားတွေကို ကူညီပေးပါရန် သျှမ်းသံတော်ဆင့်မှတဆင့် တင်ပြလိုက်ရပါသည်။
အဓမ္မလုပ်အားပေးခိုင်းစေမှုများမှ အမြန်ဆုံးလွှတ်မြောက်လိုသည့်
မိုင်းကျက်ရွာသားများကိုယ်စား
စိုင်းအိုက်နောင့် (မိုင်းကျက်)