Wednesday, April 24, 2024

RCSSS/SSAနှင့် TNLA တိုက်ပွဲ ငြိမ်သက်နေသော်လည်း စစ်ရေးတင်းမာနေဆဲ

Must read

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် တအောင်း(ပလောင်) အမျိုးသားလွှတ်မြောက်ရေးတပ်မတော် (TNLA) တို့ ကြား၂ပတ်နီးပါး ဖြစ်ပွားသည့် တိုက်ပွဲ ငြိမ်သက်နေသော်လည်း စစ်ရေး ဆက်လက် တင်းမာနေကြောင်း စုံစမ်းသိရှိရသည်။

RCSS/SSAနှင့် TNLA တို့သည် ၂၀၂၀ ခုနစ် ဒီဇင်ဘာ ၂၅ရက်မှစတင်ဖြစ်ပွားသည့် တိုက်ပွဲသည် ၂ပတ်ကျော်ကြား သည့်အထိ စစ်ရေးဆက်လက်တင်းမာနေပြီး စစ်ရှောင်များ နေရပ်မပြန်နိုင်သေးပေ။

“ဒီနေ့ စစ်ရေးကတော့ ငြိမ်နေသေးတယ်။ နှစ်ဖက် စစ်ရေး ဆက်လက်တင်းမာနေတာတော့ ရှိနေသေးတယ်။ စစ်အင်အားဖြည့်ဆည်းတာတော့ မရှိသေးဘူး” ဟု RCSS/SSA ၏ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး အုမ်ခေး ကသျှမ်းသံတော်ဆင့် ကိုပြောသည်။

နမ္မတူမြို့နယ်ရှိ မန်စံမြို့စစ်ဘေးရှောင်စခန်းမှာ ယမန်နေ့( ဇန်နဝါရီ ၇)ရက်ထိ စစ်ဘေးရှောင် (၂၀) ကျော် ထပ်မံရောက်ရှိလာကြောင်း မန်စံစစ်ဘေးရှောင် ကူညီပေးသည့် ကော်မတီ အဖွဲ့ဝင် လုံးဘဉာဏ် ကပြောသည်။

“နမ္မတူမြို့နယ်ဘက်ကတော့ စစ်ရေးငြိမ်သွားပါပြီ။ ဒါပေမယ့် နှစ်ဖက် စစ်ရေးတင်းမာနေသေးတယ်။ စစ်ဘေးရှောင်တွေလည်း အိမ်မပြန်ကြသေးဘူး။ မနေ့က မန်စံနီးနားဝန်းကျင်က ဒေသခံတွေ မန်စံဘုန်းကြီးကျောင်းကို ၂၀ ကျော်လောက် ထပ်လာကြတယ်” မန်စံစစ်ဘေးရှောင် ကူညီပေးသည့် ကော်မတီ အဖွဲ့ဝင် လုံးဘဉာဏ် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အလားတူ ကျောက်မဲမြို့နယ်တွင်လည်း တိုက်ပွဲများ မဖြစ်ပွားသော်လည်း စစ်ဘေးရှောင်များ နေရပ်သို့ မပြန်နိုင်သေးပေ။

“ကျောက်မဲမြို့နယ်ထဲက တစ်ချို့နေရာတွေတော့ တိုက်ပွဲငြိမ်သွားပါပြီ။ ဒါပေမယ့် မနေ့ကအထိ တော့ဆန် နဲ့ မိုင်းကိုးဘက်မှာတော့ ပစ်ခတ်သံကြားနေရသေးတယ်” ဟု ကျောက်မဲမြို့နယ် နမ့်ခုံး ပရဟိတ အသင်း လုံးစိုင်းကူး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ရှိတော့ဆန်ကျေးရွာအုပ်စု မှာ စစ်ဘေးရှောင် (၁၈၄၆) ရှိပြီး၊ ကျောက်မဲမြို့ပေါ်တွင်လည်း စစ်ဘေးရှောင် (၁၀၀၇) ကျော် နှင့် နမ္မတူမြို့နယ် စစ်ရှောင် (၉၀၀) နီးပါးရှိကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ (ဇန်နဝါရီ ၇ ရက်) တွင်လည်း RCSS နှင့် TNLA တို့ကြား ကျောက်မဲမြို့နယ် တောဖယ်ကျေးရွာအနီး ထင်းရှုး(ဆိုရ်ဂေး) တောင်ပေါ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇန်နဝါရီလ အတွင်း နှစ်ဖက်တိုက်ပွဲပေါင်း (၁၃) ကြိမ်ဖြစ်ပွားခဲ့ကြောင်း TNLA ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article