တောင်ကြီးလူထုအတွက် အိမ်အထိ ကိုဗစ် အခမဲ့စစ်ဆေးပေးမှုအစီအစဉ်စတင်
SHANCovid-19
စစ်အာဏာသိမ်းကာလ ကိုဗစ်တတိယလှိုင်းပျံ့နှံ့လာချိန် တောင်ကြီးဒေသခံ အများစု အိမ်တွင်း ကျိတ်ကုနေသော ကြောင့် ရောဂါထိန်းချုပ်နိုင်ရန် အခမဲ့ ကွင်းဆင်းစစ်ဆေးသည့်အစီအစဉ် စတင်နေကြောင်းသတင်းရရှိသည်။
အိမ်နေကာလ Stay At Home ကြေညာထားသည့် သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် တစ်လအ တွင်းကိုဗစ် ပိုးတွေ့လူနာ ၂၀၀၀ ကျော်ရှိလာပြီးနောက် ရောဂါပိုး ရှိမရှိကို မရှိဆင်းရဲသားများအတွက် အခမဲ့ ကွင်းဆင်းစစ်ဆေး၊ကုသပေးသည့် Pilot Project အစီအစဉ်စတင်နေကြောင်း တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဆွေက ကပြောပါသည်။
“အဓိကကတော့ မရှိဆင်းရဲသားနဲ့ ရောဂါသွားစစ်ဖို့မတတ်နိုင်တဲ့သူကို ဦးစားပေး စီစစ်သွားဖို့ရှိပါတယ်၊ အိမ်တွင်းကျိတ်ကုတွေများရင် ရောဂါကြောင့် သေဆုံးမှုနှုန်းလည်း မလျှော့နိုင်တော့ဘူးပေါ့၊ အခမဲ့ပဲ စစ်ပေးတာပါ၊ ရောဂါကို ရှာဖွေဖော်ထုတ်ပြီး ကာကွယ်ကုသဖို့အတွက်ပေါ့” – ဟု ဦးအောင်မြင့်ဆွေက ပြောပါသည်။
အဆိုပါ Pilot Project ဖြင့် စစ်ဆေးမှုကို ပြီးခဲ့သည့် ဩဂုတ်လ ၂၃ ရက်မှ စတင်ဆောင်ရွက်နေခြင်း ဖြစ်ပြီး လက်ရှိတွင် လူဦးရေ ၂၈၃၁ ဦးကို စစ်ဆေးပေးခဲ့ရာ ၈၄ ဦးတွင် COVID-19 ပိုး တွေ့ခဲ့ကြောင်း သိရသည်။
တောင်ကြီးမြို့နယ်၌ Stay at Home သတ်မှတ်ပြီးနောက် တစ်လအတွင်း COVID-19 ပိုးရှိသူ ၂၃၆၁ ဦး ထပ်မံ တွေ့ရှိခဲ့ကြောင်းနှင့် ရောဂါကြောင့် သေဆုံးသူမှာလည်း ၁၅၁ ဦးထိ ရှိခဲ့ပြီး Stay at Home သတ်မှတ် ထားမှု ကြောင့် အခြေခံပြည်သူများ၏ စားသောက်ရေး ကြပ်တည်းမှုများလည်း ရှိလာနေသည်။
“စီမံတဲ့ သူတွေက အဖွဲ့အမျိုးမျိုးနဲ့ ရှိနေတော့ ပြည်သူတွေကလည်း ဝေခွဲရခက်ပြီလေ၊ စားဝတ်နေရေး တွေအတွက်လည်း ဝင်ငွေက မရှိနေတော့ သတ်မှတ်ထားတဲ့ စည်းကမ်းတွေအတိုင်း လိုက်နာကျင့်သုံးလို့ မရနိုင်တော့ဘူး“ ဟု စေတနာ့ဝန်ထမ်း တစ်ဦးက ပြောသည်။
Stay at Home ထုတ်ပြန်ထားသည့် တောင်ကြီးမြို့နယ်တွင် ကိုဗစ် – ၁၉ ကူးစက် ပျံ့နှံမှုအား ထိန်းချုပ်နိုင်ရန် အတွက် ပြည်သူများအနေဖြင့် မိမိ အိမ်တွင်း၌သာ နေထိုင်ကာ သတ်မှတ် စည်းမျဉ်းစည်းကမ်းများကို လိုက်နာ ဆောင်ရွက်ရန်နှင့် ကျန်းမာရေး လမ်းညွှန်ချက်များကို စနစ်တကျ လိုက်နာကြရန် သက်ဆိုင်ရာ ဌာနများက နှိုးဆော်တိုက်တွန်းမှု ပြုလုပ်နေလျက် ရှိကြောင်းလည်း သိရသည်။