Thursday, April 25, 2024

နမ့်ခမ်းမြို့အဝင်မုခ်ဦးနှင့် မြို့လယ်ဘုန်းကြီးကျောင်းတိုက်ဆိုင်းဘုတ်အား တရက်အတွင်း သစ်တင်ကား ၃ စီးဝင်တိုက်

Must read

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင်   တရုတ်ပြည်ဘက်သစ်တင်ပို့သည့် ၁၀ ဘီးကားကြီး များ တရက်အတွင်း မြို့အဝင်မုခ်နှင့် ဘုန်းကြီးကျောင်းအဝင်ဆိုင်းဘုတ်အား ၁ နာရီခြားကာဝင်တိုက်သွားကြောင်းသိရသည်။

သစ်တင်ကားဝင်တိုက်ရာမှ ပြိုကျပျက်စီးသွားသော နမ့်ခမ်းမြို့အဝင်မုခ်ဦး

နမ့်ခမ်းမြို့အဝင်ဆိုင်းဘုတ်အား မတ်လ ၃ ရက် နံနက် ၃ :  ၄၅ နာရီက သစ်လုံးများတင်ထားသည့် ၁၀ ဘီးကားကြီးတစီး ဝင်တိုက်သွားပြီး နံနက် ၄ နာရီကျော်တွင်မူ သစ်တင် ၁၀ ဘီးကားနောက်စီးက နမ့်ခမ်းမြို့လယ်ရှိ ဝတ်လုံကော်မိန်း ကျောင်းတိုက်၏ ဆိုင်းဘုတ်အား ဝင်တိုက်မိပြန်ကြောင်းသိရသည်။

“မြို့ဝင်မုခ်ဦးက ပြိုကျပျက်စီးကုန်တယ်။ မြို့လယ်က ဘုန်းကြီးကျောင်းဆိုင်းဘုတ်လည်း အက်ကွဲပျက်စီးတယ်။ ရဲဘက်ကတော့ ကား ၃ စီးဖမ်းထားတယ်လို့ပြောတယ်။ ဒီကားတွေက တရုတ်ပိုင်တဲ့ကားတွေလေ။ မိုင်းဝီး မိုးမိတ်ဘက်က သစ်တွေ၊ မဘိန်း၊ လွယ်ဟိုဆေဘက်ကသစ်တွေ၊ဗန်းမော်ဘက်ကသစ်တွေလေ။ ညပိုင်းမှာ သယ်ကြတာ။ နမ့်ခမ်းမြို့လယ်ကိုဖြတ်ပြီး တရုတ်ဘက်ကိုပို့တာ။ ကျွန်းတွေချည်းဘဲ။ ကားမောင်းလည်းမြန်သလားမမေးနဲ့ အဲ့ကြောင့် နမ့်ခမ်းမှာ ယာဉ်တိုက်မှုခနခနဖြစ်တယ်။” – ဟု နမ့်ခမ်းမြို့ခံ စိုင်းအိုက်ဆိုင်ကပြောသည်။

တရုတ်ပြည်ဘက်သစ်တင်ပို့သည့် ၁၀ ဘီးကားကြီး များ

အဆိုပါသစ်တင်ကားများသည်  သျှမ်းပြည် ကချင်ပြည်မှ သစ်များ တရုတ်ပြည်သို့တင်ပို့နေသည်မှာ ကြာမြင့်ပြီဖြစ်ပြီး ယာဉ်အမောင်းကြမ်းသဖြင့် နမ့်ခမ်းမြို့တွင်း၌လည်း  ယာဉ်မတော်တဆတိုက်မှု  မကြာခဏဖြစ်ပွါးလျှက်ရှိကြောင်း သို့သော်အရေးယူ ပြစ်ဒဏ်ပေးမှု မရှိခဲ့ဖူးကြောင်း နမ့်ခမ်းမြို့ခံစိုင်းပီးက သျှမ်းသံတော်ဆင့်အားပြောပြသည်။

“ သူတို့က ညအိပ်ချိန်တွေဘာတွေလည်းနားမလည်ဘူး။ ကားအမောင်းကြမ်းတယ်။ လမ်းဘေးတဖက်တချက်လူတွေဆိုရင် ကောင်းကောင်းမအိပ်ရဘူး။ လမ်းတွေဆိုလည်းပျက်စီးကုန်တယ်။ တိုက်မိတာတွေ ဘာတွေလည်းရှိဖူးတယ်။ တခါမှအရေးယူခံရတာလည်းမကြားမိဘူး” – ဟု စိုင်းပီးကပြောသည်။

အဆိုပါသစ်တင်ကားများသည် သျှမ်းပြည်၊ ကချင်ပြည်ရှိ တောတောင်များမှ ကျွန်းသစ် အပြင်တခြားအဖိုးတန်သစ်မာများကို ခုတ်ဖြတ်တင်ဆောင်ကာ တရုတ်ပြည်ဘက်ပို့ဆောင်နေကြသည်။ အများစုမှာ ညပိုင်းတွင် သယ်ဆောင်ကြပြီး၊ နေ့ခင်းပိုင်းတွင်လည်း မကြာခဏ  တွေ့မြင်နေကြကြောင်းဒေသခံများပြောပြချက်အရသိရပါသည်။

Leave a Comments

- Advertisement -spot_img

Latest article