Friday, April 26, 2024

မိုးနဲမြို့အဝင် ကြာဖူးတိုင်အားအသစ်ပြန်လည်ပြုပြင်ဆောက်လုပ်ပြီးစီး အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်သရဇ္ဇာယ်

Must read

သျှမ်းပြည်တောင်ပိုင်း မိုးနဲဒေသခံများ၏ သမိုင်းဝင်အမွေအနှစ်ဖြစ်သော မြို့အမှတ်အသား ကြာဖူးတိုင်အား ပြန်လည်ပြုပြင်မွမ်းမံပြီးစီးပြီဖြစ်ရာ မြို့နယ်သံဃာတော်များက မင်္ဂလာဘိသိက်ဆောင် ရေစက်သွန်းချအလှူပြုကြကြောင်းသိရသည်။

Photo Credit to Sai Mg Gyi- ကြာဖူးအသစ် ဆောက်လုပ်ပြီးစီး

စက်တင်ဘာလ ၁၃ ရက် တော်သလင်းလပြည့်နေ့ ယနေ့မနက်ပိုင်း က သံဃာတော်များဦးဆောင်သည့်ရပ်မိရပ်ဖများ ၊ ဂေါပကများ၊ ဒေသခံများ ၁၅၀ ခန့်က ကြာဖူးတိုင်နေရာတွင် မင်္ဂလာဘိသိက်ရွတ်ကာ ရေစက်ချခဲ့ကြကြောင်း မိုးနဲမြို့သမိုင်းဝင်အမွေအနှစ်မြတ်နိုးသူ လူငယ်ခေါင်းဆောင်စိုင်းမောင်ကြီးက သျှမ်းသံတော်ဆင့်အားပြောသည်။

“အောင်မြင်စွာဘဲ ဘိသိက်ပြုခဲ့ကြပါတယ်။ သံဃာတော် ၆ ပါးရယ် ။ နားလင်းကျောင်းတိုက်က ဒကာတွေရယ်၊မြို့နယ်အုပ်ချုပ်ရေးပိုင်းက ကော်မတီဝင်ပုဂ္ဂိုလ်တချို့ရယ်၊ ဂေါပကနဲ့ ရပ်မိရပ်ဖတွေ၊ သျှမ်းစာပေယဉ်ကျေးမှုကော်မတီရယ် စုစုပေါင်း ၁၅၀ လောက် ပရိတ်ရွတ် မင်္ဂလာယူအခမ်းအနားကို တက်ရောက်ကြပါတယ်။ နားလင်း ၊ ၀မ့်ကျိုင်းရွာက ဒေသခံ ကျောင်းဒကာတွေက အခမ်းအနားအတွက် ဝေယျာဝစ္စပြု ကာယကုသိုလ်ယူကြပါတယ်ခင်ဗျ ။ ”- ဟု စိုင်းမောင်ကြီးကပြောသည်။

Photo Credit to Sai Mg Gyi- ကြာဖူးတွင်ပရိတ်ရွတ်မင်္ဂလာယူရန်အတွက် ဒေသခံများပြင်ဆင်

ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့က မိုးနဲမြို့၏သမိုင်းဝင် မြို့အမှတ်အသားတခုဖြစ်သော စော်ဘွားများရှေးဟောင်းလက်ရာ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ မြို့မြောက်ဘက်မျက်နှာစာ အဝင် ကြာဖူးတိုင်အား လင်းခေးဘက်မှာလာသည့် နမ့်စန်မြို့ ၉၃၁ တပ်က ဦးညွန့်ဝေ မောင်းနှင်လာသည့်စစ်ကားက ၀င်တိုက်သဖြင့်ကြေမွပျက်စီးသွားခဲ့သည်။

Credit to- A Shin Nyarnadaza- ကြာဖူးတိုင်အား ဇွန်လက နမ့်စန်တပ်မှကားတစီးဝင်တိုက်စဉ်

ပျက်စီးမှုများအား ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ရန်အတွက် နမ့်စန်တပ်မှ ကုန်ကျစရိတ်တာဝန်ယူကာ မိုးနဲမြို့ခံ များက ဆောက်လုပ်ခဲ့သည်။

ဆေးသုတ်ပြီးသည်အထိ ဆောက်လုပ်မှုအပြီးအစီး အချိန် ၁ လကြာမြင့်ပြီး မင်္ဂလာဘိသိက်ခံ ပရိတ်ရွတ်အခမ်းအနားပြုလုပ်ချိန်အထိမှာမူ ၃ လခန့်ကြာမြင့်ခဲ့ကြောင်း စိုင်းမောင်ကြီးကပြောသည်။

“ဆောက်လုပ်တာက ၁၀ သိန်းကျော်ကုန်ပါတယ်။ မင်္ဂလာအုတ်မြစ်ချတဲ့နေ့က ဆွမ်းကပ်တာရယ် ဒီနေ့ ဆွမ်းကပ်တာရယ်က ရ သိန်းလောက်ကုန်ကျတယ်လို့သိရပါတယ်။ အဲတာတွေအပြင် မိုးနဲမြို့ထဲမှာရှိတဲ့ သက်တမ်းရှည်ကြာ သမိုင်းဝင်နေရာတွေ ကျောင်းကန်တွေကိုလည်း လှူဒါန်ပေးဖို့အတွက် တိုက်မိတဲ့ ဂျီအီးတပ်က သဘောတူထားပါတယ်။”- စိုင်းမောင်ကြီးက ဆိုပါသည်။

စော်ဘွားကြီးခေတ်ကတည်းက ဆောက်လုပ်ထားသောမြို့အထိမ်းအမှတ် ကြာဖူးတိုင်မှာ   ၂  စုံရှိပါသည်။

Photo Credit to Sai Mg Gyi- ပြုပြင်မွမ်းမံခဲ့သည့်ကြာဖူးတိုင်နှင့် ၁ ကီလိုမီတာခန့်အကွာ တောင်ဘက်ရှိကြာဖူးနောက်တစုံ

ပြန်လည်ဆောက်လုပ်မှု၏ထူးခြားချက်မှာ ကြာဖူးအနီးတဝိုက်တွင် လမ်းအချက်ပြမီးများ၊ အချက်ပြ တိုင်များ စိုက်ထူထားမည်ဖြစ်ကြောင်း ဖြတ်သန်းသွားလာသည့်ယာဉ်များ သတိပြုမောင်းနှင်ရန်အတွက်ဖြစ်ပြီး ကြာဖူးတိုင်အား မခိုက်မိစေရန်ဖြစ်ကြောင်း စိုင်းမောင်ကြီးကထပ်လောင်းပြောကြားသည်။

Credit to- A Shin Nyarnadaza – မတိုက်မိခင်က တွေ့ရသည့် မြို့အဝင်ကြာဖူး

“နှမျောနေပေမယ့် သင်္ခါရတရားကို မလွန်ဆန်နိုင်ဘူးလေ။ ပျက်စီးသွားတဲ့နေရာဟောင်းမှာ ပုံစံဟောင်းအတိုင်းပြန်ဆောက်ထားတယ်ဆိုပေမယ့် မူရင်းနဲ့တော့ဘယ်တူမလဲနော်။” – ဟုဆိုပါသည်။

Leave a Comments

- Advertisement -spot_img

Latest article