Saturday, April 20, 2024

အထက်ရဲရွာဆည်ကိစ္စ လူထုသဘောထားအား လျှပ်စစ်၊စွမ်းအင်ဒုဝန်ကြီး လျစ်လျူရှုနေ ဟုဆို

Must read

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်နှင့် ကျောက်မဲမြို့နယ် နမ္မတူမြစ် အထက်ရဲရွာရေအား လျှပ်စစ် စီမံကိန်း အတွက် ဆောက်လုပ်နေဆဲ ရေကာတာမှာ ခိုင်ခံ့မှုမရှိသည့် အရိပ်လက္ခဏာမြင်တွေ့ နေရ သော်လည်း အစိုးရ၏လျှပ်စစ်၊ စွမ်းအင်ဝန်ကြီးဌာန၏ လျစ်လျူရှုမှုပြုနေခြင်းမှ ရပ်တန့်ရန် တာလုံ ဒေသခံများကြေငြာချက် တစောင်ထုတ်ပြန် လိုက်သည်။

ဓါတ်ပုံ- အထက်ရဲရွာ ရေကာတာ အုဋ်မြစ်များ ရေတိုက်စားရုံဖြင့်ပင် ပြိုကျ ပျက်စီး Photo By : တာ့လုံလူငယ်

စက်တင်ဘာလ ၁၁ ရက် ၂၀၁၈ ခု ဒေသခံများ၏ ထုတ်ပြန်ကြေငြာချက်တွင် စက်တင်ဘာလ ၆ ရက် နေ့ က ပြည်ထောင်စုလွှတ်တော်အတွင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဒုဝန်ကြီးမှ ပြည်သူ့လွှတ်တော် အမတ်၏ မေးမြန်းချက်အား ဖြေကြားချက်တွင် ဒေသခံလူထုလက်တွေ့ကြုံတွေ့နေရမှု နှင့် များစွာ ကွာဟမှုရှိနေသော်လည်း ဒုဝန်ကြီးဖြေဆိုသွားမှုမှာ ဒေသခံလူထုအား လျစ်လျူရှုသကဲ့သို့ဖြစ်နေသဖြင့် ရေကာ တာဆက်လက်ဆောက်လုပ်မှုအား ရပ်တန့်ရန် တာ့လုံဒေသခံများက တောင်းဆိုလိုက်ခြင်းဖြစ် သည်။

“ရေကာတာတည်ဆောက်နေမှုဟာ ခိုင်ခံ့မှုမရှိတဲ့အရိပ်လက္ခဏာ သိသာထင် ရှားစွာမြင် နေရတယ်။ အထက်ရဲရွာရေကာတာကို တည်ဆောက်ရင် လူထုကို အန္တရာယ်တည်ဆောက်ပေးနေ တာနဲ့အတူ တူဘဲ။ ဒါကြောင့် အထက်ရဲရွာ ရေကာတာတည်ဆောက်နေမှုချက်ချင်းရပ်တန့်ပေးပါ ” –  ဟု တာ့လုံဒေသခံ နန်းလောင်ခမ်းက သျှမ်းသံတော်ဆင့် အားပြောသည်။

အဆိုပါရေကာတာ တည်ဆောက်ခြင်းနှင့်ပတ်သက်၍ လူထုမှဆန့်ကျင်ကန့်ကွက်ကြောင်း လူထု ၏ ခံစားချက်ကိုထင်ဟပ်ပြီး သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းသန့်ဇင် မှ ပြည်ထောင် စုလွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးတင်ပြခဲ့သည်။

အဆိုပါရှင်းလင်းချက်တွင် ရေကြီးမှုကြောင့် တည်ဆောက်ထားသော ရေကာတာ အုဋ်မြစ်များ    ရေတိုက်စားရုံဖြင့်ပင်  ပြိုကျ ပျက်စီးမှုများအကြိမ်ကြိမ်ဖြစ်သွားခဲ့ကြောင်းပါရှိသည်။

စက်တင်ဘာလ ၆ ရက်နေ့က ပြည်ထောင်စုလွှတ်တော်၌ ဒုဝန်ကြီး ပြန်လည်ဖြေကြားချက်တွင် – အထက်ရဲရွာ ရေကာတာတည်ဆောက်ခြင်းအားဖြင့်  မြန်မာနိုင်ငံအောက်ပိုင်းဒေသ ရေစုန်မြစ်ဝှမ်းတ လျှောက်ရေကြီးမှုပြသနာများဟန့်တားနိုင်- ဟုဆိုကာ ရေကာတာဆက်လက် ဆောက်လုပ်ရန် အခိုင်အမာပြောဆိုပြီး စက်တင်ဘာလ ၁၁ ရက်နေ့တွင်  ရေကာတာများအတွက် ပါလီမန်လွှတ်တော်က အသုံးစရိတ် ထပ်မံအတည်ပြုပေးခဲ့သည်။

“ရေကာတာ တည်ဆောက်ရေးစီမံကိန်းကန်ထရိုက်ရထားတဲ့ Lahmeyer International  ကုမ္မဏီဟာ     လာအို နိုင်ငံက ကျိုးပေါက်တဲ့ ရေကာတာကိုတည်ဆောက်ခဲ့တဲ့ Belgian Company Tractable ENGIE ကုမ္မဏီရဲ့လက် အောက်ခံ ကုမ္မဏီတခုဖြစ်တယ်။ ဒါကြောင့်ကျနော်တို့ ဒါကိုသိရှိထားပြီးတော့ ပိုပြီးစိုးရိမ်ရတာဖြစ်တယ် ”- ဟု သီပေါဒေသခံလူငယ် စိုင်းအိုက် ကပြောသည်။

ဒုဠ၀တီမြစ်ခေါ် နမ္မတူမြစ် ပေါ်တွင် ရေအားလျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်း ဆည် ၅ ခု အနက် မန်းတလေးတိုင်းအတွင်း ၃ ခု တည်ဆောက်ပြီးစီးပြီး သျှမ်းပြည်နယ်အတွင်း တည်ဆောက်ဆဲ ဆည် ၂ ခုရှိသည်။ ကျောက်မဲမြို့နယ် အတွင်းရှိ အထက်ရဲရွာခေါ် တာလုံ ရေကာတာ နှင့် သီပေါမြို့နယ်အတွင်းရှိ မိုးတိမ်ဆည် ခေါ်လီလုဆည် တို့ ဖြစ်သည်။ အဆိုပါဆည်များသည် ဒေသခံများ ကိုးကွယ်ရာ စေတီပုထိုး၊ ကျောင်းကန် ဘုရား များနှင့် ရပ်ရွာနေအိမ် လယ်ယာမြေများ ရေအောက်တို့အများအပြားရောက်သွားမည်ဟု သျှမ်းပြည်နယ်မြစ်ချောင်းအင်းအိုင်စောင့်ကြည့်ရေးအဖွဲ့ က ဆိုသည်။

Leave a Comments

- Advertisement -spot_img

Latest article