Thursday, April 25, 2024

သမိုင်းဝင် သျှမ်းပြည်အမျိုးသားတေးသီချင်းရေးစပ်သီကုံးခဲ့သူ ဒေါက်တာ ဘဉာဏ်၏ အုဋ်ဂူတွင် Tai Youth Day ၌လူငယ်များ တွေ့ဆုံကြမည်

Must read

သျှမ်းပြည်မြောက်ပိုင်းသီပေါမြို့ရှိ သျှမ်းပြည်အမျိုးသားအလံတင်တေးသီချင်း ရေးစပ်သီကုံးခဲ့သူ ဒေါက်တာ ဘဉာဏ်၏ အုဋ်ဂူအား သီပေါကျားခေါင်းပါတီနှင့် စာပေယဉ်ကျေးမှုအဖွဲ့က မွမ်းမံပြီး မတ်လ ၁ ရက်နေ့ Tai Youth Day တွင် လူငယ်များနှင့်တွေ့ဆုံမှုတရပ်ပြုလုပ်သွားမည်ဟုသိရသည်။

သီပေါမြို့ စော်ဘွားများနှင့်ဆွေတော်မျိုးတော်များအုဋ်ဂူ

“မတ်လ ၁ ရက်နေ့ ဒေါက်တာဘဉာဏ်မွေးနေ့ကျရင် လူငယ်တွေနဲ့အဲဒီမှာသွားပြီး တွေ့ဆုံကြမယ်။ ဒေါက်တာ ဘဉာဏ်ရဲ့အတ္ထုပ္ပတ္တိ ကိုပြောကြမယ်။ ပထမဆုံးအကြိမ်အုဋ်ဂူများမွမ်းမံခြင်းနဲ့ လူငယ်တွေနဲ့ တွေ့ဆုံခြင်းဖြစ် တယ်။ ဒေါက်တာဘဉာဏ်ဟာ ကျနော်တို့သျှမ်းတွေထဲမှာ ပညာတတ်တယောက်ဖြစ်သလို သျှမ်းစာပေ မြတ်နိုး တဲ့သူတယောက်ဖြစ်တယ်။ ဒါကြောင့်သူ့ကိုမမေ့သင့်ဘူး။ သူ့ရဲ့ ဂုဏ်ကျေးဇူးကိုအောင့်မေ့သတိယအောင် ရည် ရွယ်ပြီးကျနော်တို့ဒီလိုစီစဉ်ရတာဖြစ်ပါတယ် ”- ဟု သီပေါမြို့နယ် ကျားခေါင်းပါတီ ဒုဥက္ကဌ စိုင်းသိန်းက သျှမ်းသံတော်ဆင့် အားပြောပြသည်။

သီပေါမြို့ စော်ဘွားများနှင့်ဆွေတော်မျိုးတော်များ? ဒေါက်တာဘဉာဏ်နှင့်ဇနီးတို့အုဋ်ဂူ

ရှေးဟောင်းအမွေအနှစ်ထဲပါ၀င်သည့်အဆိုပါ စော်ဘွားများနှင့်ဆွေတော်မျိုးတော်များအုဋ်ဂူသချိုင်္င်းသည် သီပေါမြို့ အနောက်ဘက် သီပေါ-ကျောက်မဲကားလမ်း ညာဘက်ခြမ်းတွင်တည်ရှိပါသည်။
သီပေါစော်ဘွားများဖြစ်ကြသော စဝ်ဦးကြာ၊ ဆာစောချယ်၊ စဝ်အို နှင့် ဆွေတော်မျိုးတော်များအပြင် လက်ရှိ သျှမ်းပြည်အမျိုးသားအလံတင်သီချင်းအဖြစ်အသုံးပြုနေသော ခေးတိုင်းခေးရာဇာ တေးသီချင်းကို ရေးစပ် သီကုံးခဲ့သူ ဒေါက်တာဘဉာဏ်နှင့် ၄င်း၏ဇနီး အုဋ်ဂူလည်း ရှိပါသည်။

လက်ရှိတွင် ဒေါက်တာဘဉာဏ်နှင့်ဇနီး၏ အုဋ်ဂူကိုဦးစွာ မွမ်းမံကြမည်ဖြစ်ပြီး ကျန်ရှိသောစော်ဘွား များ အုဋ်ဂူကိုလည်း နောင်နှစ်များတွင် ဆက်လက်ပြုပြင်မွမ်းမံမှု လုပ်သွားရန် စီစဉ် ထားကြောင်း ဦးစိုင်းသိန်း ကပြောသည်။

“ကျနော်တို့သီပေါမြို့နယ် ကျားခေါင်းပါတီရယ် သျှမ်းစာပေယဉ်ကျေးမှုအဖွဲ့ရယ် လူငယ်တွေရယ် စုပေါင်းပြီး တော့ ဖေဖော်ဝါရီလ ရ ရက်နေ့တုန်းက ဒေါက်တာဘဉာဏ်တို့ဇနီးမောင်နှံအုဋ်ဂူနဲ့ တော်ဝင် အုဋ်ဂူတွေရှိတဲ့ နေရာကိုသွားပြီး ဂါရဝပြုတယ်။အဲဒီကနေအချင်းချင်းဆွေးနွေးကြရာကနေ ဒေါက်တာဘဉာဏ်နဲ့ ဇနီးရဲ့အုဋ်ဂူ တွေကို မွမ်းမံဖို့ အကြံဉာဏ်ရလာတာ။ အဲတာနဲ့ တယောက်နဲနဲစီ ပိုက်ဆံတွေစုပြီး ပိုက်ဆံကျပ်ငွေ ရ သိန်းနဲ့ မွမ်းမံခဲ့တာပါ။ နောက်နှစ်တွေမှာလည်း ကျန်တဲ့အုဋ်ဂူတွေကိုမွမ်းမံထိန်းသိမ်းသွားပါမယ်။ ” – ဟု ၄င်းက ဆက် လက်ပြောပြသည်။

သီပေါမြို့နယ် ကျောင်းလွယ်မုပ် ဘုန်းကြီးကျောင်းဘေးရှိအဆိုပါ စော်ဘွားများ အုဋ်ဂူများတည်ရှိရာနေရာသည် ပေ ၃၀- ၄၀ ကျယ်ဝန်းပါသည်။

ပြီးခဲ့သည့်ဒီဇင်ဘာလက ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် သပြေတန်း သျှမ်းရွာတွင် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ်ကွန်ယက် ညီလာခံ ၂၀၁၇ ခုသဘောထားကြေငြာချက်ထုတ်ပြန်ရာ သျှမ်းလူငယ်များကိုပထမဦးဆုံးပြုစုပျိုးထောင်ပေးခဲ့သည့် သျှမ်းစာဆိုတော် ဒေါက်တာဘဉာဏ်၏မွေးနေ့ကို သျှမ်းလူငယ်နေ့အဖြစ် သဘောတူသတ်မှတ်ခဲ့ကြကြောင်း ပါရှိပါသည်။

Leave a Comments

- Advertisement -spot_img

Latest article