သျှမ်းပြည် မြောက်ပိုင်း သျှမ်းလူ့အခွင့်ရေးတက်ကြွဆောင်ရွက်သူများ လူမှု ကွန်ရက် (Facebook) တွင် ခြိမ်းခြောက်မှု ခံနေရကြောင်း သိရသည်။
ယမန်နေ့ အောက်တိုဘာ ၂၀ ရက်နေ့ ညက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ၏ ဓာတ်ပုံကို ပရိုဖိုင်းဓါတ်ပုံအဖြစ်အသုံးပြုပြီး “ တောင်တန်းချစ်သူ” ဆိုသည့် အကောင့်ဖြင့် လူမှုကွန်ရက်ဖေ့စ်ဘုတ် မက်ဆင်ဂျာဖြင့် သျှမ်းလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများထံ “ ခင်ဗျား အသက် ခင်ဗျားချစ်ရင် စကားအပြောအဆို အနေအထိုင် အကုန်ဆင်ခြင်ပါ” “ နောက်များအဆိုးမဆိုနဲ့” ဟူ၍ ခြိမ်းခြောက်မှု ရှိသည်။
ထို့အပြင် လားရှိုးမြို့ သျှမ်းလူငယ်အဖွဲ့ TYO (သျှမ်း/မြောက်) ခေါင်းဆောင် စိုင်းဟန် ထံလည်း “ အဘိုးကြီး မဆိုင်တာ တွေ ဝင်မရှုပ်နဲ့ ကိုယ့်အသက် ကိုယ်ချစ်ရင် သတိထားနေ” ဆိုသည့် ခြိမ်းခြောက်စာများကို ယမန်နေ့ည ၈ နာရီ ၂၈ မိနစ်ခန့်တွင် ပို့ထားကြောင်းသိရသည်။

“မနေ့က ကျနော်ခြိမ်းခြောက်စာပို့ခံရတယ်။ နောက် အဲ့အကောင့်ကို ကျနော်ပြန်ကြည့်တော့ ရှာမရဘူး” ဟု စိုင်းဟန် ကဆိုသည်။
အဆိုပါ ခြိမ်းခြောက်စာများသည် လားရှိုးမြို့နယ် ခေးနင်း ကျောင်းတိုက် ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တပညာဇောတ(ဓမ္မာစရိယ) ကို အမည်မသိ ဆိုင်ကယ်ဖြင့် လူ ၂ ဦးလာရောက် ပစ်ခတ်ပြီး ဆရာတော် ပျံလွန်တော်မူပြီး နောက် ပို့သည့် စာဖြစ်ကြောင်း သိရသည်။
သျှမ်းလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူသျှမ်းမြောက်လူငယ်များထံ ယခုကဲ့သို့ ခြိမ်းခြောက်စာ ပို့နေခြင်းမှာ နိုင်ငံရေး၊ လူမှုရေး နှင့် ပတ်သက်နေကြောင်း စိုင်းဟန် ကပြောသည်။
“ ကျနော် က လူမှုရေး လုပ်နေတာလေ။ မတရား တာ မှန်သမျှ တွန်းလှန် နေမှာ ပါပဲ” ဟု စိုင်းဟန် က ပြောဆို သည်။
တချို့ သျှမ်းပြည် တက်ကြွလှုပ်ရှားသူများထံတွင် “ ထမင်းကို ဝအောင်စားထား၊ အသက်ကို ဖက်နဲ့ ထုတ်ထား၊ စစ်တပ်မကောင်တာ၊ သျှမ်းမြောက် မှာ မင်း အသက် ဈေးပေါတယ် ” စသည်ဖြင့် ရေးသားပေးပို့ကြသည် ဟု သျှမ်းပြည် မြောက်ပိုင်း ကျောင်းသားသမဂ္ဂ မှ နန်းမွေလျန်း က ပြောပြသည်။
“ ကျမ ကိုတော့ ခြိမ်းခြောက်စာ မပို့ဘူး။ ကျမတို့ အဖွဲ့ထဲကလူတွေကိုတော့ ပို့တယ်။ ကျမ ဖေ့ဘွတ်စ် အကောင့်ကိုတော့ တညလုံး ဟက် (Hack ) ဖို့ကြိုးစားနေတယ် နှောင့်ယှက်နေတယ်” ဟု နန်းမွေလျန်း က ဆိုသည်။
တောင်တန်းဒေသတွင်နေထိုင်သည့် ပြည်သူများသည် တနေ့ ထက်တနေ့ မလုံခြုံမှုကို ပိုမိုခံစားလာနေရကြောင်း လည်း ယမန်နေ့က ခြိမ်းခြောက်စာ ပေးပို့ခံရသည့် သျှမ်းမြောက် ငြိမ်းချမ်းရေး နှင့် လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူ နန်းစံပယ်က ပြောသည်။
“ တကယ်တမ်း သေချာတွေးကြည့်ရင် ကျမတယောက်တည်း မလုံခြုံတာ မဟုတ်ပါဘူး။ တောင်တန်းပေါ်က တိုင်းရင်းသားပြည်သူတွေ ရဲ့ နေ့စဉ် လူမှု ဘဝ ခြိမ်းခြောက်မှု များစွာ နဲ့ကျီးလန့်စာစားသလို နေနေရပါတယ်” ဟု နန်းစံပယ် က ဆိုသည်။

တိုင်းရင်းသား ပြည်သူလူထုအနေဖြင့် လုံခြုံနွေးထွေးပြီး ငြိမ်းချမ်းမှုသဟဇာတ ရှိသည့် လူ့အဖွဲ့အစည်း လူ့ပတ်ဝန်းကျင်ကို မျှော်လင့် နေကြသည်။
“ ကျမအနေနဲ့ ငြိမ်းချမ်းရေး နဲ့ တရားမျှတမှု အတွက် တတ်စွမ်းသမျှလုပ်ခဲ့တယ်။ တောင်တန်းပေါ် က ဘဝတူ တိုင်းရင်းသား အားလုံးနဲ့ အမြဲရပ်တည်နေမှာပါ။ တန်းတူညီတူ ဖွံ့ဖြိုးဖို့ဆိုရင် ကျမ တို့ အားလုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ဖို့ ၊ နားလည်ဖေးမမှုများ အပြန်အလှန် ရှိကြဖို့ ကျမ အနေနဲ့ မေတ္တာရပ်ခံပါတယ်” ဟု နန်းစံပယ်က တောင်းဆိုလိုက်သည်။
ယမန်ည သေနတ်ပစ်သတ်ခံရသည့် ခေးနင်း ကျောင်းထိုင် ဆရာတော် သည် သျှမ်းလူမျိုးများ အထူးယုံကြည် ကိုးကွယ်သည့် ဆရာတော် တပါးဖြစ်ကြောင်း၊ ဒေသတွင်းလူထုအရေး ၊ လူမှုရေးအတွက် ကူညီဆောင်ရွက်ပေးသည့် ဆရာတော် လည်းဖြစ်ကြောင်း သိရသည်။

ခေးနင်း ကျောင်းထိုင် ဆရာတော် ပစ်ခတ်မှုမခံရမှီ အောက်တိုဘာလ ၁၀ ရက်နေ့က ခေးနင်း ဘုန်းကြီးကျောင်းအတွင်းသို့ ၃ ဘီး ဆိုင်ကယ်တစီးဖြင့် လူတဦးဝင်လာပြီး ကျောင်းထိုင် ဆရာတော် အသုံးပြုသည့်Tablet ( တက်ဘလက်) ကိုလာရောက်ခိုးယူသွားကြောင်း သိရသည်။
ဆရာတော်ပစ်သတ်ခံရသည့် အောက်တိုဘာ ၂၀ ရက် မနက်ပိုင်းက ခေးနင်း ဘုန်းကြီးကျောင်းတွင် အလှူပွဲ ပြုလုပ်ကာ လားရှိုးမြို့တွင်းမှ ဒကာ၊ ဒကာမများလာရောက် ကန်တော့ကြသေးကြောင်း သိရသည်။

ယမန်နှစ် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့ကလည်း ကျောက်မဲမြို့ ရွှေကျင်ကျောင်းထိုင် ဆရာတော် ဦးကလျာဏဝံသ အား အမည်မသိ သေနတ်သမား ၂ ဦး ဆိုင်ကယ်စီးလာပြီး ဝင်ရောက် ပစ်ခတ်ခဲ့ကာ လက်ရှိ အချိန်ထိ တရားခံ မဖမ်းမိသေးပေ။
“ ဘုန်းကြီးတောင် သေနတ်နဲ့ ပစ်တော့ လုံခြုံမှု မရှိတာတော့ သိပ်သေချာတယ်။ လူမှုရေး ကိစ္စတွေမှာ တက်ကြွ နေတဲ့ သူတွေ အတွက် သတိပေးလိုက်သလို ခံစားရပါတယ်” ဟု တအာင်း ဥပဒေရေးရာ ထောက်ကူပြု အဖွဲ့ မှ မိုင်းမျိုးအောင် က ပြောသည်။

သျှမ်းမြောက်တွင် ပြသနာများဖြစ်ပေါ်တိုင်း အလိုမကျတိုင်း တွေ့ဆုံဖြေရှင်းခြင်း၊ ဥပဒေ အကြောင်းအရဖြေရှင်းခြင်း မပြုဘဲ လက်နက်နှင့် ဖြေရှင်းသည့် အလေ့အထ သည် ကောင်းမွန်သည့် လူ့အဖွဲ့အစည်း တရပ် မတည်ဆောက် နိုင်ကြောင်း လည်း မိုင်းမျိုးအောင်က ပြောသည်။
လက်နက်ဖြင့် ဖြေရှင်းသည့် ကိစ္စသည် “ တရားဥပေဒ စိုးမိုးမှု ကင်းမဲ့ပြီး ပြည်သူအားလုံး အတွက်လုံခြုံမှု ကင်းမဲ့စေပါတယ်” ဟု မိုင်းမျိုးအောင်က ဖြည့်စွက်ပြောကြားသည်။
သံဃာတော် များကို သေနတ်ဖြင့် ပစ်သတ်မှု ကို ကြည့်ခြင်းအားဖြင့် မိမိတို့ အလှည့် အချိန်မရွေး ရောက်လာနိုင်ကြောင်း၊ ထို့ပြင် သံဃာတော်ကို ပါ မချန် ပစ်သတ်နေသည့် လုပ်ရပ်သည် လူမှု အဖွဲ့အစည်း တရပ်လုံးကို တုန်လှုပ်စေကာ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေကြောင်းလည်း သျှမ်းမြောက် လူ့အခွင့်အရေး တက်ကြွသူများက မှတ်ချက်ပြုလိုက်သည်။
သျှမ်းမြောက်ဒေသတွင် တိုင်းရင်းသားပေါင်းစုံ ဖြစ်သည့် သျှမ်း၊ တအာင်း(ပလောင်)လူမျိုးအပြင် တခြား တိုင်းရင်းသားများလည်း အတူယှဉ်တွဲနေထိုင်ခဲ့သည် မှာ နှစ်ပေါင်းများစွာရှိခဲ့ကြသည်။
လက်ရှိတွင် တအာင်း လူမျိုးများ အသတ်ခံရပါက သျှမ်းများလက်ချက်ဟု ဆိုကြပြီး၊ သျှမ်းလူမျိုးအသတ်ခံရပါက တအာင်းများလက်ချက် ဟု ထင်မြင်ပြောဆိုနေကြသည်။
သို့သော်၎င်းနှင့်ပတ်သက်ပြီး သံဃာတော် နှင့် လူထုအား သေနတ်ပစ်သတ်သူသာလျှင် အသိဆုံးဖြစ်မည်ဖြစ်ပြီး ၎င်းလုပ်ရပ်သည် လူမျိုးကွဲ စိတ်ဝမ်းကွဲအောင် ပြုလုပ်ခြင်းဖြစ်ကြောင်း သျှမ်းပြည်မြောက်ပိုင်း လူ့အခွင့်အရေး ဆောင်ရွက်သူများက ပြောဆိုသတိပေးလိုက်သည်။
တဖက်သတ်ထင်မြင်မှုသည် အမှန်တရား နှင့် တရားမျှတမှု ရရှိရန် ပိုပြီး ဝေးကွာစေကြောင်း၊ ပဋိပက္ခ များကို ပိုဖြစ်စေနိုင်သည့် အတွက် မဆင်ခြင် စွပ်စွဲမှုမျိုး ၊ တဖက်နှင့်တဖက် ပုတ်ခတ်ဆဲဆိုကြသည့်လုပ်ရပ်မျိုးများကို မလုပ်ကြရန်လည်း နန်းစံပယ်က တောင်းဆိုလိုက်သည်။
ရေရှည် တည်တံ့သည့် ငြိမ်းချမ်းရေး ပြန်လည် သင့်မြတ်ရေး အတွက် အချင်းချင်းကြား ဖြစ်သော ပြသနာများ ရှောင်ရှားဖို့အတွက်အတူပူးပေါင်း ဖြေရှင်းသင့်ကြောင်းလည်း သျှမ်းမြောက် လူ့အခွင့်အရေး ဆောင်ရွက်သူများက ပြောဆိုလိုက်သည်။