Thursday, April 25, 2024

တအာင်းတပ်ဖွဲ့မှဖမ်းဆီးသွားသည့်နမ့်ခမ်းမြို့သူ ပြန်လွှတ်ပေးရေးကူညီဆောင်ရွက်ပေးရန် သက်ဆိုင်ရာ သို့ မိသားစုမှ စာရေးသားပေးပို့

Must read

တအာင်း(ပလောင်) လွတ်မြောက်ရေး တပ်မတော် TNLA မှဖမ်းဆီးသွားသည့် နမ့်ခမ်းမြို့သူ နန်းမိုဟွမ်အား အမြန်ဆုံးပြန်လွှတ်ပေးရန် အတွက် ကူညီပေးရန် နန်းမိုဟွမ်၏ မိသားစုဝင်နှင့် နမ့်ခမ်းမြို့ အဖွဲ့အစည်းအသီးမှ လက်မှတ်ရေးထိုးကာ သက်ဆိုင်ရာ သို့ စာရေး တင်ပြထားကြောင်း သတင်း ရရှိသည်။

တအာင်းတပ်ဖွဲ့မှဖမ်းဆီးသွားသည့်နမ့်ခမ်းမြို့သူ ပြန်လွှတ်ပေးရေးကူညီဆောင်ရွက်ပေးရန် သက်ဆိုင်ရာ သို့ မိသားစုနှင့်ဒေသတွင်းအဖွဲ့အစည်းများမှ စာရေးသားပေးပို့

အဆိုပါ လက်မှတ်ရေးထိုးပို့လိုက်သည့် အဖွဲ့များမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံတော် သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ တအာင်း သံဃာတော်များအဖွဲ့၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးရေး ကော်မတီ ( FPNCC ) မြောက်ပိုင်း မဟာမိတ် အဖွဲ့ တို့ကို စာရေး တင်ပြ တောင်းဆို ထားကြောင်း သိရသည်။

“ ကျမ ညီမ နန်းမိုဟွမ် လွှတ်မြောက်အောင် အကူအညီတောင်းတာပါ။ အားလုံးကို တင်ပြထားပါတယ်။ ကျမ ညီမကို အရမ်း စိတ်ပူတယ်။ အမြန်ပြန်လွှတ်ပေးဖို့ ပြောချင်ပါတယ်” ဟု နန်းမိုဟွမ် အမ ဖြစ်သူ နန်းမိုခမ်းက ပြောသည်။

အပြစ်မဲ့ ပြည်သူအား အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းသည် အမျိုးသမီး အပေါ် အကြမ်းဖက်ခြင်း နှင့် လူ့အခွင့်အရေး ချိုးဖောက်ခြင်းဖြစ်ပြီး လူမျိုးပဋိပက္ခ အသွင်းသို့ ဦးတည် ဖြစ်ပွားစေနိုင်ကြောင်း၊ တိုင်းရင်းသား အချင်းချင်း သဟဇာတ ပြစ်မှုကိုလည်း ပျက်ပြားစေပြီး တည်ငြိမ် ငြိမ်းချမ်းသည့်နမ့်ခမ်းမြို့ လည်း တုန်လှုပ်ခြောက်ခြားမှု ဖြစ်ပွားစေသည် ဟု နန်းမိုခမ်း က ပြောသည်။

နန်းမိုဟွမ် ကို TNLA မှ စက်တင်ဘာ ၁၇ ရက်နေ့ မနက် ၈နာရီ ခွဲတွင် ဖမ်းဆီးခေါ်ဆောင် သွားကာ ယနေ့ အချိန်ထိ မိသားစုဝင်များကို တရားဝင် ပြောပြခြင်းမရှိသေးကြောင်း နန်းမိုခမ်းက ထပ်လောင်းပြောသည်။

“ လက်နက်ကိုင် က အခုထိ မိသားစုကို အကြောင်းကြားတာမရှိဘူး။ ကျမ ကတော့ ကျမညီမရဲ့ ကျန်းမာရေးကို စိုးရိမ်တယ်။ သူ့သား၊သမီးတွေကလည်း ငယ်သေးတော့ စိုးရိမ်တယ်။ ကျမ တို့ မိဘတွေ လည်း ညည ဆို အိပ်မပျော်ဘူး” ဟု နန်းမိုခမ်း ကဆိုသည်။

TNLA တပ်ဖွဲ့များသည် နန်းမိုဟွမ်ကို လာရောက်ခေါ်စဉ်တွင် ကလေးများ ရှေ့တွင် သေနတ်ထောက်ခေါ်ဆောင်သွားသဖြင့် ကလေးငယ်များ စိတ်ဒဏ်ရာ ရမည်ကို စိုးရိမ်နေရကြောင်း၊ ကလေးငယ်များလည်း မိခင်ပြန်လာမည့်ရက်ကို စောင့်မျှော်ကာ နေ့စဉ် ငိုကြွေးနေကြသည် ဟု နန်းမိုခမ်း က ဝမ်းနည်းစွာပြောသည်။

နန်းမိုဟွမ် သည် TNLA အကောက်ခွန်ဦးစီးဌာန မှ အကောက်ခွန်ဝန်ထမ်းများ လုပ်ငန်း တာဝန်ထမ်းဆောင်စဉ် ဝန်ထမ်းများ အားအပြင်းထန် ထိခိုက်သေဆုံးသည့်အထိ တာဝန်ဝတ္တရား နှောင့်ယှက်ခဲ့သည့်အတွက် နန်းမိုဟွမ်ကို ရာဇာသတ်ကြီး ဥပဒေ ပုဒ်မ ၃၃၃ ဖြင့် TNLA ဗဟို တရားရုံးမှ အမှုဖွင့်အရေးယူထားကြောင်း စက်တင်ဘာ ၃ရက်နေ့ ရက်စွဲဖြင့် TNLA မှ ထုတ်ပြန်ကြေညာခဲ့သည်။

နန်းမိုဟွမ် ကို စီရင်ချက်မှတ်မည့်နေ့တွင် သူမ ၏ ဆွေမျိုးသားချင်း နှင့် အများပြည်သူများ၏ ရှေ့မှောက်တွင် စီရင်ဆုံးဖြတ်ချက် ချနိုင်ရန် စီစဉ်သွားမည် ဟုလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

နန်းမိုဟွမ်သည် အမျိုးသမီး တဦးဖြစ်ပြီး၊ သား၊ သမီး ၃ဦး မိခင်တဦးဖြစ်သည့်အတွက် အပြစ်မဲ့ သည် နန်းမိုဟွမ်ကို အမြန်လွှတ်ပေးရန် လည်း နမ့်ခမ်း ဒေသခံ ပြည်သူများက ပြောဆိုလိုက်သည်။

Leave a Comments

- Advertisement -spot_img

Latest article