Friday, April 19, 2024

ဖွံ့ဖြိုးတိုးတက်နေတဲ့ ကနေ့ခေတ်ထဲက ဖွံ့ဖြိုးမှုမရှိသေးတဲ့ ကျမတို့ သျှမ်းရွာ

Must read

မြို့တော်တောင်ကြီးအခြေစိုက်ရာ ခရိုင်အတွင်းက ကတ္တရာလမ်းရဲ့အဆုံးမှာ သျှမ်းရွာနှစ်ရွာရှိပါတယ်။ တပင် ပျော် ကျေးရွာနဲ့ ငှက်သောက်ကျေးရွာ နှစ်ရွာရဲ့အဝင်လမ်းဟာ မြေသားလမ်းဖြစ်ပြီး ချိုင့်ခွက်တွေပေါများလွန်း လှပါတယ်။ ပြောမယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်နေတဲ့ ကနေ့ခေတ်မှာ ဖွ့ံဖြိုးတိုးတက်မှု နောက်ကျနေတဲ့ ကျမတို့ သျှမ်းရွာတွေပဲ ဖြစ်ပါတယ်။

Photo By SHAN / ရွာငံမြို့နယ်ရဲ့ မြောက်ဘက် ၁၇ မိုင်အကွာ တောင်ပေါ်မှာရှိတဲ့ တပင် ပျော် ကျေးရွာနဲ့ ငှက်စောက်ကျေးရွာအသွားလမ်း

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်ရဲ့ မြောက်ဘက် ၁၇ မိုင်အကွာမှာရှိတဲ့ရွာဖြစ်ပြီး မြေသားလမ်းကတစ်တောင် တက်တစ်တောင်ဆင်း လမ်းခရီး ကြမ်းတမ်းခက်ခဲလှပါတယ်။ ဒါပေမယ့် ကျမတို့အဖွဲ့သားတွေ တစ်ယောက်မှ မငြီးငြူပဲ ကျမတို့ သျှမ်းမျိုးတွေနေထိုင်တဲ့ တပင်ပျော်ကျေးရွာ နဲ့ ငှက်သောက်ကျေးရွာ ကို ရောက်ဖို့ အဓိက ဘဲဖြစ်ပါတယ်။ ဒီရွာတွေဟာ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသထဲမှာ ပါ၀င်တယ်။

ကတ္တရာလမ်းဆုံးတာနဲ့ မြေသားလမ်းအစမှာပဲ တောင်တက် တောင်ဆင်းနေတဲ့ ခရီးက ပျော်စရာကောင်းပြီး တောတောင်သာဘာဝတွေ စိမ်းလန်းစိုပြေပေမယ့် မိုးတွင်းကာလ လမ်းတွေချော်ပြီး ရွာအသွားလမ်းမှာတော့ ချိုင့်ဝှမ်းချိုင့်ခွက်တွေ ချောက်တွေနဲ့ ရင်တထိတ်ထိတ်နဲ့ သွားနေရပါတယ်။

Photo By SHAN / ရွာနားရောက်ခါနီး လမ်းတစ်ဝက်မှာ ကျမတို့ စီးလာတဲ့ကား က ဘီးချော်လို့ တောင်ကုန်းမတက်နိုင်

ရင်သပ်ရှုမောဖွယ်စရာကောင်းတဲ့ ခရီးလမ်းတစ်လျှောက် သျှမ်းရိုးမတောင်တန်းတွေပေါ်မှာ လက်ဖက်ပင်တွေ၊ ကော်ဖီပင်တွေ၊ လိမ္မော်ပင်တွေ နဲ့ လူ့စိတ်ကို ဖမ်းစားထားနိုင်တဲ့ ရွာအသွားလမ်း ခရီးပဲဖြစ်ပါတယ်။

မနက် ၅ နာရီ တောင်ကြီးကနေ ထွက်လာတဲ့ ကျမတို့အဖွဲ့ဟာ လူအပြည့် နဲ့ ဆေးဝါးတွေတင်လာတဲ့ ကား ၄ စီး နဲ့ ထွက်လာခဲ့ပါတယ်။ ရွာနားရောက်ခါနီး လမ်းတစ်ဝက်မှာ ကျမတို့ စီးလာတဲ့ကား က ဘီးချော်လို့ တောင်ကုန်းမတက်နိုင်တဲ့အတွက် ရွာသားတွေရဲ့ ကူညီမှုနဲ့ မနက် ၁၀ နာရီ ထိုးခါနီး ရောက်သွားပြီး ရွာသူ/သားတွေ ပြင်ဆင်ပေးထားတဲ့ ဘုန်းကြီးကျောင်းဝန်းအတွင်း ကျန်းမာရေးစစ်ဆေးဖို့ လာရောက်စောင့်နေကြတဲ့ ရွာသားတွေ အများအပြားတွေ့ရှိရပါတယ်။

Photo By SHAN/ ကျန်းမာရေးစစ်ဆေးဖို့ လာရောက်စောင့်နေကြတဲ့ ရွာသားတွေ

ကျန်းမာရေးမကောင်းတဲ့ အဘိုးအဘွားတွေ ကလေး မိခင်တွေ များစွာတွေ့နေရပါတယ်။ တောင်ကြီးနမ့်ခုံးသျှမ်းများပရဟိတ အသင်းမှ နယ်လှည့်ဆေးဝါးကုသပေးတဲ့ အဖွဲ့ ရောက်တာနဲ့ ဆေးပစ္စည်းတွေ သူ့နေရာနဲ့ သူ အစီစဉ်တကျချထားပြီး ဆရာဝန်မကြီး တွေ သူနာပြု တွေ ရှေ့မှာ ရွာသားတွေ တန်းစီပြီး ဆေးကုသမှု အသီးသီး ခံယူနေကြပါတယ်။ ဖျားနာသူ ရှိသလို မျက်လုံး မကောင်းတဲ့သူတွေ များစွာ ရှိပြီး သွေးတိုးသွေးတက်တဲ့သူတွေ ရှိသလို အားနည်းတဲ့သူတွေလဲ များစွာ ရှိပါတယ်။

လမ်းခရီးကြမ်းတမ်းလို့ ရွာမှာ ဆေးပေးခန်းရှိပေမယ့် သူနာပြုတွေ လာရောက် တာဝန်ထမ်းဆောင်တာတွေ မရှိဘူးလို့ ရွာသားတွေ ပြောပြချက်အရ သိရပါတယ်။ ငှက်ဖျားရောဂါဖြစ်နေပေမယ့် ဆေးပေးခန်းမရှိတော့ အိမ်မှာပဲ နေပြီး ဒီလို ပဲနေတယ်လို့ သိရပါတယ်။ကျန်းမာရေးအတွက် အထူးလိုအပ်နေတယ်လို့ ကျမအနေနဲ့ မှတ်ချပြုမိပါတယ်။

“ ကျနော်တို့ရွာက လမ်းခရီး သွားလာမှု ခက်ခဲတော့ သွားရလာရခက်ခဲတယ်။ ဘယ် သူနာပြုမှ မလာချင်ဘူး ကျန်းမာရေးမကောင်းတဲ့ချိန်ဆို ကျတော်တို့ အရမ်းဒုက္ခရောက်တယ်။ ဒီလို ကျန်းမာရေးမကောင်းရင် ဆေးသွားကုဖို့ ၃ နာရီလောက်သွားရတယ်။ ဒီလို မိုးတွင်းဆို ပိုဆိုး လမ်းကလဲချော် ဆိုင်ကယ်နဲ့ သွားလဲ အဆင်မပြေဘူး ” – လို့ ဒေသခံ စိုင်းလုံ ကပြောပါတယ်။

ဖွံ့ဖြိုးမှုနောက်ကျနေသေးတဲ့ ငှက်သောက်ရွာနဲ့ တပင်ပျော်ကျေးရွာ တို့ဟာ လမ်းပန်းဆက်သွယ်ရေး နဲ့ ကျန်းမာရေးဆေးပေးခန်း ခက်ခဲတဲ့အပြင် လျှပ်စစ်မီး နဲ့ သောက်သုံးရေလဲ အခက်အခဲရှိနေသေးကြောင်း သိရပါ တယ်။

“ကျနော်တို့ရွာက ဖွ့ံဖြိုးတိုးတက်မှုအလွန်နောက်ကျနေတဲ့ ရွာဖြစ်ပါတယ်။ တခြားကျေးရွာတွေ လမ်းတွေ လျှပ်စစ်မီးတွေ ရှိပေမယ့် ကျနော်တို့ သျှမ်းရွာ ၂ ရွာပဲကျန်တယ်။ ဘာမှ မရသေးဘူး လျှပ်စစ်မီးတွေ ဆက် သွယ်ရေးတွေ စာသင်ကျောင်းတွေ ဆေးပေးခန်းတွေ အထူးလိုအပ်တယ်။ အစိုးရတွေကိုလဲ တောင်းဆို ချင်တယ်။ တောင်းဆိုထားတာတွေလဲ နှစ်နဲ့ချီပြီး မရဘူး ကျန်တဲ့ ဓနုလူမျိုးတွေနေတဲ့ရွာတွေ အကုန်ရတယ် သျှမ်းရွာ ၂ ရွာပဲ မရသေးတာ” လို့ဒေသခံ စိုင်းလုံ ကပြောပါတယ်။

တပင်ပျော်ကျေးရွာ နဲ့ ငှက်သောက်ကျေးရွာ တို့ဟာ အဓိက ကွမ်းပင် ကွမ်းသီး စိုက်ပျိုးကြပါတယ်။ နှစ်ရှည်ပင်တွေဖြစ်တဲ့ လိမ္မော်ပင်၊လက်ဖက်ပင် နဲ့ ကော်ဖီပင်တွေလဲ စိုက်ပျိုးထားကြပါတယ်။

ရွာသားအများစုက ကွမ်းပင်ကွမ်းသီးကို ဘိုးဘွားလက်ထပ်ကတည်းက စိုက်ပျိုးလာကြပေမယ့် ယခုမှာတော့ သတ္တုတူးဖော်ရေး ကုမ္ပဏီတစ်ခုဝင်လာပြီး နောက်ပိုင်းမှာ သတ္တုသန့်စင်ရည်များကြောင့် ကွမ်းသီးအညှာခိုင်များခြောက်ပြီး အသီးမအောင်ခြင်း၊ ကွမ်းရွက်ပင် အမြောက်အများသေဆုံးခြင်း တွေ ဖြစ်ပေါ်တယ်လို့ သိရပါတယ်။

“အများအားဖြင့် ကျနော်တို့ ရွာ နှစ်ရွာက ကွမ်းပင် ကွမ်းသီးပဲ တွေပဲ အားကိုးကြတယ်။ တကယ်လို့ ကွမ်းပင် ကွမ်းသီး တွေ အလုပ်မဖြစ်ရင် အသက်ဆက်ရှင်ဖို့ မလွယ်တော့ဘူး” – ဆိုပြီး ကွမ်းဝါးရင်း တပင်ရွာသား အသက် ၄၀ ကျော် ရွာသားက ညည်းညူပြောနေပါတယ်။

ရွာတွင်း အိမ်တွေဟာ တစ်အိမ်နဲ့ တစ်အိမ် ဝေးပြီး တောင်ကုန်းတွေပေါ်မှာ နေထိုင်ကြပါတယ်။ သူတို့တွေဟာ သျှမ်းစကားပြောတဲ့အခါ ဓနုသံဝဲပေမယ့် သျှမ်းစကားကိုတော့ ကောင်းမွန်စွာ ပြောနိုင်ပါတယ်။

“နွေရာသီဆို သျှမ်းစာတတ်ချင် သင်ချင်လို့ ကျမတို့ ည ည ဆို အချိန်ပေးပြီး သျှမ်းစာသင်ကြတယ်” – ဆိုပြီး အသက် ၄၀ ကျော် ရွာသူ အမျိုးသမီးတစ်ဦး က ပြောပါတယ်။

တောင်သူလယ်သမားဆိုတဲ့အတိုင်း ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေဟောင်းနွမ်းနေပြီး ခြေတွေ လက်တွေ မှာလဲ အမာရွတ်တွေ အပြည့်ရှိနေပေမယ့် သူတို့ စိတ်ထားလေးတော့ ဖြူစင်ရိုးသားကြပါတယ်။သျှမ်းတို့ရဲ့ ရိုးရာယဉ်ကျေးမှုကိုလဲ သူတို့ မြတ်နိုးထိန်းသိမ်းထားတာကို တွေ့ရပါတယ်။

“ကျမ တို့ရွာမှာတော့ သျှမ်းစာတွေ၊ သျှမ်းအကတွေ သင်တယ်၊ သျှမ်းအိုးစည်တွေလဲ တီးတတ်ကြတယ်” – လို့ ငှက်သောက်ရွာနေ သျှမ်းအမျိုးသမီး နန်းနှင်းဖြူကပြောပါတယ်။

အဲဒီရွာမှာ ကျမတို့ပါ၀င်တဲ့ နမ့်ခုံးသျှမ်းများပရဟိတအသင်းနဲ့ ဝေဠုဝန်ကျောင်းတိုက်က ဆရာတော် သံဃာ တော်တွေ ဦးဆောင်တဲ့အဖွဲ့ဟာ အဲဒီရွာမှာ ပထမဆုံးအကြိမ်အဖြစ် ကုသိုလ်ဖြစ် ဆေးကုသပေးခဲ့ တာဖြစ်ပါ တယ်။ ၂ ရွာပေါင်းကလူထုဟာ လူဦးရေ ရ၀၀ ကျော်ရှိပါတယ်။ ဒါကြောင့် ရေအား မီးအားပေါများလွန်းလို့ ပြည်ပ ကိုတောင်မှ ရောင်းချဖို့စီစဉ်ထားတဲ့ ကျမတို့ သျှမ်းပြည်မှာ ဒီလိုချို့တဲ့နေတဲ့ ကျေးလက်တောရွာ တွေရှိနေသေးတယ်ဆိုတာတော့ မဖြစ်သင့်တော့ပါဘူးလို့ တွေးမိရင်း……….။

Leave a Comments

- Advertisement -spot_img

Latest article