အစိုးရတပ် ချောင်းမြောင်းပစ်ခတ်ခံရမှုကြောင့် ဖျက်ဆီးခံရသည့် ပြောင်းခြံများ၏ ပိုင်ရှင်များအား ကျေနပ်ကြောင်းလက်မှတ်ထိုးခိုင်း

0

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်အုပ်စုဝင် မန်လီရွာတွင် ယမန်နေ့က အဆိုပါရွာစခန်းချ အစိုးတပ်အား အမည်မသိအဖွဲ့မှ ၀င်ရောက်ပစ်ခတ်ပြီးနောက်ပိုင်း တပ်စခန်းအနီးရှိ ပြောင်းခြံများအား တပ်မှထွန်ယက်ဖျက်ဆီးခဲ့ပြီးနောက် ပြောင်းခြံပိုင်ရှင်များအား ကျေနပ်ကြောင်း လက်မှတ် ရေးထိုး ခိုင်းသည်ဟုသိရသည်။

Photo: Sipaw Sai အစိုးရတပ် ပစ်ခတ်ခံရပြီးနောက် မန်လီဒေသခံများ၏ပြောင်းခြံများအား ဘူဒိုဇာဖြင့် ထွန်ယက်ဖျက်ဆီးနေပုံ

“မနေ့က သေနတ်သံထွက်ပြီးတာနဲ့ တပ်နဲ့ကပ်လျက် ပြောင်းခြံ ၅ ခြံထက်မနည်းကို သူတို့ ထွန်စက်ကြီးနဲ့ ချက်ချင်းဝင်ရှင်းလိုက်တာ။ လယ်ရှင်ကိုတောင် အသိပေးချိန်မရဘူး။ ပြောင်းက နောက်တပတ်လောက်ဆိုရင်ချိုးရတော့မှာ။ သူတို့တပ်နားက တတောလုံးတတောင်လုံးကပြောင်းခြံကိုသူတို့ဖျက်မယ်လို့ပြောတော့ ရွာသားတွေနဲ့အုပ်ချုပ်ရေးမှူးတွေတပ်ကိုသွားပြီး တောင်းပန်တော့ ဖျက်တာရပ်သွားတယ်။ ဒါတောင်မှ တပ်ကပြောသေးတယ် ပြောင်းခြံထက်လူ့အသက်က အရေးကြီးတယ် ဒါကြောင့် ဖျက်ရမယ်တဲ့။ ဒီနေ့ပြောင်းတွေအပြီးချိုးပါ့မယ်လို့ကတိပေးမှ လက်ခံတာ။ ဒီနေ့တော့ လယ်ရှင်တွေကို ကျေနပ်ကြောင်းလက်မှတ်ထိုးခိုင်းနေတယ်။ – ဟု မန်လီဒေသခံပြောင်းခြံပိုင်ရှင်တဦးကပြောသည်။

အဆိုပါပြောင်းခြံများသည် မန်လီရွာတရွာလုံးမှဒေသခံများ၏ ပြောင်းခြံများဖြစ်ကြောင်းသိရသည်။
ပျက်စီးသွားသော ပြောင်းခြံများလျော်ကြေးပြန်ရရေးအတွက် လက်ရှိတွင် ကုန်ကျစရိတ်များ မေးမြန်းစုဆောင်းနေကြောင်း၊ ကျန်ပြောင်းခြံများမှာလည်းလက်ရှိတွင်ပြောင်းခူးချိန်မတန်သေးကြောင်း ရပ်ရွာအကြီးအကဲတဦးဖြစ်သည့် လုံးစိုင်းကပြောသည်။

“လက်သည်ကဘယ်အဖွဲ့လည်းဆိုတာတော့ဘယ်သူမှလည်းမသိသေးဘူး။ တပ်ဘက်ကလည်း မပြောဘူး။ အဲ့မတိုင်ခင်ကတော့ လူစိမ်းတယောက် ကိုသူတို့တွေ့တယ်လို့ပြောတယ်။ ဘယ်အဖွဲ့လည်းတော့မသိဘူး”– ဟုလည်း သီပေါလူငယ် စိုင်းခမ်းက ပြောသည်။

နမ့်လန်အုပ်စုတွင်ယခုနှစ်အတွင်း ထိုသို့ချောင်းမြောင်းပစ်ခတ်မှု မကြာခဏ ဖြစ်ပေါ်နေပြီး ပြီးခဲ့သည့် ၃-၄ လကလည်း ဒေသခံလူထုအား ၂ ကြိမ် အစိုးရတပ်သားများအား ၂ ကြိမ်ချောင်းမြောင်းပစ်ခတ်မှုဖြစ်ပွါးခဲ့ကြောင်းသိရပါသည်။

စက်တင်ဘာလ ၁၃ ရက် ယမန်နေ့က မန်လီရွာတွင်စခန်းချ ခမရ ၁၇ အား အမည်မသိအဖွဲ့တဖွဲ့က ၀င်ရောက်ပစ်ခတ်မှုကြောင့်အစိုးရတပ်သားတဦးသေဆုံးပြီး တဦး ဒဏ်ရာရရှိခဲ့သည်။

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here