စက်ရုံ အနံ့ဆိုးကြောင့် ကျန်းမာရေးထိခိုက်

0

“ တရွာလုံး မီးခိုးမွှန်နေတယ်။ အနံ့တွေ တော်တော်ဆိုးတယ်” လို့ ဦးခွန်ချစ်ပြား က ပြောပါတယ်။

photo by Jasmine Lay/Facebook စက်ရုံ ထွက်တဲ့ မီးခိုး အနံ့ဆိုးခံနေရတဲ့ ကလေးငယ်များ

တောင်ကြီးမြို့ နမ့်ဆီးကျေးရွာ အုပ်စု အတွင်း စက်ရုံ ၃ခု ဖြစ်တဲ့ အမှတ်(၂) ပင်းပက် သံမဏိစက်ရုံ၊ ငွေကမ္ဘာ ခနောက်စိမ်း စက်ရုံ နဲ့ ကမ္ဘောဇ ဘိလပ်မြေ စက်ရုံ တို့ကနေထွက်လာတဲ့ မီးခိုးနံ့တွေဘဲဖြစ်ပါတယ်။

မီးခိုးနံ့အဆိုးဆုံးထွက်တာကတော့ နမ့်ဆီးကျေးရွာ အုပ်စုအတွင်းမှာရှိတဲ့ ငွေကမ္ဘာ ခနောက်စိမ်း သတ္တုရိုင်း သန့်စင်စက်ရုံ ကနေ ထွက်တာလို့ ဒေသခံတွေက ပြောပါတယ်။

Photo by Jasmine Lay / Facebook စက်ရုံ ထွက်တဲ့ မီးခိုးကြောင့် ပုံးစိမ်းကျေးရွာ တခုလုံး လွှမ်းမိုးနေ

အဆိုပါ လေထုညစ်ညမ်းမှု နဲ့ အနံ့ဆိုးတွေဟာ နမ့်ဆီးကျေးရွာ အုပ်စု အတွင်း ရှိ နောင်လံ၊ ဘုရား ငါးဆူ၊ ပုံးစိမ်း၊ ဟမ်းခြောက်၊ ညောင်ဖြူ၊ လွယ်တောင်းရွာ တွေမှာ ပြန့်နှံ့နေပါတယ်။

ယခုရက်ပိုင်း ခနောက်စိမ်း စက်ရုံက ထွက်လာတဲ့ မီးခိုးတွေ က ပိုဆိုးရွားလာကြောင်း၊ ထိုမီးခိုးရှူရှိုက်မှုကြောင့် ခေါင်းမူးခေါင်းကိုက်တာတွေ နေ့စဉ်အမျှ ရင်ဆိုင်နေရတယ်လို့ ဦးခွန်ချစ်ပြား က ပြောဆိုလိုက်ပါတယ်။

“ တရွာလုံး မီးခိုးမွှန်တာတော့ တော်တော်ကြာပြီ။ လေတိုက်တဲ့ နေရာ ပါသွားတာပဲ။ အခုရက်ပိုင်း က ပိုဆိုးတယ်” လို့ ဦးခွန်ချစ်ပြား က ဆိုပြန်ပါတယ်။

အနံ့ဆိုးတွေ ရှူရှိုက်တဲ့အတွက် တနေကုန် ထုံထိုင်းနေပြီး ဘာပဲလုပ်လုပ် စိတ်မပျော်ကြောင်း၊ အသက် ရှူရတာ မဝ ကြောင်း လည်း ဒေသခံတွေ ပြောဆိုလိုက်ပါတယ်။

“ အနံ့ က ယမ်းစိမ်းနံ့ပဲ။ အဲ့အနံ့ ကြောင့် မူးပြီး အန်ချင်တယ်။ နေရတာလည်းခက်တယ်” ဟု ဦးခွန်ချစ်ပြား က ထပ်ပြောပါတယ်။

ထိုမီးခိုးဒဏ်ကြောင့် ကလေးငယ်များ၊ အသက်ကြီးတဲ့ သူတွေ အတွက်စိုးရိမ်ရကြောင်း၊ တချို့ ဒေသခံများ ခေါင်းမူးကာ ဆေးရုံ သွားပြရတဲ့အဆင့် ထိ ရှိကြောင်း ဒေသခံ ကျောင်းဆရာမ တဦးက ပြောပါတယ်။

“ ကလေးတွေ က စ ခံနေရတယ်။ ဒီပြဿနာ ကို မြန်မြန်ဖြေရှင်းပေးစေချင်တယ်” လို့ အဆိုပါ ကျောင်းဆရာမ က ဆိုပါတယ်။

photo by Jasmine Lay/Facebook စက်ရုံ ထွက်တဲ့ မီးခိုး အနံ့ဆိုးခံနေရတဲ့ ကလေးငယ်များ

လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း ခနောက်စိမ်း စက်ရုံတွင် မီးခိုးခေါင်းတိုင် အသစ် ပြန်လဲပေးတယ်လို့ စက်ရုံတာဝန်ခံ တွေက ရွာသားတွေကို လာရောက်အကြောင်းကြားသေးကြောင်း လည်း သိရပါတယ်။

“ မီးခိုးတိုင်တွေ က ဟန်ပြ လာလုပ်တာပါပဲ။ ဘာမှမထူးဘူး” လို့ ဦးခွန်ချစ်ပြား က ပြောပါတယ်။

နမ့်ဆီးကျေးရွာ အုပ်စု အတွင်း စက်ရုံတွေ က ထွက်လာတဲ့ မီးခိုးတွေ အနံ့တွေ ဆိုးရွာနေတဲ့ ကိစ္စ သက်ဆိုင်ရာ အစိုးရ ကို စာတင်ပြ ခဲ့သော်လည်း တစုံတရာ ထူးခြားလာခြင်းမရှိခဲ့ပေ။

ငွေကမ္ဘာ ခနောက်စိမ်း စက်ရုံ ဟာ လွန်ခဲ့တဲ့ ၂၀၁၃ ခုနစ် ကတည်းက စတင်လည်ပတ်ခဲ့တဲ့ စက်ရုံ ဖြစ်ပြီး၊ ထိုစဉ်ကတည်းက ကျေးရွာ ဒေသခံများ အနံ့ဆိုးခံစားခဲ့ရတယ်လို့ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်း က ပြောပါတယ်။

အဆိုပါ အနံ့ဆိုး က လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်က စတင် ရရှိသဖြင့် ၂၀၁၅ ခုနှစ်တွင် ဒေသခံများ တိုင်ကြားမှုကြောင့် ခေတ္တရပ်ဆိုင်းခဲ့ပါတယ်။

၂၀၁၆ ခုနှစ်တွင် စက်ရုံ ကို အနည်းငယ် ပြန်စတင်လည်ပတ်ခဲ့ပြီး ၂၀၁၇ မှ စတင် က ယနေ့တိုင် မီးခိုးတွေ အနံ့ဆိုးတွေ ပြန်ရလာတဲ့အတွက် တိုင်စာ ထပ်မံ ပို့ထားကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်း က ဆိုပါတယ်။

တောင်ကြီးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး နဲ့ ကျန်းမာရေး ဌာန က လာရောက် စစ်ဆေးပြီး စက်ရုံ ရပ်ဆိုင်းထားခိုင်းကြောင်း၊ ယခု စက်ရုံကို ခိုး လည်ပတ်နေကြောင်း လည်း ဦးသိန်းထွန်း က ပြောပြပါတယ်။

“ ရပ်ခိုင်းထားတယ်။ အခုပြန်ပြီးခိုးလည်နေတယ်။ ကျေးရွာ တခုလုံး အုံ့ဆိုင်း နေရတယ်။ မနေ့က ပြန်ပြီးပြောထားတယ်။ မရပ်ဆိုင်းရင် ထပ်ပြီး စာတင်ရအုံးမယ်” ဟု ဦးသိန်းထွန်း က ဆိုပါတယ်။

စက်ရုံကို ပညာရှင်တွေခေါ်ပြီး စစ်ဆေး ပြင်ဆင် ရန် နဲ့ အနံ့ မထွက်အောင် လုပ်ပေးမယ်လို့ စက်ရုံ တာဝန်ခံ က အကြောင်းကြားလာကြောင်း ဦးသိန်းထွန်း က ပြောပါတယ်။

“ စက်ရုံက မနက်ဆို မလည်ဘူး။ ညလူမသိတဲ့အချိန် ခိုးလည်တာ။ မနက်ကျတော့ မီးခိုးတွေ တရွာလုံးမွှန်တော့တာပဲ။ မသိရင် မြူလိုလိုပဲ” ဟု ဦးသိန်းထွန်း က ထပ်လောင်း ပြောပါတယ်။

စက်ရုံအနီးပတ်ဝန်းကျင်တွင် စိုက်ပျိုးရေး လုပ်ငန်းမလုပ်ကိုင်နိုင်ကြောင်း၊ စက်ရုံ မှ ထွက်တဲ့ ဘေးထွက် ဆိုးကျိုး တွေကြောင့် စိုက်ပျိုးပင်တွေ မဖြစ်ထွန်းကြောင်း ဒေသခံများ ပြောပြချက် အရသိရပါတယ်။

“ အစိုးရ တွေကို စာတင်တာတင်တာ အရေးမယူသေးဘူး။ ကျနော်တို့ အနေနဲ့စက်ရုံတွေ မရှိရင် ကောင်းတာပေါ့” လို့ ဒေသခံ ဦးခွန်ချစ်ပြား က ပြောဆိုလိုက်ပါတယ်။

Leave a Comments

SHARE