Saturday, April 20, 2024

“သျှမ်း/မြောက် တိုက်ပွဲချက်ချင်းရပ်” ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး ပြော

Must read

ဒီကနေ့ စက်တင်ဘာလ ၆ ရက် ၂၀၁၉ ခုနှစ်မှာ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး အင်းစိန်ထောင် ကနေပြန်လည်လွှတ်မြောက်လာခဲ့ပါတယ်။ ကိုအောင်ကိုထွေးဟာ ကလေးစစ်သားဘဝအကြောင်းပြောဆိုရာမှာ တပ်မတော်ရဲ့ဂုဏ်သိက္ခာကိုထိခိုက်ပြောမှုကြောင့် ထောင်ဒဏ် ၂ နှစ်နဲ့ ၆ လ ချမှတ်ခံခဲ့ရပါတယ်။ ဒါကြောင့် ဒီကနေ့ အင်းစိန်ထောင်ကနေလွှတ်မြောက်လာပြီး ထောင်ဘူးဝမှာ ဘဲ သတင်းဌာနများကလာရောက် စောင့်ကြိုမေးမြန်းခဲ့ပါတယ်။ သတင်းသမားတွေကို ကိုအောင်ကိုထွေးက အခုလိုဖြေကြားခဲ့ပါတယ်။

စက်တင်ဘာလ ၆ ရက် ၂၀၁၉ ထောင်ဘူးဝမှာ ဘဲ သတင်းသမားတွေကို ဖြေကြားပေးနေတဲ့ ကိုအောင်ကိုထွေး

မေး။ ။ အကိုရေ ဒီကနေ့လွှတ်မြောက်လာတဲ့ခံစားချက်လေးပြောပါဦး။

ဖြေ။ ။ လွှတ်မြောက်တာကတော့ သိပ်ပြီးတော့ ဘာမှထူးထူးခြားခြားခံစားချက်မရှိဘူး။ ဘာလို့လဲဆိုတော့ ဒီကနေ့အထိ လွှတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေပိတ်ပင်ထားရတယ်ကျနော်တို့နိုင်ငံမှာ ။ အခုချိန်အထိ ဘာမှမရဘူး။ နောက်တခုက တရားဥပဒေရဲ့အထက်မှာ ဘာရှိလဲဆိုတာ အခုချိန်အထိ ကွဲကွဲပြားပြား မသိသေး ဘူး ကျနော်တို့က။ တရားရုံးကနေ တရားသေလွှတ်လိုက်တဲ့အမှုကို ၁၂ ရက်နေ့ ၆ လ ပိုင်းမှာထပ်စွဲတယ် ကျနော့ကို။ ဖွဲ့စည်းပုံအခြေခံစာအုပ်ကိုတက်နင်းတယ်ဆိုတဲ့ကိစ္စကို ဗိုလ်တထောင်တရားရုံးကနေ တရားသေ လွှတ်ထားတာ။ အဲတာကိုထပ်ပြီးတော့ အထက်တရားရုံးကနေထပ်စွဲတယ်။ အမှုကိုအစကနေပြန်စစ်မလို့ပြီး ထပ်စွဲတယ်။ ကျနော်တို့နိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေက တကယ်ကိုဖျက်သိမ်းရမယ့်အနေအထား မှာရှိနေတယ်။ ပြည်သူအတွက်လည်းအသုံးမဝင်ဘူး။ ဘယ်သူ့အတွက်မှအသုံးမဝင်ဘူး။ အသုံးဝင်နေတာ ခရိုနီတွေအတွက် အာဏာရှင်တွေအတွက်ဘဲ။ အဲ့ကြောင့်ဒီဖွဲ့စည်းပုံမရှိမှသာလျင် ကျနော်တို့နိုင်ငံက တရားဥပဒေစိုးမိုးရေး ၊ အားလုံးလက်တွဲညီညီနဲ့တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုသွားလို့ရမှာဖြစ်တယ်။ ဒီဖွဲ့စည်းပုံနဲ့သွားလို့လုံးဝမရဘူးဆိုတာ ကျနော်ဒီနေရာကနေပြောချင်တယ်။

မေး။ ။ ဘာတွေများဆက်လုပ်သွားဖို့ရှိလဲ။

ဖြေ။ ။ လုပ်စရာတွေကအများကြီးရှိတယ်။ ဒါပေမယ့်ကျနော် ဒီနေရာမှာမပြောသေးပါဘူး။

မေး။ ။ ၁၀ စုနှစ်တခုကျော် ထောင်ထဲမှာနေခဲ့ရတယ်ဆိုတော့ အကိုအနေနဲ့ ဘယ်လိုခံစားလဲ။

ဖြေ။ ။ ကျနော် ၁၀ စုနှစ်ကျော်ကျော်ထောင်ထဲမှာနေခဲ့ရတယ်ဆိုပေမယ့် ကျနော်တို့နိုင်ငံကလည်း အတူတူဘဲ ထောင်ကျနေတာဘဲ။ အပြင်မှာနေတာလဲထောင်ကျနေတာဘဲ။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် မရှိဘူး။ ခုချိန်ထိမရှိဘူး။ ထောင်ထဲနေတာလဲဒီအတိုင်းဘဲ။ နိုင်ငံသူနိုင်ငံသားအားလုံးလည်း ထောင်ကျနေ တာဘဲ။ အတူတူဘဲ ဘာမှမကွဲကြဘူး။ အဲတာကိုပြောချင်တယ်ကျနော်။

မေး။ ။ အခု ထောင်ရှေ့မှာဘဲ လွတ်လပ်ခွင့်အကြောင်းကိုပြောတာ ထပ်ပြီးတရားစွဲမှာကိုမကြောက်ဘူးလား။

ဖြေ။ ။ အာ … ကျနော်မကြောက်ပါဘူး ။ ထပ်ပြီးတော့ကျနော့ကိုထောင်ထဲမှာတသက်လုံး ထားလည်း ကျနော်မကြောက်ပါဘူး။  ဒီကနေ့ စစ်ဗိုလ်ချုပ်တွေကိုကျနော်ပြောလိုက်မယ်။ ဘယ်တော့မှ ကျနော်ကြောက် သွားမှာမဟုတ်ဘူး။ ခင်ဗျားတို့ကို ကျနော်ဘယ်တော့မှ ဒူးထောက်မှာမဟုတ်ဘူး။ ကျနော်က စစ်သားသားသမီး။ ကျနော့အဖေက တပ်မတော်က။ ဒီကနေ့ သျှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်နေတဲ့တိုက်ပွဲတွေ ချက်ချင်းရပ်ပါ။ ခင်ဗျားတို့လုပ်နေတဲ့လုပ်ရပ်တွေဟာ စစ်ပွဲမဟုတ်ဘူး။ လုပ်ပွဲဖြစ်တယ်။ အဲ့ကြောင့်မို့လို့ ချက်ချင်းရပ်ပါလို့ ကျနော်ပြောချင်တယ်။ သျှမ်းပြည်နယ်မြောက်ပိုင်းမှာ ကျနော်နေခဲ့တာ။ တိုင်းရင်းသားအားလုံးအတူတကွ ချစ်ခင်ရင်းနှီးစွာနေခဲ့တာ။ ဒီကနေ့တိုက်ပွဲတွေဘာကြောင့်ဖြစ်နေရတာလဲ။ ခင်ဗျားတို့စစ်ခေါင်းဆောင် တွေအကျိုးစီးပွါးအတွက်ဘဲဖြစ်နေတာ။ ပြည်သူအတွက်လည်းမဟုတ်ဘူး။ တိုင်းရင်းသားတွေ အတွက်လည်းမဟုတ်ဘူး။ စစ်ခေါင်းဆောင်သားသမီးတွေ နိုင်ငံခြားမှာကျောင်းတက်နေရတဲ့အချိန်မှာ အောက်ခြေမှာရဲဘော်တွေအသေဆိုးနဲ့သေနေရတယ်။

မေး။ ။ ထောင်ကနေထွက်ပြီးပထမဆုံးအကိုလုပ်ချင်တာကဘာလဲ။

ဖြေ။ ။ ကျနော်လုပ်ချင်တာက တရားဥပဒေစိုးမိုးရေး။ ဒီကနေ့တရားရုံးတွေမှာ အမှန်တရားတွေ ပျောက်ဆုံးနေတယ်။ ဒါကိုကျနော်တို့လုပ်ချင်တယ်။ ဒီအမှန်တရားတွေပျောက်နေတာကလဲ ဒီရာဇဝတ် ကောင်စစ်ဗိုလ်ချုပ်တွေကြောင့်ဘဲ။

ဒီစက်တင်ဘာလဟာကျနော်တို့နိုင်ငံအတွက်အင်မတန်မှာ မင်္ဂလာရှိတဲ့လဘဲ။ ဘာလို့လဲဆိုတော့ ကုမသမဂ္ဂ ကနေ အတည်ပြုတော့မယ်။ စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့စစ်ဗိုလ်ချုပ်တွေကို အတည်ပြုတော့မယ့် လတလဖြစ်တယ်။ ကျနော်လည်းထောင်ကနေလွှတ်တဲ့လ ဖြစ်တယ်။ အဲ့အတွက်ကြောင့် ကုလသမဂ္ဂ ကိုလည်းကျနော်တောင်းဆိုချင်တယ်။ ခလေးစစ်သားနဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံမှာ အများကြီးရှိနေ ပါသေးတယ်။ ကုလသမဂ္ဂဆီကနေထောက်ပ့ံကြေးယူထားတဲ့တပ်  အမေရိကန်ကနေထောက်ပ့ံကြေး တွေယူထားပြီးတော့ မိဘတွေအကြောင်းကြားမှသာလျင်တပ်ကနေထုတ်ပေးတာ။ မိဘတွေ အကြောင်းမကြားဘဲနဲ့ တပ်ထဲမှာ ရှိနေတယ်ကလေးစစ်သားတွေအများကြီးရှိနေတယ်။ အဲ့ကြောင့် ကုလသမဂ္ဂကိုဒီကနေ ပြောချင်တယ်။ ကလေးစစ်သားနဲ့ပတ်သက်တဲ့ ကုလသမဂ္ဂရဲ့ဌာနဆိုင်ရာအဖွဲ့အစည်းတွေ အရာရှိတွေ အကြီးအကဲတွေအနေနဲ့ မြန်မာနိုင်ငံကိုကြည့်ရှုစောင့်ရှောက်ပေးပါလို့ပြောချင်ပါတယ်။

မေး။ ။ အကို ဘယ်လိုမှာချင်ပါသလဲ။

ဖြေ။ ။ ကမ္ဘာကြီးငြိမ်းချမ်းပါစေလို့ကျနော်ပြောချင်တယ်။ စစ်မှန်နဲ့ဒီမိုကရေစီဖြစ်ပါစေ။ စစ်ဗိုလ်ချုပ်တွေ ခရိုနီတွေ စားဖားတွေကျဆုံးပါစေ။ ၂၀၀၈ ဖွဲ့စည်းပုံ အမြန်ဆုံးပြင်ဆင်နိုင်ပါစေ။ တနည်း ဖျက်သိမ်းနိုင်ပါစေ။ ဒီဖွဲ့စည်းပုံနဲ့ အလုပ်မဖြစ်တော့ဘူး။

 

ကလေးစစ်သားဟောင်းဖြစ်သူ ကိုအောင်ကိုထွေးအား ပြီးခဲ့တဲ့ ၂ဝဝ၅ ခုနှစ်၊ အသက် ၁၄ နှစ်အရွယ်မှာ စစ်သားစုဆောင်းရေးတပ်မှ တပ်ကြပ်ကြီးတစ်ဦးကခေါ်ဆောင်သွားတာကြောင့် မိသားစုနဲ့ အဆက်အသွယ်ပြတ်ခဲ့ပါတယ်။ တပ်ကနေထွက်ပြေးမှုကြောင့်ဖမ်းဆီးခံရပြီး ထောင်ချခံရတာ ၂၀၁၇ ခုနှစ်မှ အိမ်ကိုပြန်ရောက်လာခဲ့ပါတယ်။

တပ်မှ ပြန်လွတ်လာပြီးတော့ သူ့ရဲ့ ဘဝဖြစ်စဉ်တွေကို မီဒီယာမှာ အင်တာဗျူးဖြေဆိုဖော်ပြခဲ့လို့ ၂ဝ၁၇ ခုနှစ်၊ သြဂုတ်လမှာ ဖမ်းဆီးခံခဲ့ရပါတယ်။ ကိုအောင်ကိုထွေးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ- ၅ဝ၅ (ခ)ဖြင့် ထောင်ဒဏ် ၂ နှစ်၊ တရားရုံး မထီမဲ့မြင်မှု ပုဒ်မ- ၂၂၈ ဖြင့် ထောင်ဒဏ် ၆ လ ချခံရတာဖြစ်ပြီး စက်တင်ဘာလ ၆ ရက်မှသာထောင်ကနေလွှတ်မြောက်လာခဲ့တာဖြစ်ပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article