Saturday, April 20, 2024

ချယ်ရီပန်းများ မခူးရန် တောင်ကြီးတွင် ဆိုင်းဘုတ်ထောင်

Must read

“ ချယ်ရီ ပန်းမခူးရ၊ ချယ်ရီကိုင်း မချိုးရ၊ ချယ်ရီပင် မခုတ်ရ”ဆိုသည့် ဆိုင်းဘုတ်သည် သျှမ်းပြည်တောင်ကြီးမြို့ ချယ်ရီ ပန်းပွင့်သည့် နေရာများတွင် တပ်ဆင်ထားသည်။

Photo by သစ်ပင်ချစ်သူများ အဖွဲ့

သျှမ်းပြည် တောင်ကြီးမြို့ ဘုရားဖြူ ရပ်ကွက်၊ ရွှေမုဒ်တော တောင်တက်လမ်း၊ ရွှေဘုန်းပွင့် ဘုရားတောင်တက်လမ်းတွင် အများဆုံး ပွင့်သည်။

ယခုရက်ပိုင်း ချယ်ရီပန်းများပွင့်သည့် အချိန်ဖြစ်သဖြင့် တောင်ကြီးမြို့ဒေသခံတချို့သည် ချယ်ရီပန်းများကို ခူးကာ ဈေးတွင်သွားရောင်းခြင်း၊ ချယ်ရီပင်ကို ခုတ်ကာ ဘုရားပန်း တင်ခြင်းကို ပြုလုပ်ကြသည် ကို တွေ့မြင်ရသည်။

ချယ်ရီပန်းပင်သည် ထိန်းသိမ်းထားသည့် စာရင်း တွင် ပါဝင်သဖြင့် မဆင်မခြေ ခုတ်ယူခြင်း၊ ချိုးခြင်း ပြုလုပ်ပါက မျိုးသုဉ်းသွားနိုင်ကြောင်း တောင်ကြီးမြို့ သစ်ပင်ချစ်သူများ အဖွဲ့ က ပြောဆိုလိုက်သည်။

Photo by သစ်ပင်ချစ်သူများ အဖွဲ့

ချယ်ရီပန်းသည် အလွန်အေးချမ်းသည့် ချင်းပြည် နှင့် သျှမ်းပြည် တောင်ပေါ် ဒေသများတွင် အဓိက ပွင့်သည့် ပန်းဖြစ်ပြီး၊ ချယ်ရီသည် သျှမ်းပြည် ၏ သင်္ကေတ တခုဖြစ်ကြောင်းလည်း သစ်ပင်ချစ်သူများ အဖွဲ့ မှ နန်းလင်းခမ်း က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ ချယ်ရီ က ပွင့်ချင်တိုင်းမပွင့်ဘူး။ တနှစ်မှ တကြိမ်သာပွင့်တယ်။ အရမ်းအေးတဲ့တောင်ပေါ်ပဲပွင့်တယ်။ ချယ်ရီပန်းဟာ အရမ်းတန်ဖိုးကြီးတယ်ဆိုတာ လူတွေသိစေချင်တယ်။ဒါကြောင့် ချယ်ရီကိုမခုတ်၊ မခူးဖို့ ဆိုင်းဘုတ်တွေထောင်ရတာပါ” ဟု နန်းလင်းခမ်း က ဆိုသည်။

ချယ်ရီပန်းရဲ့ အလှသည် အပင်ပေါ်တွင်သာ လှပပြီး၊ ခူးယူလိုက်ပါက အချိန် အနည်းငယ်အတွင်း ညိုးသွားပြီး မလှတော့သဖြင့် ပန်း၏ အလှကို အပင်တွင် ထားကာ လူအများကို မြင်စေချင်သည် ဟုလည်း နန်းလင်းခမ်း က ပြောသည်။

Photo by တောင်ကြီး ဒေသခံ

“ချယ်ရီ အလှကို လူတိုင်းမြင်လို့ရအောင် မချိုးဖို့ ပြောချင်ပါတယ်” ဟု နန်းလင်းခမ်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ယခု ချယ်ရီပန်းပွင့်သည့် အချိန်တွင် တောင်ကြီးဈေးတွင် ချယ်ရီပန်းများခူးကာ လာရောက် ရောင်းချကြောင်း၊ ချယ်ရီပင်ပေါ်တက်ကာ ပန်းများ ခူးယူခြင်းကို ရပ်တန့်ရန်လည်း တောင်ကြီး ဒေသခံ စိုင်းလှမောင် က ပြောသည်။

“ အပင်ပေါ်မှာ လှနေတဲ့ ပန်းကို မခူးစေချင်ဘူး။ ခူးတဲ့သူတွေက အလှကို တယောက်တည်း ကြည့်ချင်တဲ့သဘောပဲ။ ချယ်ရီက ခူးလာပြီးရင် လှတာလည်းမဟုတ်ဘဲ နောက် လွှတ်ပစ်ရတာပဲ။ အပင်မှာ သူ့သဘာဝ အလှနဲ့တူ ထားစေချင်တယ်” ဟု စိုင်းလှမောင် က ဆိုသည်။

Photo by တောင်ကြီး ဒေသခံ

ဈေးထဲတွင် ရောင်းချနေသည့် ချယ်ရီပန်းများကို ဝယ်ယူသူမရှိပါက ရောင်းချမည့် သူများလည်း မရှိကြောင်း၊ ဈေးထဲတွင် ရောင်းချသည့် ချယ်ရီများမဝယ်ရန်လည်း သစ်ပင်ချစ်သူများအဖွဲ့ က ပြောသည်။

ယခုရက်ပိုင်း သျှမ်းပြည် တဝှမ်း နေရာ အများစုတွင် ချယ်ရီပန်းများ ပွင့်ဖူးကာ ချယ်ရီ ပန်းများမခုတ်ရန်၊ မခူးရန် လည်း ဆိုင်းဘုတ်များ တပ်ဆင်ထားကြသည်။

သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နယ် လွိုင်မွေ တွင်လည်း ချယ်ရီပန်းများ ခူးယူခြင်း၊ ခုတ်ယူခြင်းပြုလုပ်ပါက ငွေဒဏ် ကျပ် ၅သောင်း ပေးဆောင်ရမည် ဟုသည် ဆိုင်းဘုတ်များ တပ်ထားသည်။

ထို့ကြောင့် အပင်ပေါ်တွင် လှပနေသည့် ချယ်ရီပန်း အလှကို မဖျက်ဆီးပဲ၊ ချယ်ရီပင်များကို ထိန်းသိမ်းရန် လူတိုင်း တာဝန်ရှိကြောင်း လည်း သစ်ပင်ချစ်သူများအဖွဲ့ က ပြောဆိုလိုက်သည်။

Leave a Comments

- Advertisement -spot_img

Latest article