တိုက်ပွဲတွေရပ်တန့်ပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေး လိုလားတဲ့ သျှမ်းပြည် လူ့အခွင့်အရေးလှုပ်ရှားသူများ

0

စက်တင်ဘာ ၂၁ ရက်နေ့ ဟာ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ဖြစ်ပါတယ်။ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်ကို ကမ္ဘာတဝှမ်း သာမက မြန်မာနိုင်ငံလည်း နှစ်စဉ် ကျင်းပခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးကို သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်း၊ လူမှု အဖွဲ့အစည်းတွေက နှစ်စဉ် မြို့တိုင်း လိုလို ကျင်းပပေမယ့် မြန်မာပြည်ရဲ့ စစ်ရေး အခြေအနေ က နှစ်ပေါင်း ၆၀ ကျော် ကြာရှည်ခဲ့ပြီး လက်ရှိ အခြေအနေ ထိ မချုပ်ငြိမ်းသေးပါဘူး။

လက်ရှိမှာ တိုင်းရင်းသား ဒေသ ဖြစ်တဲ့ သျှမ်းပြည်နယ် နဲ့ ရခိုင်ပြည်နယ် မှာတော့ စစ်မီးတွေ တောက်လောင်နေပြီး အရပ်သားသေဆုံးမှုတွေ ၊ ထိခိုက်ဒဏ်ရာရရှိမှုတွေ က ရှိနေဆဲပါ။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ မှာ မငြိမ်းချမ်းနိုင်သေးတဲ့ အပေါ် စစ်မှန်တဲ့ ငြိမ်းချမ်းရေးနေ့ဖြစ်ဖို့ အတွက် သျှမ်းပြည်နယ် အတွင်း လူအခွင့်အရေးတက်ကြွ ဆောင်ရွက်နေတဲ့ လူငယ်တွေ ရဲ့ ရင်တွင်းဖြစ် ငြိမ်းချမ်းရေး အသံ တွေကို သျှမ်းသံတော်ဆင့် သတင်းထောက်တွေ က စုစည်းတင်ပြသွားပါမယ်။

 

ငြိမ်းချမ်းရေးကို ဆွေးနွေးခြင်းလမ်းကြောင်းနဲ့ဘဲသွားစေချင်

တအာင်း(ပလောင်) ဥပဒေ အထောက်အကူပြု အဖွဲ့ တာဝန်ခံ မိုင်းမျိုးအောင်

ငြိမ်းချမ်းရေးနေ့မှာဖြစ်စေချင်တာ ကတော့ တိုက်ပွဲတွေ အမြန်ဆုံး ရပ်တန့်ဖို့ လိုပါတယ်။ အမှန်တကယ် တိုက်ပွဲ ရပ်တန့်ဖို့လိုမယ်။ နောက် အပစ်အခတ် နည်းလမ်းနဲ့ မဟုတ်ဘဲနဲ့ ဆွေးနွေးတဲ့လမ်းကြောင်းကိုပဲ ပိုသွားစေချင်တယ်။

ပစ်ခတ်တိုက်ခတ်မှု မရှိတော့ရင် ဒုက္ခသည်တွေလည်း ကိုယ့်နေရပ်ကို အေးဆေး ပြန်လို့ရတာပေါ့။ ပြန်တဲ့အချိန်မှာ အာမခံချက်တော့ ရှိဖို့လိုတာပေါ့။ ပြန်တဲ့ အချိန်မှာသူတို့ ဒေသမှာ မပေါက်ကွဲတဲ့ လက်နက်တွေမိုင်းထောင်ထားတာတွေ လည်းရှိမယ်။ အဲ့ဒါတွေကို လုံးဝ စိတ်ချရတဲ့အဆင့်ထိတော့ ပူးပေါင်းလုပ်ဆောင် ပေးရမယ်။အဲ့ဒါမှ စိတ်ချ လက်ချပြန်လို့ရမယ်။

အဓိကတော့ ဒီ လူငယ်တွေ အနေနဲ့ လက်ရှိ စစ်ပွဲ နေရာမှာ ပညာရေး၊ စီးပွားရေး၊ လူမှုရေး နိမ့်ကျနေတယ်။ ရေရှည်မှာ အတူယှဉ်တွဲနေတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အားလုံး ပညာရေး စီးပွားရေးပိုင်းမှာ ကွာဟမှုတွေရှိမယ်။ လူနေမှု ကွာဟမှု  နောက်ရေရှည်တည်တံ့မှု ငြိမ်းချမ်းရေး မဖြစ်လာဘူး။

မငြိမ်းချမ်းသေးတဲ့ဒေသတွေမှာ ငြိမ်းချမ်းရေးရရင် ပညာရေးကို ဦးစားပေးသင့်ပါတယ်။

အမှန်တကယ် အခမ်းအနား ရုပ်ပြလုပ်တာထက် အမှန်တကယ် ငြိမ်းချမ်းရေးကို ဖြစ်စေချင်ပါတယ်။ ကျနော်တို့က အခမ်းအနားပဲ သရုပ်ပြပဲ လုပ်ပြပြီးတော့ ငြိမ်းချမ်းရေး ဖိုရမ်တွေလုပ်ကြတယ်။ အမှန်တကယ်က တိုင်းရင်းသားဒေသမှာ မငြိမ်းချမ်းနိုင်သေးဘူး။ အဲ့ဒါကြောင့် မို့လို့အခမ်းအနားကို ကျင်းပမယ့်အစား အမှန်တကယ် ငြိမ်းချမ်းရေး ကို တစိုက်မတ်မတ်လုပ်စေချင်တယ်။ ငြိမ်းချမ်းရေး အခမ်းအနား လုပ်ရုံနဲ့ ငြိမ်းချမ်းရေး ရတယ်လို့ပြောလို့မရဘူး။

ငြိမ်းချမ်းရေး နေ့ ကို ဖြတ်သန်းခဲ့တာ မနည်းတော့ပါဘူး။ကျနော်တို့ မြန်မာနိုင်ငံမှာ အခုထိ မငြိမ်းချမ်းနိုင်သေးဘူး။ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ မငြိမ်းချမ်းနိုင်သေးဘူး။ ဒါတွေကို ကျနော်တို့အမြန်ဆုံး ကျော်ဖြတ်နိုင်ဖို့က လက်နက်ကိုင် အဖွဲ့အစည်းတွေ ကိုယ့်အတ္တကို ဦးစားမပေးဘဲ တိုင်းရင်းသား ပြည်သူလူထုကို ကြည့်ရှု့ပြီး ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့အကောင်အထည်ဖော်စေချင်ပါတယ်။

မိုင်းမျိုးအောင်

တအာင်း(ပလောင်) ဥပဒေ အထောက်အကူပြု အဖွဲ့ တာဝန်ခံ

ထာဝရ ငြိမ်းချမ်းရေးအတွက် စစ်ပွဲတွေရပ်‌ပေးကြပါ

သျှမ်းပြည် မြောက်ပိုင်း လားရှိုး မှ အမျိုးသမီး အရေး တက်ကြွလှုပ်ရှားသူ နန်းစံပယ်

အပြန်အလှန်နားလည်မှု၊ ယုံကြည်မှု၊ စည်းလုံးညီညွတ်မှု မတည်ဆောက်နိုင်ခဲ့တဲ့ အတွက် ဖြစ်ပွားလာခဲ့တဲ့ စစ်ရေးပဋိပက္ခတွေ‌ကြောင့် နှစ်‌ပေါင်းများစွာ ကျမတို့ တိုင်းပြည်ဟာ အဖက်ဖက်က ယိုယွင်းပြီး ချွတ်ခြုံကျဆင်းရဲမွဲ‌တေလာခဲ့ ကြပါတယ်။

အချိနမှီပြန်လည်ကုစားဖို့၊ ရင်ကြားစေ့ဖို့အတွက် ယုံကြည်မှုရှိသော အရပ်ဖက် ၊ စစ်ဖက် ဆက်ဆံရေးပြန်ကောင်းဖို့ အရေးတကြီးလိုအပ်နေပါပြီ။

စစ်မက်ပဋိပက္ခရဲ့ အကျိုးဆက်ကြောင့် ကျမတို့ရဲ့ လုံခြုံမှု၊လွတ်လပ်မှု ကို ပိုမိုအကန့်သတ်ဖြစ်လာစေပါတယ်။

လူ့ဂုဏ်သိက္ခာ နဲ့ ရသင့်တဲ့အခွင့်အရေးတွေ တန်းတူညီမျှ မရရှိစေတာမျိုး ရှိလာတဲ့အတွက် ဒီစစ်ပွဲ‌တွေက ကျမတို့ တိုင်းရင်းသားပြည်သူတွေကို ထိခိုက်နစ်နာစေပါတယ်။

စက်တင်ဘာ ၂၀ ရက်နေ့မှာ ညီနောင် မဟာမိတ်(၃) ဖွဲ့ရဲ့ တစ်ဖက်သတ်အပစ်ရပ်‌ကြေငြာမှုကို ကြိုဆိုပါတယ်။

မနက်ဖြန်မှာလည်း တပ်မတော်ရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းမှုတခုခုကြားရဖို့ ကျမတို့ပြည်သူတွေက မျှော်လင့်နေပါတယ်။

ထာဝရ ငြိမ်းချမ်းရေးအတွက် စစ်ပွဲတွေရပ်‌ပေးကြပါ။ စားပွဲဝိုင်းမှာပဲ ယုံကြည်မှုတည်ဆောက်ပေးကြပါ။ ဖွဲ့စည်းပုံပြင်ဆင်ရာမှာ ပြည်သူကို ဗဟိုပြု၍ ‌စေတနာအပြည့်အဝထား၍ဆွေးနွေးပေးကြပါ။ ပြည်သူမျော်လင့်တဲ့ အစိုးရကောင်းတရပ်ဖြစ်ဖို့ ၊ ပြည်သူတွေရဲ့ အသက်၊အိုးအိမ်၊စည်းစိမ် တင်မက ပြည်သူတွေရဲ့ လွတ်လပ်မှု၊လြုံခုံမှုကို ကိုယ်ကျိုးမဖက်ပဲ အစွမ်းကုန် ကာကွယ်စောင့်ရှောက်ပေးကြပါ။ သာတူညီမျှမှု၊တရားမျှတမှုရှိသော လူ့အဖွဲ့အစည်းဖြစ်ဖို့ အားလုံးဝိုင်းဝန်းပေးကြဖို့ တောင်းဆိုပါတယ်။

နန်းစံပယ်

သျှမ်းပြည် မြောက်ပိုင်း လားရှိုး အမျိုးသမီးများအရေး တက်ကြွဆောင်ရွက်နေသူ

 

ငြိမ်းချမ်းရေးကို အသစ်ကနေပြန်စပြီး လူထုကနေဘဲအဓိက ဦးဆောင်သွားတဲ့ဟာမျိုးဖြစ်စေချင်

ပအိုဝ်းလူငယ်အဖွဲ့ PYO အထွေထွေအတွင်းရေးမှူး ခွန်ဦး

ငြိမ်းချမ်းရေးခရီးတော့ မစရသေးဘူးလို့မြင်တယ် ။

ဘာလို့လဲဆိုတော့ တိုက်ပွဲတွေဖြစ်နေတုန်းဘဲ ။ တဖက်ကလည်း လယ်ယာမြေ သိမ်းဆည်း ခံရတဲ့ပြဿနာတွေရှိနေသေးတယ်။ စစ်ကြောင့် စစ်ဘေးရှောင် ကိစ္စတွေ ရှိနေတယ်။ သယံဇာတတွေထုတ်တဲ့ကိစ္စရပ်တွေလည်းရှိနေတယ်။  လူ့အခွင့်အရေးချိုးဖောက်မှုကိစ္စရပ်တွေက တွဲပြီးပါလာမယ့်ကိစ္စရပ်တွေပေါ့။  အဲတာကြောင့်ငြိမ်းချမ်းရေးခရီးက တော်တော့ကိုဝေးနေဦးမယ်။

ငြိမ်းချမ်းရေးရအောင်ဆိုရင်တော့ နည်းလမ်းတွေကအများကြီးရှိတယ်။ တကယ်တော့နည်းလမ်းက ပြဿနာမဟုတ်ဘူး။ ပြသနာက တကယ်လုပ်ချင်တဲ့စိတ်ဆန္ဒမရှိတာ။ Political will နိုင်ငံရေးဆန္ဒပြည့်ပြည့်၀၀ မရှိဘူးဆိုရင်တော့အဲတာ အဓိကပြဿနာပေါ့။ ဒါကြောင့် တကယ်လုပ်ချင်လား တကယ်ဖြစ်ချင်လား ဆိုတဲ့ဟာ။

အကျိုးအမြတ်အပေါ်မူတည်ပြီးတော့မှဘဲ အကျိုးခံစားခွင့်ပေါ်အခြေခံပြီးတော့ အာဏာအပေါ်အခြေခံပြီးတော့မှ လုပ်နေရင်တော့ ငြိမ်းချမ်းရေးတော့ ရမှာ မဟုတ်ဘူး။ နောက်တခုက လက်ရှိ ရေတို ရေလတ် ရေရှည်လုပ်ငန်းစဉ် တွေနဲ့ ထားဖို့တော့လိုတာပေါ့။

လက်ရှိ  NCA နဲ့သွားနေကြတာကိုကြည့်ရင် တပ်ရဲ့ပါဝင်မှုအခန်းကဏ္ဍနဲ့ ဆုံးဖြတ်နိုင်စွမ်းက ပိုများနေတယ်။ အဲ့တော့ ရှေ့ဆက်သွားဖို့က အဆင်မပြေဘူး။ အခက်အခဲတွေကြုံနေတော့ ဒီတခါကျရင်တော့ NCA တို့ဘာတို့ညာတို့ကို ခေါက်ရင်ခေါက်ထားရမယ်လို့တော့မြင်တယ်။

ဆိုတော့ဘာနဲ့သွားရင်ကောင်းမလဲဆိုတဲ့မေးခွန်းအရ အသစ်ကနေပြန်စပြီး လူထုကနေဘဲအဓိက ဦးဆောင်ပြီးသွားမယ်ဆိုတဲ့ဟာမျိုးကို လူထုကနေပြန်ပြီး တော့ ရွေးချယ်တဲ့ပုံစံမျိုးနဲ့ ဆက်သွားရင်တော့ကောင်းတာပေါ့။ ဒါလောလောဆယ်မြင်မိတဲ့ထွက်ပေါက်ပါ။

ခွန်ဦး

ပအိုဝ်းလူငယ်အဖွဲ့ PYO အထွေထွေအတွင်းရေးမှူး

 

ကျနော်တို့ တိုင်းပြည်မှာ  ငြိမ်းချမ်းရေး တကယ်မရှိသေးဘူး

လားရှိုး အခြေစိုက် သျှမ်းမြောက်ပိုင်းလူငယ်အဖွဲ့ ခေါင်းဆောင် စိုင်းဟန်

ကျနော်က ပြောချင်တာကတော့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကလည်း တနှစ်ပြီး တနှစ် ရောက်ရှိလာတယ်။

ဒါပေမယ့် လက်ရှိ အခြေအနေမှာတော့ ဘာမှ မပြောင်းလဲလာဘူး။ ငြိမ်းချမ်းရေး ကတော့ ကျနော်တို့ တိုင်းပြည်မှာ ဘယ်လို ပြောရမလဲဆိုတော့ တကယ် ငြိမ်းချမ်းရေး မရှိဘူး။

 

လက်နက်ကိုင် အဖွဲ့ အစည်းအားလုံး မြန်မာ့တပ်မတော် အနေနဲ့ တိုက်ပွဲတွေ လျှော့ချဖို့ ပြောချင်တယ်။ သေနတ်တွေချပြီး စားပွဲပေါ် မှာ ဆွေးနွေးစေချင်တယ်။ လက်နက်တွေနဲ့ အပြန်အလှန်ချနေမယ်ဆိုရင် တိုက်ပွဲက ပြီးမမဟုတ်တဲ့အပြင် ပြည်သူလူထုတွေကလည်း ဒုက္ခအရမ်းရောက်တယ်။

စိုင်းဟန်

လားရှိုး အခြေစိုက် သျှမ်းမြောက်ပိုင်းလူငယ်အဖွဲ့ ခေါင်းဆောင်

 

ငြိမ်းချမ်းရေးကို ထုတ်ပြန်ကြေငြာချက်တွေထဲကအတိုင်းလုပ်ရင်ပိုပြီးတော့ ဝမ်းမြောက်ဝမ်းသာကြိုဆိုမှာ

ကွတ်ခိုင် အေခြစိုက် အမျိုးသမီး အရေး၊ လူ့အခွင့်အရေး ဆောင်ရွက်သူ မမိုင်းမိုင်

ညီနောင် မဟာမိတ်(၃)ဖွဲ့ က တဖက်သတ် အပစ်ရပ် ထပ်တိုးတယ်ဆိုတဲ့ ထုတ်ပြန်ချက် ထုတ်လာတယ်။ မြန်မာ့တပ်မတော် အနေနဲ့ အပစ်ရပ် ထပ်ထုတ်ပြန်မယ်ဆိုရင်လည်း ကြိုဆိုတယ်ဆိုတဲ့ဟာမျိုးတွေ တွေ့ရပါတယ်။

ငြိမ်းချမ်းရေးနေ့ မှ တရက်တည်း မဟုတ်ဘဲ သျှမ်းမြောက် ဒေသ အတွက်ရော မြန်မာနိုင်ငံငြိမ်းချမ်းရေး ပတ်သက်ပြီး ကြိုဆိုပါတယ်။

ဒါပေမယ့် လက်တွေ့ မြေပြင်ပေါ်မှာ ထုတ်ပြန်ချက် အရ အပစ်ရပ်တယ်လို့ပြောပေမယ့် မြေပြင်မှာတော့ ယုံကြည်လို့ မရတဲ့ စစ်ရေး လှုပ်ရှားမှုတွေက မြင်နေရတယ်။

တဖက်ကလည်း စိုးရိမ်မှုတွေရှိသလို တဖက်ကလည်း တကယ် အပြုသဘော ဆောင်ပြီးတော့ ဝမ်းသာတယ်။ အပြည့်အဝ မဝမ်းသာနိုင်သေးဘူး။ အပြည်ပြည် ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာပဲ ထိတွေ့မှုတွေဖြစ်လာမလား ဆိုတာ စိုးရိမ်နေရတယ်။

မြန်မာ့ တပ်မတော် ဘက် ကနေ ထုတ်ပြန်ထားတာ စက်တင်ဘာ ၂၁ရက်နေ့ ထိတဖက်သတ် စစ်ရေး ရပ်ဆိုင်းတယ်ဆိုတာ။ ဒါပေမယ့် ၂၁ရက် မတိုင်ခင် ထိ တိုက်ပွဲက ရှိနေတုန်းပါပဲ။

ဒီမှာနေရတဲ့သူတွေကတော့ ကျီးလန့်စာ စားနေရတယ်။ ပြည့်ဝတဲ့ ငြိမ်းချမ်းရေးကို ရရှိဖို့ အတွက်ဆိုရင် နှစ်ဦး နှစ်ဖက် က တကယ်ကို လူသားဆန်စွာနဲ့ တကယ်ကို ငြိမ်းချမ်းရေးကို လိုလားရင် ထုတ်ပြန်ချက်တွေထဲကအတိုင်းလိုက်  ပြီး ပြုလုပ်မယ်ဆိုရင် ပိုပြီးမှ ဝမ်းမြောက်ဝမ်းသာနဲ့ ကြိုဆိုမှာပါ။

ကျမတို့ ပြည်သူအနေနဲ့ ဆွေးနွေးပွဲလုပ်တဲ့ အချိန်တိုင်း နိုင်ငံတကာကို အသိသက်သေ ထားသလို စစ်ရှောင်တွေ တဲ့သူတွေ စစ်ပွဲ ဖြစ်ပွားတဲ့ ဒေသက လူတွေကို သက်သေ အဖြစ်ထားဖို့ တောင်းဆိုချင်တယ်။

ဘယ်သူက စစ်ရေး အရ ဖြစ်တယ်ဆိုတာ ကွင်းမှာရှိတဲ့သူက ပိုသိတယ်။ ဒီယန္တရားကို လက်တွေ့အကောင်အထည်ဖော်နိုင်မယ်ဆိုရင် အပစ်ရပ် စောင့်ကြည့် အဖွဲ့ မှ အရပ်သားတွေ ထားရင်ပိုကောင်းတယ်။ ငြိမ်းချမ်းရေး စကားပြောတဲ့အချိန်မှာ စစ်ရှောင် ဖြစ်ဖြစ်၊ စစ်ဖြစ်တဲ့ နေရာကပြည်သူတွေကို ကိုယ်စားပြု နိုင်တဲ့သူ ကို ထားပြီးဆွေးနွေးရင် ပိုပြီး ငြိမ်းချမ်းရေး ရနိုင်မယ်လို့ထင်ပါတယ်။

မိုင်းမိုင်

ကွတ်ခိုင် အခြေစိုက် အမျိုးသမီး အရေး၊ လူ့အခွင့်ရေး ဆောင်ရွက်နေသည့် ကချင်တိုင်းရင်းသူ

 

ကျနော့်စိတ်ထဲမှာ ငြိမ်းချမ်းရေး အရမ်းမြင်ချင်တယ်

သျှမ်းအဆိုတော် စိုင်းဆိုင်ဖွန်

နှစ်ပေါင်း ၆၀ ကျော်ကြာလာတဲ့ စစ်ပွဲ ကျနော်တို့မူဆယ်မှာလည်း မနက်ဖန်ကျရင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ပြုလုပ်ပါမယ်။ ကျနော် အဲ့မှာ သီချင်း သွားဆိုပါမယ်။

ကျနော့်စိတ်ထဲမှာ ငြိမ်းချမ်းရေး အရမ်းမြင်ချင်တယ်။

နှစ် ၆၀ကျော် စစ်ပွဲတွေဖြစ်လာတဲ့ ပြီး လူတွေ လည်း ဒုက္ခရောက် ထွက်ပြေးနေရတယ်။ ကျနော်အနေနဲ့ စစ်ရှောင်တွေကိုလည်း အမြန်အိမ်ပြန်နိုင်ဖို့ဆုတောင်းတယ်။ နောက် ထပ် စစ်ရှောင်တွေ မရှိဖို့လည်း ဆုတောင်းပါတယ်။

ငြိမ်းချမ်းရေး အတွက် အမြန်ဆုံးလိုချင်ပါတယ်။ ငြိမ်းချမ်းရေး ရရင် ပြည်သူတွေလည်း ဒုက္ခမရောက်တော့ဘူးပေါ့။

စိုင်းဆိုင်ဖွန်

သျှမ်း အဆိုတော်

 

ငြိမ်းချမ်းရေးအဖြေရှာရာမှာ စစ်ကြောင့်ခံစားရတဲ့သူတွေပါဝင်ခွင့်မရှိရင်

ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေး ဖြစ်ဖို့အလှမ်းဝေးတယ်

နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ က အသိအမှတ်ပြုတဲ့ နေ့တနေ့ဖြစ်တယ်။ ဒါပေမယ့် ကိုယ့်နိုင်ငံ မှာ အထူးသဖြင့် သျှမ်းပြည်နယ်၊ ကချင်ပြည်နယ် နဲ့ ရခိုင်ပြည်နယ် တွေမှာဆိုရင် တိုက်ပွဲတွေဖြစ်တယ် ငြိမ်းချမ်းရေး ကို မရရှိ မခံစားရဘူး။ အမြဲတမ်း ထွက်ပြေးနေရတယ်။ အမြဲတမ်းပဲ ကြောက်စိတ်တွေရှိနေရတယ်။

သျှမ်းအမျိုးသမီး ရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေး အသင်း မှ နန်းခမ်းအွန်

စက်တင်ဘာ ၂၁ ရက် နိုင်ငံတကာငြိမ်းချမ်းရေး နေ့မှာ စစ်ပွဲတွေ မဖြစ်စေချင်ဘူး။ ပြည်သူလူထုတွေ တကယ် ငြိမ်းချမ်းရေး ရဲ့အနှစ်သာရ ကို ခံစားစေချင်ပါတယ်။

ကျမတို့ အမျိုးသမီး အဖွဲ့အစည်းအနေနဲ့ ငြိမ်းချမ်းရေး နေ့မှာ သမျိုးသမီး ဖိုရမ် နှစ်တိုင်း ကျင်းပနေတာက ကျမတို့ အနာဂတ် ငြိမ်းချမ်းရေး တကယ်ဖြစ်လာဖို့ အမျိုးသမီး အသံတွေ၊ အမျိုးသမီး ပါဝင်မှုတွေ ရှိစေချင်တယ်။

စစ်ပွဲတွေဖြစ်တဲ့နေရာတွေမှာ ခေါင်းဆောင်တွေ ပါဝင်ပတ်သက်တဲ့သူတွေအများအားဖြင့် က အမျိုးသားတွေဖြစ်တယ်။

နောက်ပြီး အခု ဆိုရင် နိုင်ငံရေး စကားဝိုင်း၊ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ဆွေးနွေးနေတဲ့ ခေါင်းဆောင်ပိုင်းတွေကလည်း အမျိုးသားတွေပါပဲ။ တကယ်တော့ စစ်ပွဲဖြစ်ရင် ခံစားရတာ ကျမ တို့ အမျိုးသမီးတွေ ပြည်သူလူထုတွေ ခံစားရတယ်။ အဲ့ခံစားတဲ့သူတွေ က အဖြေရှာတဲ့နေရာမှာ မပါဝင်ခဲ့ဘူးဆိုရင် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ဖြစ်လာဖို့ ကအလှမ်းဝေးတယ်။

နိုင်ငံတကာ ငြိမ်းချမ်းရေး နေ့ အခမ်းအနားတွေ နှစ်တိုင်းကျင်းပ လို့ စစ်ပွဲတွေ ရပ်တန့်မယ်ဆိုတာ တော့ မဖြစ်နိုင်ပါဘူး။

ကျမတို့ လုပ်နေတာက ငြိမ်းချမ်းရေးအသိ ကို ကျမတို့ လိုလားတယ်။ လိုအပ်တယ်။ ဒီအခုချိန်မှာ ဆို ရင် ငြိမ်းချမ်းရေး ကို ကျမတို့ ပြည်သူလူထုတွေ အမျိုးသမီးတွေ မခံစားရဘူး။ ကျမတို့အသိအမှတ်ပြုတယ်။ လိုလားတယ် ကြောင့် ကျမတို့လုပ်တယ်။

နိုင်ငံရေး အဖြေရှာတဲ့နေရာမှာရော ငြိမ်းချမ်းရေး ဖြစ်စဉ်မှာရော အမျိုးသမီးတွေ ပါဝင်စေချင်တယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ သူတို့ (အမျိုးသမီးတွေ) ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ ခြိမ်းခြောက်မှုတွေ ဘယ်လို ဖြေရှင်းနိုင်မလဲ။ လိုအပ်ချက်တွေ ဘာတွေရှိလဲ ဆိုတာ ဖြည့်ဆည်းနိုင်မှ ကျမတို့ ငြိမ်းချမ်းရေးကို ခံစားလာမယ်။

 

နန်းခမ်းအွန် (ကွန်ယက် ချိတ်ဆက်ခြင်းဆိုင်ရာ တာဝန်ခံ)

သျှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေး အသင်း (SWAN)

 

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE