Friday, April 19, 2024

သျှမ်း မြောက် နမ္မတူမြို့နယ်တိုက်ပွဲကြောင့် စစ်ရှောင် ၂၂၀၀ ကျော် နေရပ်မှစွန့်ခွါနေရ  

Must read

သျှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ် အတွင်း စတင်ဘာလ မှ စတင်ကာ တအာင်း( ပလောင်) လွတ်မြောက်ရေးတပ်မတော် TNLA နှင့် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA) တို့တိုက်ပွဲဖြစ်ပွားကာ စစ်ဘေးရှောင် ၂၂၀၀ကျော် နေရပ်မှစွန့်ခွါနေရကြောင်း သတင်းရရှိသည်။

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် RCSS/SSA ကြားတိုက်ပွဲများကြောင့် နမ္မတူနှင့်သီပေါသို့ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်

အဆိုပါ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင်များသည် နီးစပ်ရာ သီပေါမြို့ နယ် နှင့် သီပေါမြို့ နယ် အတွင်း သို့ ထွက်ပြေး တိမ်းရှောင်နေကြကြောင်း စစ်ဘေးရှောင် ကူညီကယ်ဆယ်နေသည့် အဖွဲ့များက ဆိုသည်။

စစ်ဘေးရှောင်များသည် သီပေါမြို့နယ် အတွင်း အောင်မင်္ဂလာ ဘိုးတော်ဘုရားကျောင်း တွင် ၃၉၂ ဦး၊ နမ္မတူမြို့နယ် အတွင်း ဘုန်းကြီးကျောင်းများတွင် ၁၈၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

“ နမ္မတူမြို့နယ်မှာတော့ ၁၈၁၄ ယောက်လာတယ်။ အမျိုးသား က ရ၉၉ ဦး အမျိုးသမီးစစ်ဘေးရှောင် ၁၀၁၅ ယောက် ရှိတယ်။ တိုက်ပွဲကလည်း ဆက်ဖြစ်နေတယ်။ စားဝတ်နေရေး ကတော့ ကျနော်တို့ကူညီနေပါတယ်” ဟု     နမ္မတူမြို့နယ် စစ်ဘေးရှောင်များ ကူညီရေး ကော်မတီမှ ဦးစိုင်းဘဉာဏ် က ပြောသည်။

TNLA နှင့် RCSS တို့ ဖြစ်ပွားနေသည့် တိုက်ပွဲသည့် နေ့စဉ် ဖြစ်ပွားကာ စစ်ဘေးရှောင်များလည်း ဆက်တိုက် ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ တိုက်ပွဲ ဆက်တိုက်ဖြစ်ပါက စစ်ဘေးရှောင်များအတွက် နေရပ်ပြန်ရန် ခက်ခဲမည် ဟု ဦးစိုင်းဘဉာဏ်က ပြောသည်။

စက်တင်ဘာ ၁ ရက်နေ့ ညနေပိုင်းတွင်ဖြစ်ပွားသည့် တိုက်ပွဲကြောင့် သေနတ်ထိမှန်သည့် ပန်လုံကျေးရွာ ဒေသခံ ၂ ဦး အနက် တဦး ဖြစ်သည့် အသက် ၅၀ကျော် အမျိုးသားသည် လက်ရှိ အချိန်ထိ ရင်ဘတ် တွင် ထိမှန်သည့် ကျည်မထုတ်ရသေးကြောင်း သီပေါမြို့ နယ်စည်းမခြား လူမှု ကူညီရေး အသင်းမှ ကိုမျိုးက ပြောသည်။

“ သေနတ်ကျည်ထိမှန်တဲ့သူ ၂ယောက်လုံးကို ကျနော်တို့ သွားကယ်ပြီး သီပေါမြို့ ဆေးရုံကိုခေါ်ခဲ့တာ။ လက်ထိမှန်တဲ့တယောက်ကိုတော့ ခွဲစိတ်ပြီးပြီ။ နောက် တယောက်ကိုတော့ အခုထိ မခွဲစိတ်ရသေးဘူး။ မန္တလေး ဆေးရုံ ပို့မယ်လို့ ပြောပါတယ်” ဟု ကိုမျိုးက ဆိုသည်။

သီပေါဆေးရုံတွင် ၄င်းတို့ ၂ ဦးအပြင် ပန်ဟတ်ရွာမှ စစ်ဘေးရှောင် လုံးစိုင်းညွန့်ကလည်း ပန်းနာရင်ကြပ်ရောဂါကြောင့် ဆေးကုသမှုခံယူနေကြောင်း ၊ သီပေါဆေးရုံမှ အခမဲ့ဆေးကုသမှု ပေးခြင်းဖြစ်ကြောင်းသိရသည်။

စစ်ဘေးရှောင်များကို လူမှုကယ်ဆယ်ရေး အဖွဲ့အစည်းများ၊ ရပ်ရွာ ဒေသခံ များ၊ သျှမ်းစာပေယဉ်ကျေးမှု အဖွဲ့အစည်းများက ကူညီထောက်ပံ့ထားကြောင်း၊ စစ်ပွဲများ ထပ်မံရက်ကြာမည်ပါက စစ်ရှောင်များအတွက် စားနိပ်ရိက္ခာ ခက်ခဲနိုင်သည် ဟု ကိုမျိုးက ပြောသည်။

လက်ရှိ နမ္မတူမြို့နယ် အတွင်း မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့၊ RCSS/SSA နှင့် အစိုးရတပ်မတော်တို့ အပြန်အလှန် တိုက်ပွဲဖြစ်ပွားနေသည့် ဒေသ တခုဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article